အိန္ဒိယ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်လာမည်


25 July, 2023

အိန္ဒိယ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်လာမည်

 

• အိန္ဒိယသည် ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး ဖြစ်လာရန် အလားအလာရှိကြောင်း Goldman Sachs က ခန့်မှန်းသည်။


• တိုးပွားလာသော လူဦးရေ၊  ဆန်းသစ်တီထွင်မှုနှင့် နည်းပညာတိုးတက်မှု၊ မြင့်မားသော အရင်းအနှီး ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်သားများ၏ ကုန်ထုတ်စွမ်းအား မြင့်တက်လာခြင်းတို့ကြောင့် ယခုလို ခန့်မှန်းခြင်း ဖြစ်သည်။

 


အိန္ဒိယသည် ဂျပန်နှင့် ဂျာမနီတို့ကုိသာမက အမေရိကန်ကိုပါ ခုန်ကျော်ပြီး ၂၀၇၅ ခုနှစ်တွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး ဖြစ်လာရန် အလားအလာ ရှိနေသည်ဟု ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

“လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်း အိန္ဒိယ၏ မှီခိုသူများ အချိုးသည် ဒေသတွင်း စီးပွားရေးတို့တွင် အနိမ့်ဆုံးတစ်ခု ဖြစ်လာလိမ့်မည်”ဟု Goldman Sachs Research ၏ India စီးပွားရေးပညာရှင် Santanu Sengupta က ပြောကြားသည်။
 
နိုင်ငံတစ်နိုင်ငံ၏ မှီခိုသူများအချိုးကို စုစုပေါင်း အလုပ်လုပ်နိုင်သော အသက်အရွယ် လူဦးရေကို မှီခိုသူ အရေအတွက်ဖြင့် အချိုးချပြီး တိုင်းတာသည်။
မှီခိုသူများ အချိုး နည်းလျှင် အလုပ်လုပ်နိုင်သော  အရွယ်ရောက်ပြီးသူ အချိုးအစား ပိုများသည်။ ၎င်းတို့သည် အလုပ်မလုပ်နိုင်သေးသည့် လူငယ်လူရွယ်များနှင့် အလုပ်မလုပ်နိုင်တော့သည့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးနိုင်သူများဖြစ်သည်။

အိန္ဒိယ၏ လျင်မြန်စွာ တိုးပွားလာသော လူဦးရေ၏ အလားအလာသည် နိုင်ငဲ၏ အလုပ်သမား အင်အားစုတွင် ပါဝင်မှုကို ပိုများလာစေမည် ဖြစ်သည်။
 
အိန္ဒိယနိုင်ငံသည် လာမည့်နှစ် ၂၀ တွင် ကြီးမားသောစီးပွားရေးများကြားတွင် အနိမ့်ဆုံးမှီခိုသူများအချိုးဖြင့် ရပ်တည်နေမည်ဟု Sengupta က  ခန့်မှန်းထားသည်။

အလုပ်လုပ်နိုင်သော  အရွယ်ရောက်ပြီးသူ များသည့်အလျောက် ကုန်ထုတ်လုပ်နိုင်စွမ်း ကောင်းနေမည်။ ဝန်ဆောင်မှု လုပ်ငန်းများ ဆက်လက်ကြီးထွားနေမည်။ အခြေခံအဆောက်အအုံ ဆက်လက်ကြီးထွားနေမည်။

အိန္ဒိယအစိုးရသည်  အခြေခံအဆောက်အဦများ ဖန်တီးရေးတွင် အထူးသဖြင့် လမ်းများနှင့် ရထားလမ်းများ ထူထောင်ရာတွင်  ဦးစားပေးလုပ်ဆောင်သည်။

နိုင်ငံ၏ မကြာသေးမီက ဘတ်ဂျက်သည် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးရန်အတွက် ပြည်နယ်အစိုးရများသို့ အတိုးမဲ့ နှစ် ၅၀ ချေးငွေ အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

 
အလုပ်အကိုင်များ ပိုမိုဖန်တီးရန်နှင့် ကြီးမားသော လုပ်သားအင်အားကို ရယူသုံးစွဲရန်အတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများတွင် စွမ်းဆောင်ရည်များ ဖန်တီးဖို့ ပုဂ္ဂလိကကဏ္ဍအနေဖြင့် သင့်လျော်သောအချိန် ဖြစ်သည်ဟု Goldman Sachs က ယူဆပါသည်။

