တရုတ်ပြည်ရောက် ဩစတေးလျ ကျောက်မီးသွေး တန် ၂ သန်းကို အိန္ဒိယ ဝယ်ယူ


06 October, 2021

တရုတ်နိုင်ငံမှာ သောင်တင်နေတဲ့ ဩစတေးလျ ကျောက်မီးသွေးများကို အိန္ဒိယက ဝယ်ယူနေပါတယ်။
ပထဝီနိုင်ငံရေးကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့နဲ့ စက်မှုလုပ်ငန်းသုံးအဖြစ် လိုအပ်တဲ့ ကျောက်မီးသွေးများ တရုတ်ပြည်တွင်းဈေးကွက်မှာ ပြတ်လပ်ပြီး ဈေးနှုန်းများ မြင့်တက်နေချိန်မှာ အိန္ဒိယက တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့  ဩစတေးလျ ကျောက်မီးသွေးများကို ဝယ်ယူနေတာ ဖြစ်ပါတယ်။

ကျောက်မီးသွေး တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၂ မှ ၁၅ အထိ ပေးပြီး ဝယ်ယူကြောင်း အိန္ဒိယဝယ်လက်တို့က ပြောကြားပါတယ်။
ဈေးကွက် အရည်အသွေး အတန်းအစား သတ်မှတ်ချက်အရ ဈေးအပေါဆုံး အမျိုးအစား ကျောက်မီးသွေးများဖြစ်တယ်လို့ ဆိုပါတယ်။ အပူဓာတ်ရဖို့ အတွက်သာ သုံးလို့ ရတဲ့ ကျောက်မီးသွေး အမျိုးအစားများ ဖြစ်ပါတယ်။ 
အိန္ဒိယနိုင်ငံမှ အဓိကအားဖြင့် သံမဏိစက်ရုံများနှင့် ဘိလပ်မြေ ထုတ်လုပ်သူများက ဝယ်ယူကြတာဖြစ်ပြီး အိန္ဒိယပြည်တွင်းမှာ ကျောက်မီးသွေး မလုံလောက်တာကို ဖြည့်ဆည်းဖို့အတွက် ဖြစ်ပါတယ်။ 

လတ်တလောမှာ အိန္ဒိယ-ဩစတေးလျ ဆက်ဆံရေး တင်းမာနေပြီး တရုတ်နိုင်ငံအစိုးရက ဩစတေးလျမှ ကျောက်မီးသွေး တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ တရုတ်ပြည်တွင်းမှာ ဆောင်းရာသီနီးလာပြီ ဖြစ်လို့ စွမ်းအင် သုံးစွဲမှု မြင့်တက်မယ့် ဆောင်းကာလကို ရောက်ခါနီးချိန်မှာ ဩစတေးလျ ကျောက်မီးသွေး တင်သွင်းမှု ပိတ်ပင်တဲ့အတွက် ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေ ကျောက်မီးသွေး မလုံလောက်တော့တဲ့ အခက်အခဲကို ရင်ဆိုင်နေကြရပါတယ်။ 

အိန္ဒိယကုမ္ပဏီများက အပူဓာတ်ရဖို့ အတွက်သာ သုံးလို့ ရတဲ့ ဩစတေးလျကျောက်မီးသွေး ခန့်မှန်းခြေအားဖြင့် တန်ချိန် ၂ သန်းကို တရုတ်နိုင်ငံရှိ ကျောက်မီးသွေးဆိပ်ကမ်းများရှိ သိုလှောင်ရုံများထဲ ကျောက်မီးသွေးများကို ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ 
အိန္ဒိယနိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ကျောက်မီးသွေးက အဓိကကျပြီး တစ်နိုင်ငံလုံး သုံးစွဲနေတဲ့ လျှပ်စစ်ပမာဏရဲ့ ၇၀% ခန့်ကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံများမှ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြည်တွင်း ကျောက်မီးသွေး ထုတ်လုပ်မှုကို  လုပ်ကိုင်နေတဲ နိုင်ငံပိုင် ကျောက်မီးသွေးတွင်း လုပ်ငန်း Coal India Ltd.က ထုတ်လုပ်ပါတယ်။ ယခုအခါ ဓာတ်အားစက်ရုံတွေမှာ အရံသိုလှောင်ထားတဲ့ ကျောက်မီးသွေးပမာဏ စုစုပေါင်းက လေးနှစ်တာကာလအတွင်း အနည်းဆုံး ပမာဏ ဖြစ်နေလို့  ပြည်တွင်း ထုတ်လုပ်တဲ့ ကျောက်မီးသွေးများကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံများထံ တိုက်ရိုက်ပေးသွင်းစေတာကြောင့် အခြားကျောက်မီးသွေး လိုအပ်တဲ့ လုပ်ငန်းတွေက ပြည်ပမှ တင်သွင်းနေကြရတယ်။ 
ဓာတ်အားစက်ရုံများအပြင် ဘိလပ်မြေ၊ သံနှင့် အလူနီမီယမ် အရည်ကြိုလုပ်ငန်းတွေမှာလည်း အပေါစားကျောက်မီးသွေးကို မီးထိုးဖို့ သုံးစွဲကြပါတယ်။ 

တရုတ်နိုင်ငံဟာ ကျောက်မီးသွေးကို ကမ္ဘာ့အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး ဩစတေးလျနိုင်ငံမှ မှာယူတင်သွင်းတဲ့ ကျောက်မီးသွေးတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေ ကုန်ချရမယ့် ဆိပ်ကမ်းမရောက်ခင်မှာ တရုတ်အစိုးရက တင်သွင်းမှု ပိတ်ပင်လိုက်လို့ ကျောက်မီးသွေးများ ဆိပ်ကမ်းမှာ ချခွင့်မရဘဲ ကြန့်ကြာနေရတာကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကြုံခဲ့ကြတယ်။ တချို့ ကျောက်မီးသွေးတင် သင်္ဘောတွေက အခြားဝယ်လက် ရရှိရာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပြီး ကျန်တဲ့ သင်္ဘောတွေကတော့ တရုတ်ဆိပ်ကမ်းတွေမှာ ညှိနှိုင်းပြီး ကျောက်မီးသွေးများ ချခဲ့ကြပါတယ်။ ထိုသို့ ချထားခဲ့တဲ့ ကျောက်မီးသွေးတွေကို ယခုအခါ အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတွေက ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ 

Reference: livemint.com
 

Export, Import Read 8495 times