ရုရှားကျောက်မီးသွေး ကန်ဒေါ်လာ မသုံးဘဲ အန္ဒိယ ဝယ်ယူ


11 August, 2022

ရုရှားကျောက်မီးသွေး ကန်ဒေါ်လာ မသုံးဘဲ အန္ဒိယ ဝယ်ယူ
 

 

  • ယူကရိန်းစစ်ပွဲ စတင်ပြီးသည့်နောက်တွင် အိန္ဒိယသည် ရုရှားကျောက်မီးသွေးတင်သွင်းမှုကို အရှိန်မြှင့်ခဲ့သည်။|
     
  • ဇွန်လ အကောက်ခွန်အချက်အလက်များအရ ယခုအခါ ကန်ဒေါ်လာမဟုတ်သော ငွေကြေးဖြင့်ငွေပေးချေမှုများ ပြုနေကျဖြစ်ကြောင်း သိရသည်။
     
  • တရုတ်ယွမ်၊ ယူအေအီး ဒါဟမ်ဖြင့် ပေးချေသည့် ကုန်သွယ်မှုများ ပိုမိုရေပန်းစားလာသည်။
     
  • ဘဏ်များနှင့် ကုန်သည်များသည် အရေးယူပိတ်ဆို့မှုများကို သတိထားသည့်အနေဖြင့် ကန်ဒေါ်လာကို ရှောင်ရှားကြသည်။

 
အိန္ဒိယကုမ္ပဏီများသည် ရုရှားကျောက်မီးသွေးများ တင်သွင်းမှုအတွက် ငွေပေးချေရာ၌ အာရှငွေကြေးများကို ပိုမိုအသုံးပြုနေကြောင်း အကောက်ခွန်စာရွက်စာတမ်းများနှင့် စက်မှုလုပ်ငန်းသတင်းရင်းမြစ်များအရ သိရသည်။
 
 အမေရိကန် ဒေါ်လာကို ရှောင်ရှားပြီး ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်သည့် အရေးကို ရှောင်ကွင်းကြသည်။
 
 ယခင်က တရုတ်ယွမ်ငွေ သုံးစွဲပြီး ကြီးမားသော ပမာဏဖြင့် ကျောက်မီးသွေး အရောင်းအဝယ် ပြုခဲ့ကြသည်ကို ရိုက်တာသတင်းတွင် ဖော်ပြခဲ့ဖူးသည်။ 
  
အကောက်ခွန်ဌာနများမှ အချက်အလက်များအရ ဒေါ်လာမဟုတ်သော နိုင်ငံသုံးငွေဖြင့် ပေးချေကြခြင်းသည်  သာမန် ပြုနေကျအဖြစ်သို့ ပြောင်းလဲလာပုံကို ဖော်ပြနေသည်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက အိန္ဒိယသည် ရုရှားရေနံနှင့် ကျောက်မီးသွေးဝယ်ယူမှုကို အရှိန်မြှင့်ခဲ့သည်။ ထိုလုပ်ရပ်သည် တစ်ချက်ခုတ် သုံးချက်ပြတ်သည်။
 
ရုရှးအပေါ်  ပိတ်ဆို့အရေးယူမှုများ၏ သက်ရောက်မှုများမှ ရုရှား သက်သာရာ ရစေသည်။
အိန္ဒိယနိုင်ငံအဖို့  ကုန်ကြမ်းပစ္စည်းများကို အခြားနိုင်ငံများမှ ဝယ်ယူသည်ထက် လျှော့စျေးဖြင့် ရုရုားထံမှ ဝယ်ယူနိုင်စေသည့်အပြင် အိန္ဒိယပြည်တွင်းမှာ ရေနံနှင့် ကျောက်မီးသွေး ပြတ်လပ်မှုမှ ကင်းဝေးစေသည်။
 
 ဇူလိုင်လတွင် အိန္ဒိယအဖို့ ရုရှားသည်  တတိယအကြီးဆုံး ကျောက်မီးသွေး ရယူတင်သွင်းသည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ဇွန်လတွင် တင်သွင်းသည့် ရုရှားကျောက်မီးသွေး ပမာဏထက် ဇူလိုင်လတွင် ငါးပုံတစ်ပုံ ပိုမိုတင်သွင်းခဲ့သည်။ တန်ချိန် စုစုပေါင်း ၂.၀၆ သန်း တင်သွင်းခဲ့ပါသည်။
 
