အိန္ဒိယ ဆန်တင်ပို့မှုသည် ကမ္ဘာဆန်တင်ပို့မှု ထက်ဝက်နီးပါးသို့ ရောက်ရှိနိုင်


27 September, 2021

အိန္ဒိယ ဆန်တင်ပို့မှုသည် ကမ္ဘာဆန်တင်ပို့မှု ထက်ဝက်နီးပါးသို့ ရောက်ရှိနိုင်သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၅% အထိ တင်ပို့နိုင်ဖွယ် ရှိသည်။ တရုတ်နိုင်ငံသည် စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး  အိန္ဒိယသည် ဒုတိယနေရာတွင် ရှိသည်။ ဆိပ်ကမ်းတွင် ဆန်များ သင်္ဘောတင်ရန် လုပ်ကိုင်ပေးနိုင်သည့် ပမာဏ ချဲ့ထွင်ပေးထားပြီး အာရှနှင့် အာဖရိကတို့မှ ဝယ်လက်များထံ စံချိန်တင် ပမာဏဖြင့် တင်ပို့နေသည်။ 

ဆန်တင်ပို့မှုတွင်  အိန္ဒိယသည် အများဆုံးနိုင်ငံဖြစ်ပြီး ယခုနှစ်တွင် တန်ချိန် ၂၂ သန်းအထိ တင်ပို့နိုင်ဖွယ် ရှိနေသဖြင့် နောက်ထပ် ဆန်တင်ပို့မှု အကြီးမားဆုံး သုံးနိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့ တင်ပို့ကြသည့် သုံးနိုင်ငံပမာဏ စုစုပေါင်းထက် ပိုများလိမ့်မည်။ 

Olam India ဆန်လုပ်ငန်းမှ ဒုဥက္ကဋ္ဌ ဖြစ်သူ Nitin Gupta က “ဝယ်နေကျ ဖြစ်တဲ့ ဝယ်လက်တွေနဲ့အတူ အခုနှစ်မှာ တရုတ်၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့က အိန္ဒိယထံမှ ဆန်ဝယ်ယူကြတယ်”  ဟု ပြောပြသည်။ 

၂၀၂၀ ခုနှစ်တွင် ၂၀၁၉ ခုနှစ်ထက် ဆန်တင်ပို့မှု ၄၉% ပိုများခဲ့ပြီး တန်ချိန် ၁၄ သန်း စံချိန်တင်ခဲ့သည်။ ဘာစမာတီ မဟုတ်သော ဆန်တင်ပို့မှုသည် ၇၇% ခုန်တက်ခဲ့ပြီး တန်ချိန် ၉.၇ သန်း တင်ပို့ခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁၈ သန်း တင်ပို့နိုင်မည်ဖြစ်ရာ ယခင်နှစ်ကထက် နှစ်ဆနီးပါး ဖြစ်သည်။ ပရီမီယံ ဘာစမာတီဆန်တင်ပို့မှု ပုံမှန်အခြေအနေ ရှိနေပြီး တန်ချိန် ၄ သန်း ရှိသည်ဟု Gupta က ပြောပြသည်။ ၂၀၂၁ ခုနှစ် ပထမ ခုနစ်လတွင် အိန္ဒိယသည် ဆန်တန်ချိန် ၁၂.၈၄ သန်း တင်ပို့ခဲ့ပြီးပြီ ဖြစ်သည်။ 

အမေရိကန် စိုက်ပျိုးရေးဌာနက ကမ္ဘာ့ဆန်တင်ပို့မှုသည် ၂၀၂၁-၂၂ ရာသီတွင် တန်ချိန် ၄၈.၅ သန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။ 

အန္ဒိယဆန်သည် ထိုင်းနှင့် ဗီယက်နမ်တို့ထက် အမြဲဈေးပိုသက်သာသည်မှာ မတ်လကတည်းက ဖြစ်သည်။ ကမ္ဘာဆန်ဝယ်လိုအားသည်လည်း စံချိန်တင် မြင့်တက်နေသည်။ 

အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှုကို ကြီးစိုးထားနိုင်သည့် အနေအထားကို ၂၀၂၁ ခုနှစ်တွင် ရရှိမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသည်။ ဆိပ်ကမ်းများ မှသင်္ဘောတင်ပေးနိုင်သည့်လုပ်ကိုင်စွမ်းရည် ပိုများလာပြီ ဖြစ်သည်။ သို့သော် ဆန်တင်ပို့ရန် အဓိကအားဖြင့် သုံးစွဲသည့် ကာကီနာဒါ ကျောက်ချအရပ်၏ အခြေခံအဆောက်အအုံသည် အကန့်အသတ် ရှိနေဆဲ ဖြစ်ပြီး သင်္ဘောကျပ်ဆို့မှုများ ဖြစ်ပေါ်နေသည်။ ဆန်များ သင်္ဘောတင်ရန် နှောင့်နှေးနေရသည်များ ပြီးခဲ့သည့်နှစ်က ရှိခဲ့သည်။ သိုဖြစ်ရာ ဆန်ဝယ်လက်တို့က အခြားဆန်ရောင်းသည့် နိုင်ငံများထံသို့ ရောက်သွားကြသည်။ 

