အိန္ဒိယ အကြီးမားဆုံး ဘိလပ်မြေလုပ်ငန်းက ရုရှားကျောက်မီးသွေးဖိုးကို တရုတ်ယွမ်ဖြင့် ပေးချေ


30 June, 2022

အိန္ဒိယ အကြီးမားဆုံး ဘိလပ်မြေလုပ်ငန်းက ရုရှားကျောက်မီးသွေးဖိုးကို တရုတ်ယွမ်ဖြင့် ပေးချေ

အိန္ဒိယ၏ အကြီးမားဆုံး ဘိလပ်မြေထုတ်လုပ်‌ေရးလုပ်ငန်းကြီး UltraTech Cement က ရုရှားကျောက်မီးသွေးများ တင်သွင်း‌ေနပြီး  တရုတ်ယွမ်ငွေဖြင့် ပေးချေနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကုန်သည်များက ရှားရှားပါးပါး ငွေပေးချေမှုနည်းလမ်းလို့ ပြောဆိုနေကြပေမဲ့ သုံးလေ့သုံးထရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

UltraTech က ရုရှားမှ ကျောက်မီးသွေး ထုတ်လုပ်တင်ပို့တဲ့လုပ်ငန်း SUEK ထံမှ ကျောက်မီးသွေး ဆန်ချိန် ၁၅၇,၀၀၀ တင်သွင်းပါတယ်။ ရုရှားအရှေ့ဖျားရှိ Vanino ဆိပ်ကမ်းမှာ ဝမ်းပုံတင်ဆောင်သင်္ဘော bulk carrier MV Mangas က အဆိုပါ ကျောက်မီးသွေးများကို ကုန်တင်ပါတယ်။ ဇွန်လ ၅ ရက် ရက်စွဲဖြင့် ကုန်ဝယ်စာရင်း  invoice တစ်ခု ထုတ်ထားတာမှာ ကုန်စည်တန်ဖိုးကို ယွမ် ၁၇၂,၆၅၂,၉၀၀ လို့ ဖော်ပြထားပါတယ်။ အမေရိကန်ဒေါ်လာ ၂၅.၈၁ သန်း ($1 = 6.6899 yuan)နှင့် ညီမျှတဲ့ ငွေပမာဏ ဖြစ်ပါတယ်။ 

ကျောက်မီးသွေး အရောင်းကို SUEK ရဲ့ ဒူဘိုင်းအခြေစိုက် လုပ်ငန်းခွဲက ဆောင်ရွက်ပေးပါတယ်။ ၎င်းထံမှာ အခြားအိန္ဒိယ ကုမ္ပဏီအချို့တို့ကလည်း တရုတ်ယွမ်ဖြင့် ပေးချေရန် ကျောက်မီးသွေးများ မှာကြားထားကြပါတယ်။ 

ယခုလို ယွမ်ကို သုံးစွဲကြခြင်းဖြင့် ရုရှားကို အနောက်နိုင်ငံများမှ ပိတ်ဆို့အရေးယူထားခြင်းမှ လွတ်ကင်းနေစေပါတယ်။ ထို့ပြင် ယွမ်အတွက် အမေရိကန်ဒေါ်လာ ကြီးစိုးထားတဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ နေရာပိုရလာစေမှာ ဖြစ်ပါတယ်။ 

စင်ကာပူအခြေစိုက် ငွေကြေးကုန်သည်တစ်ဦးက "ဒီအပြောင်းအရွေ့က အရေးပါပါတယ်။ နိုင်ငံတကာကုန်သွယ်မှုအတွက် တရုတ်ယွမ်ငွေဖြင့် ပေးချေတဲ့ အိန္ဒိယကုမ္ပဏီဆိုလို့ တစ်ခုတလေမှ ကျွန်တော့ ကုန်သည်သက်တမ်း ၂၅ နှစ်တာကာလမှာ  တစ်ခါမှမကြားခဲ့ဖူးပါ။ အဲဒီဟာက အခြေခံအားဖြင့် အမေရိကန်ဒေါ်လာကို ရှောင်ကွင်းလိုက်ကြတာပါ" လို့ ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်. 