 
ဇွန်လတွင် အိန္ဒိယဝယ်လက်များသည် အမေရိကန် ဒေါ်လာမှလွဲ၍ အခြားငွေကြေးများကို အသုံးပြုကာ ရုရှားကျောက်မီးသွေး တန်ချိန် ၇၄၂,၀၀၀ ကို ပေးချေခဲ့သည်။ ထိုလက တင်သွင်းခဲ့သည့် တန်ချိန် ၁.၇ သန်း၏ ၄၄ % နှင့် ညီမျှသည့်ပမာဏ ဖြစ်သည်။
 
အိန္ဒိယသံမဏိထုတ်လုပ်သူများနှင့် ဘိလပ်မြေထုတ်လုပ်သူများသည် ရုရှားကျောက်မီးသွေးကို ဝယ်ယူခဲ့ကြသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ဝယ်ယူခဲ့ကြသည့် ကျောက်မီးသွေးများအတွက် ငွေပေးချေရာတွင် ယူအေအီး ဒါဟမ်၊ ဟောင်ကောင်ဒေါ်လာ၊ ယွမ်နှင့် ယူရိုတို့ကို အသုံးပြုခဲ့ကြသည်။
 
 ဇွန်လတွင် ရုရှားကျောက်မီးသွေးအတွက် အမေရိကန် ဒေါ်လာမဟုတ်သော ပေးချေမှု၏ ၃၁ ရာခိုင်နှုန်းကို ယွမ်ဖြင့် လည်းကောင်း၊ ၂၈% ကို ဟောင်ကောင်ဒေါ်လာဖြင့် လည်းကောင်း ပေးချေခဲ့ကြခြင်းဖြစ်သည်။ ‌ခြောက်ပုံတစ်ပုံ ဝန်းကျင်ကို ယူအေအီး ဒါဟမ်ဖြင့် ပေးချေခဲ့သည်။ ယူရိုဖြင့် ပေးချေသည်မှာ ၂၅% ခန့် ရှိသည်။
 
အိန္ဒိယဗဟိုဘဏ်ဖြစ်သည့် Reserve Bank of India RBI က တင်သွင်းသည့်ကုန်စည်များကို နိုင်ငံသုံးငွေ ရူပီဖြင့် ပေးချေခြင်းကို အတည်ပြု ခွင့်ပြုပေးထားသည်။ ရုရှား-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေးတွင် ရူပီ သုံးစွဲခြင်း တွင်ကျယ်အောင် မြှင့်တင်ပေးသည်။
 
အမေရိကန် ဒေါ်လာသည် အိန္ဒိယ ကုန်စည် တင်သွင်းမှု အတွက် အဓိက ငွေကြေး ဖြစ်သည်ဟု ကုန်သည်များက ပြောကြားကြသည်။ အစိမ်းသည် နိုင်ငံ၏ နိုင်ငံခြားသုံးငွေ အရန်ငွေတွင် အများစု ပါဝင်သည်။ 
အရောင်းအဝယ်အတွက် ကန်ဒေါ်လာ မဟုတ်သည့် နိုင်ငံသုံးငွေကြေးကို သုံးစွဲသည့်အခါ ကန်ဒေါ်လာကို နိုင်ငံသုံးငွေကြေး၏ မူရင်းနိုင်ငံရှိ ဝန်ဆောင်မှု ပေးမည့်ဘဏ်သို့ ငွေလွှဲရသည်။ ဝန်ဆောင်မှု ပေးသည့်ဘဏ်က နိုင်ငံသုံးငွေဖြင့် ငွေလဲလှယ်ပေးပြီး ရုရှားသို့ ငွေပေးချေပေးလိုက်သည်။
ကြားခံဘဏ်အဖြစ် ဝန်ဆောင်မှု ပေးရန် ချိတ်ဆက်ထားသည့် ဘဏ်ကို အသုံးပြုပါက ၎င်းဘဏ်သို့ ကန်ဒေါ်လာ ငွေလွှဲပေးရသည်။ ၎င်းဘဏ်က ကန်ဒေါ်လာ မဟုတ်သည့်‌ နိုင်ငံသုံးငွေဖြင့် လဲလှယ်ကာ ရုရှားသို့ ငွေပေးချေပေးမည် ဖြစ်သည်။ 
 
