အိန္ဒိယနိုင်ငံတွင် တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲခြင်း ယတိပြတ်ပိတ်ပင်


03 July, 2022

အိန္ဒိယနိုင်ငံတွင် တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲခြင်း ယတိပြတ်ပိတ်ပင်

 

အိန္ဒိယနိုင်ငံတွင် တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲခြင်းကို သောကြာနေ့ (ဇူလိုင် ၁ ရက်)မှစ၍ ပိတ်ပင်တားမြစ်လိုက်ပါတယ်။
အချိုရည် စုပ်သောက်တဲ့ စုပ်ပြွန် straw မှအစ ထုပ်ပိုးပစ္စည်းအမျိုးမျိုးအဆုံး တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲခြင်းအားလုံးကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

အစားအသောက်၊ အဖျော်ယမကာနှင့် လူသုံးကုန်ပစ္စည်းကုမ္ပဏီများက ကုန်စည်ဖြန့်ဖြူးရေးတွင် ကသောင်းကနင်း ဖြစ်ကုန်မယ့်အရေးကို ရှောင်လွှဲနိုင်ရန် တားမြစ်ပိတ်ပင်ခြင်းကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုချက်များကို အစိုးရက ပယ်ချခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံက ပတ်ဝန်းကျင်ညစ်ညမ်းမှုတွင် ကမ္ဘာဒုတိယ အဆိုးဝါးဆုံးနိုင်ငံ ဖြစ်နေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ပလတ်စတစ် အမှိုက်များက အများဆုံး ဖြစ်ပေါ်စေပါတယ်။ 

နိုင်ငံစီးပွား လျင်မြန်စွာ ကြီးထွားလာစဉ် တစ်ခါသုံး ပလတ်စတစ်များဖြင့် ထုပ်ပိုးသည့် ကုန်စည်များ ဝယ်ယူသုံးစွဲမှု မြင့်တက်လာပါတယ်။ တစ်ခါသုံး စုပ်ပြွန်များ၊ ပလတ်စတစ် ဇွန်းများ အစရှိသည့်ပစ္စည်းများလည်း သုံးစွဲမှု မြင့်မားပါတယ်။ 

အိန္ဒိယနိုင်ငံက တစ်နှစ်လျှင် ပလတ်စတစ် တန်ချိန် ၁၄ သန်း သုံးစွဲပြီး စွန့်ပစ်ပလတ်စတစ်များအတွက် စနစ်တကျ စီမံခန့်ခွဲတဲ့ စနစ် မရှိတဲ့အတွက် ပလတ်စတစ် အမှိုက်များ လွန်စွာ များပြားပါတယ်။  ပလတ်စတစ်အမှိုက်များကြောင့် ရေဆင်းမြောင်းများ ပိတ်ဆို့ခြင်းများ မြို့တွေမှာ ဖြစ်ပေါ်နေပါတယ်။

ပလတ်စတစ်အိတ် သုံးစွဲခြင်းကို အစိုးရက ခွင့်ပြုပေမဲ့ တစ်ခါသုံးအဖြစ် ရည်ရွယ်ပြီး ထုတ်လုပ်ခြင်း မပြုဘဲ အကြိမ်ကြိမ် ပြန်လည်သုံးစွဲနိုင်ရန် အသားထူထူဖြင့် အိတ်များထုတ်လုပ်ရန် သို့မဟုတ် တင်သွင်းရန် ညွှန်ကြားထားပါတယ်။ 

စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍအတွက် စုပ်ပြွန်၊ ခွက်၊ ဘူး၊ ဇွန်း၊ ခရင်း၊ ဓား အစရှိတဲ့ တစ်ခါသုံးပစ္စည်းများ ထုတ်လုပ်နေတဲ့ လုပ်ငန်းများကလည်း ပြင်ဆင်ချိန် မပေးဘဲ ဆိုင်းမပါဗုံမဆင့် ပိတ်ပင်လိုက်တဲ့အပေါ် မကျေမနပ် ပြောဆိုမှုများ ပေါ်ထွက်နေပါတယ်။ 

PepsiCo, Coca-Cola Co,  Parle Agro အစရှိတဲ့ အချိုရည် ကုမ္ပဏီများက စုပ်ပြွန် straw များကို တစ်ခါသုံး ပလတ်စတစ် သုံးစွဲမှုများမှ ခြွင်းချက်ပေးဖို့ ပန်ကြားထားပါတယ်။ 

အစိုးရက တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ တရားမဝင် သုံးစွဲခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းတို့ကို စောင့်ကြည့်အရေးယူဖို့ ဌာနတစ်ခု ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 
#MyanmarIndustryGuide
 Telegram Channel
https://t.me/Guid4U

Laws and Regulations Read 419 times