အခြားဆန်တင်ပို့သည့် နိုင်ငံများထက် အိန္ဒိယက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ဈေးလျှော့ပေးသည်။ သို့သော် ဆိပ်ကမ်းတွင် ဆန်တင်ရန်အတွက် သင်္ဘောကမ်းကပ်ခွင့် ရအောင် စောင့်ရသည်မှာ ကြာမြင့်ခြင်းကြောင့် သင်္ဘောခ ပိုကုန်ကျသည်က လျှော့ဈေးရသည်နှင့် ဘဲစားဘဲချေး ဖြစ်သွားသည်။
သင်္ဘောများ ကျပ်ဆို့နေသဖြင့် စောင့်ဆိုင်းကြရသည့် ပြဿနာကို လျော့ကျစေရန် ဖေဖော်ဝါရီလတွင် ကာကီနာဒါ ရေနက်ဆိပ်ကမ်းကို ဆန်သင်္ဘောများ အသုံးပြုရန် ခွင့်ပြုပေးခဲ့သည်။ 


“ရေနက်ဆိပ်ကမ်း ပေးသုံးလိုက်တော့ သင်္ဘောတွေ စောင့်ရတဲ့ကာလ လျော့ကျသွားတယ်။ ဒီတော့ စောင့်ရတဲ့ စရိတ်ကြောင့် တခြားနိုင်ငံဆီမှာ ပြောင်းဝယ်ကြတာတွေက ကျွန်တော်တို့ဆီမှာပဲ ဆက်ဝယ်ဖြစ်သွားကြတယ်” ဟု Rice Exporters Association of India ဥက္ကဋ္ဌ B.V. Krishna Rao က‌ ပြောကြားသည်။ Kakinada Seaports Ltd မှ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် M Muralidhar က ကာကီနာဒါ ရေနက်ဆိပ်ကမ်းမှ ၂၀၂၁ ခုနှစ်တွင် ဆန်တိန်ချိန် အနည်းဆုံး တစ်သန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ 

ဆိပ်ကမ်း ကိုင်တွယ်ပေးနိုင်မှု မြင့်တက်သွားခဲ့သော်လည်း သင်္ဘောပေါ်သို့ ဆန်တင်ပေးသည့်နှုန်းသည် အခြား အရှေ့တောင်အာရှ ဆိပ်ကမ်းများထက် နှေးနေသေးသည်။ ရေနက်ဆိပ်ကမ်းတွင် ကွန်တိန်နာတင်ရန်အတွက်သာ လိုအပ်သည့် စက်ယန္တရားများနှင့် အခြေခံအဆောက်အအုံ ရှိပြီး ဆန်တင်ရန်အတွက် သုံးစွဲသော စက်ယန္တရားများမှင့် အခြေခံအဆောက်အအုံ ဆိပ်ကမ်းတွင် မရှိသောကြောင့် ဖြစ်သည်။ 

 

“ကာကီနာဒါမှာ ဆန်တင်ရင် ကျွန်တော်တို့ သင်္ဘောကို ကျောက်ချလိုက်တဲ့ အချိန်မှ တစ်လနီးပါး ကြာပြီးချိန်မှာ ဆန်တန်ချိန် ၃၃,၀၀၀ ဝန်းကျင်ပဲ သင်္ဘောပေါ်ကို ရောက်တယ်။ အဲဒီတန်ချိန်ကို ထိုင်းမှာ တင်ရင် ၁၁ ရက်ပဲ ကြာတယ်” ဟု ကာကီနာဒါတွင် ဆန်တင်နေသည့် သင်္ဘောမှ ရေယာဉ်မှူး Fahim Shams က ပြောပြသည်။ 

ကွန်တိန်နာခများ ဈေးအလွန်ကြီးနေသဖြင့် ဆန်တင်ပို့ရန် ကွန်တိန်နာ မသုံးကြတော့ဘဲ ကုန်ခန်းထဲ ဝမ်းပုံပြီးတင်သည့်  bulk  သင်္ဘောများ ငှားရမ်း အသုံးပြုကြသည်။ ထို့အတွက် လိုအပ်သည့် စက်ယန္တရားများနှင့် အခြေခံအဆောက်အအုံတို့ဖြင့် ကာကီနာဒါ ရေနက်ဆိပ်ကမ်းကို အဆင့်မြှင့်တင်ပေးမည်ဆိုပါက နောက်ထပ် ဆန်တန်ချိန် ၂ သန်း သင်္ဘောတင်ပေးနိုင်လိမ့်မည် ဖြစ်သည်။ 

အိန္ဒိယမှ တင်ပို့သော ဘာစမာတီ မဟုတ်သောဆန်များကို အာဖရိကနှင့် အာရှနိုင်ငံများသို့ တင်ပို့ပြီး ပရီမီယံ ဘာစမာတီဆန်များကို အရှေ့အလယ်ပိုင်း၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ အဓိကအားဖြင့် တင်ပို့လျက် ရှိသည်။ 

Source : Reuters 
 

Export, Import Read 5008 times