 

နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ

အိန္ဒိယသည် စီးပွားရေး အတက်လမ်းကြောင်းကို ရောက်ရှိနေခြင်းကြောင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် တိုးတက်မှုများ ဖြစ်ပေါ်စေကြောင်း Goldman Sachs က ပြောကြားသည်။

အိန္ဒိယ၏ နည်းပညာလုပ်ငန်းမှ ဝင်ငွေသည် ၂၀၂၃ နှစ်ကုန်တွင် ကန်ဒေါ်လာ ၂၄၅ ဘီလီယံအထိ တိုးလာမည်ဟု မျှော်လင့်ရသည်။
 ထိုတိုးတက်မှုသည် IT၊ စီးပွားရေးလုပ်ငန်းစဉ်စီမံခန့်ခွဲမှုနှင့် ဆော့ဖ်ဝဲလ်ထုတ်ကုန်စီးများမှ ရရှိမည်ဖြစ်သည်။


 

Greater Noida မှ Realme စက်ရုံမှာ အလုပ်လုပ်နေသည့် ဝန်ထမ်းများ 

 
အရင်းအနှီး ရင်းနှီးမြှုပ်နှံမှုများသည် အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအတွက် နောက်ထပ် အရေးပါသော တွန်းအားတစ်ခု ဖြစ်လာမည်ဟု Goldman Sachs က ကြိုတင်ခန့်မှန်းထားသည်။

"အိန္ဒိယမှာ ဘဏ်မှာ စုဆောင်းမှုနှုန်းဟာ ကျဆင်းနေသည့် မှီခိုသူများ အချိုး၊ ဝင်ငွေများ မြင့်တက်လာသည်နှင့်အမျှ  ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေခိုင်မာလာခြင်းနှင့်အတူ တိုးလာနိုင်ခြေရှိပါတယ်။ ဘဏ်စုဆောင်းငွေများဖြင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု ပြုရန် ဘဏ်ချေးငွေများ ရရှိနိုင်ကြမည် ဖြစ်သည်"ဟု Goldman Sachs ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အဆိုးဘက် ရောက်စေနိုင်သည့် ကိစ္စရပ်များ

“အိန္ဒိယတွင် လုပ်သားအင်အားထဲ ပါဝင်မှုနှုန်းသည် လွန်ခဲ့သည့်  ၁၅ နှစ်အတွင်း ကျဆင်းသွားခဲ့ပါသည်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

လုပ်သားအင်အားတွင် အမျိုးသမီးပါဝင်မှုနှုန်းသည် အမျိုးသားများထက် “သိသိသာသာ” နည်းပါးသည်။

"အိန္ဒိယတွင် အလုပ်လုပ်သည့်အရွယ် အမျိုးသမီးများ အားလုံး၏ ၂၀% မျှသာ အလုပ်ရနေကြသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
အမျိုးသမီးများသည် ပုတ်ပြတ်အလုပ်တွင် ပါဝင် လုပ်ကိုင်ကြခြင်းကြောင့် စစ်တမ်းတွင် စာရင်း မဝင်ခြင်းလည်း ဖြစ်နိုင်သည်။ ပုံမှန်အလုပ် လုပ်ကိုင်သူများကိုသာ စာရင်းကောက်နိုင်သည်။

 

အုတ်ဖုတ်လုပ်ငန်းတွင် ပုတ်ပြတ်ဖြင့် လုပ်ကိုင်နေသော အိန္ဒိယ အမျိုးသမီးများ

 

အိန္ဒိယနိုင်ငံသည် ကုန်သွယ်ရေး လိုငွေပြနေခြင်းကလည်း ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည်။  သို့သော် ဝန်ဆောင်မှုများ တင်ပို့နေခြင်းကြောင့် ခံသာနေစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် အိန္ဒိယစီးပွားရေးသည် ပြည်တွင်း ဝယ်လိုအားအပေါ် တည်မှီထားသည်။ ပြည်ပပို့ကုန်အပေါ် တည်မှီခြင်း မပြုချေ။ ပြည်တွင်း ဝယ်ယူသုံးစွဲမှုများ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ကြီးထွားသည်။ 

S&P Global နှင့် Morgan Stanley တို့ကလည်း  အိန္ဒိယသည် ၂၀၃၀ ခုနှစ်တွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာရန် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ခန့်မှန်းထာကြးသည်။
 
Source cnbc
 

Industry Reviews Read 351 times