UltraTech ရဲ့ ရုရှားကျောက်မီးသွေး ဝယ်ယူခြင်းအတွက် ဘယ်ဘဏ်က L/C ( letter of credit ) ဖွင့်ပေးသလဲဆိုတာကိုတော့ မသိကြရပါဘူး။
ယခုလို ယွမ်ဖြင့် ပေးချေနိုင်ဖို့ ကန်ဒေါ်လာကို တရုတ်ပြည်မ သို့မဟုတ် ဟောင်ကောင်ရှိ တရုတ်ဘဏ်ခွဲတစ်ခုခုသို့ ပေးပို့ပြီး ယွမ်ငွေ လဲလှယ်ကာ ပေးချေတာဖြစ်မယ်လို့ ယူဆကြပါတယ်။

MV Mangas က ယခုအခါ အိန္ဒိယနိုင်ငံ ကံဒလာဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားပါတယ်။ 

အနောက်နိုင်ငံများက ရုရှားကို အရေးယူပိတ်ဆို့ထားသော်လည်း အိန္ဒိယနိုင်ငံက ရုရှားထံမှ အဓိကအားဖြင့် ရေနံနှင် ကျောက်မီးသွေးတို့ကို ဆက်လက်တင်သွင်းလျက် ရှိပါတယ်။ 
ရေနံစိမ်းကို အလွန်အမင်းလျှော့စျေးပေးသောကြောင့် အိန္ဒိယရဲ့ ရုရှာရေနံတင်သွင်းမှုများ မကြာသေးမီရက်သတ္တပတ်များအတွင်း မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ အိန္ဒိယအစိုးရက ရုရှားကုန်စည်များ တင်သွင်းမှု ရုတ်တရက် ရပ်တန့်ပါက ကုန်ဈေးနှုန်းများ မြင့်တက်ပြီး အိန္ဒိယ နိုင်ငံသူနိုင်ငံသား စားသုံးသူများကို ထိခိုက်နိုင်တယ်လို့ ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ 


ရုရှားနှင့် ကုန်သွယ်ရေးမှာ အိန္ဒိယက နိုင်ငံသုံးငွေ ရူပီဖြင့် ပေးချေဖို့ နည်းလမ်းရှာဖွေခဲ့ပေမဲ့ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ တရုတ်စီးပွားရေးလုပ်ငန်းများက ရုရှားနှင် ကုန်သွယ်မှုမှာ တရုတ်ယွမ်ကို သုံးခဲ့ကြတာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ 

ယခုတလောမှာ ရုရှားကျောက်မီးသွေးကုန်သည်များရဲ့ အရောင်းအဝယ် အချက်အချာက  ဒူဘိုင်းသို့ ရောက်ရှိလာပါတယ်။ စင်ကာပူနိုင်ငံက အနောက်နိုင်ငံများရဲ့ ပိတ်ဆို့အရေးယူမှုမှာ ငြိစွန်းမှာ စိုးရိမ်မကင်း ဖြစ်တဲ့အတွက် ရုရှားကျောက်မီးသွေးကုန်သည်များက စင်ကာပူမှ ဆက်လက်လုပ်ကိုင်ခြင်း မပြုကြတော့ဘဲ ဒူဘိုင်းမှ လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။ ယခင်က ကျောက်မီးသွေးကုန်သည်များက ရုရှား၊ စင်ကာပူ၊ အိန္ဒိယနှင့် ဒူဘိုင်းတို့မှ လုပ်ကိုင်ကြပါတယ်။၊ 

"ဒူဘိုင်းမှာ ယွမ်ငွေဖြင့် ငွေပေးချေနိုင်တယ်။  သို့မဟုတ် ၎င်းကို ဒေါ်လာဖြင့်လည်း လက်ခံနိုင်တယ်။ သို့မဟုတ် (အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသုံးငွေ ) ဒါဟမ် ကနေ ရူဘယ်သို့ ပြောင်းချင်တယ်ဆိုရင်လည်း ပြောင်းလို့ရတယ်" လို့ ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ ယွမ်ကနေ ရုရှားရူဘဲသို့ ပြောင်းပြီး ရောင်းဝယ်ကြတာက ပိုလွယ်ကူတယ်လို့ ဆိုပါတယ်။ 
 Telegram Channel
https://t.me/Guid4U

Global News Export, Import Banking & Loan Read 6346 times