ကန်ဒေါ်လာကို လက်ရှောင်ပြီး ခပ်ဝေးဝေးနေကြရာ၌ အန္ဒိယမှ ကျောက်မီးသွေး ဝယ်ယူသည့် ကုန်သည်နှစ်ဦးသည် ပြည်တွင်းမှ ကျောက်မီးသွေး ဝယ်ယူမည့်သူများအတွက် ရုရှားကျောက်မီးသွေး တင်သွင်းပေးရာတွင် ဥရောပမှ ကုန်သည်တစ်ဦးနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ဉရောပကုန်သည်က ရုရှား ကျောက်မီးသွေးကို ဝယ်ယူပေးသည်။ အိန္ဒိယကုန်သည်တို့က ကန်ဒေါ်လာမဟုတ်သော နိုင်ငံသုံး ငွေကြေးကို သုံးစွဲကြသည်။ 
 
 ရုရှားကျောက်မီးသွေးကို အိန္ဒိယကုမ္ပဏီများက အမေရိကန် ဒေါ်လာ မဟုတ်သည့် နိုင်ငံသုံးငွေကြေးများဖြင့် ဝယ်ယူခြင်းကို အိန္ဒိယအစိုးရက တရားဝင် ခွင့်ပြုထားပါသည်။ ကုမ္ပဏီများအနေဖြင့် အရေးယူပိတ်ဆို့မှု ချိုးဖောက်သဖြင့် မီးခိုးကြွက်လျှောက် လိုက်လာပြီး ကုမ္ပဏီကို အမည်းစာရင်း သွင်းခံရမည့်အရေးကို အစောကတည်းက ရှောင်ရှားကြခြင်း ဖြစ်သည်။
 
 ရုရှားကျောက်မီးသွေးများ အိန္ဒိယသို့ ပို့ဆောင်ပေးသည့် သင်္ဘော ၁၁ စီး ဇွန်လအတွင်း ရှိခဲ့ရာ၌ ၄ စီးအတွက် အကောက်ခွန်စာရွက်စာတမ်းများကို ရိုက်တာသတင်းဌာနက လေ့လာခဲ့ရာ ယွမ်၊ ယူရို၊ ယူအေအီး ဒါဟမ်တို့ဖြင့် ပေးချေထားကြောင်း တွေ့ရသည်။ 
 
အဆိုပါ သင်္ဘော ၁၁ စီးအနက် အခြားသင်္ဘော ၃ စီးမှ ကျောက်မီးသွေးများအတွက် ဟောင်ကောင်ဒေါ်လာနှင့် ယွမ် အသုံးပြုပြီး ပေးချေသည်။ 
ရုရှားကျောက်မီးသွေးများကို အိန္ဒိယပြည်တွင်းမှ လုပ်ငန်းများ ဖြစ်သော Jindal Steel and Power Ltd (JSPL) က တန်ချိန် ၇၉,၇၂၁ ကို ယွမ်ဖြင့်လည်းကောင်း၊  Arcelormittal Nippon Steel India က တန်ချိန် ၃၅,၀၀၀ ကို ယူရိုဖြင့် လည်းကောင်း၊ JK Lakshmi Cement က တန်ချိန် ၁၀,၀၀၀ ကို ယူအေအီး ဒါဟမ်ဖြင့် လည်းကောင်း ၊ ကျောက်မီးသွေး ကုန်သည်လုပ်ငန်း Chettinad Logistics က တန်ချိန် ၂၅,၀၀၀ ကို ဟောင်ကောင်ဒေါ်လာဖြင့် လည်းကောင်း ဝယ်ယူခဲ့သည်။ 
($1 = 0.9764 euros)($1 = 7.8497 Hong Kong dollars)
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: Reuters 

Export, Import Energy News Read 26909 times