ILO အစီရင်ခံစာအရ အလုပ်အကိုင် ၁.၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့


30 January, 2022

ILO အစီရင်ခံစာအရ အလုပ်အကိုင် ၁.၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့


မြန်မာနိုင်ငံမှာ ၂၀၂၁ အတွင်း အလုပ်အကိုင် ၁.၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labor Organization - ILO) မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းခြင်းတို့အကြား စက်ရုံများ၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများမှာ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြပြီး အမျိုးသမီးများက ဒုက္ခရောက်ကြပြီး အဆိုးဝါးဆုံး ဆုတ်ယုတ်မှုများ ကြုံခဲ့ကြရပါတယ်။

ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အဆိုပါ အစီရင်ခံစာမှာ မြန်မာနိုင်ငံက အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဘေးဒုက္ခအကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကြောင့် ဒုက္ခရောက်နေကြရတဲ့အထဲ ဘူးလေးရာ ဖရုံများဆင့် ဆိုသလို နိုင်ငံရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊  အိုးအိမ်စွန့်ရမှု၊ မလုံခြုံမှု တို့ကို ကြုံကြရတယ်။

အလုပ်အကိုင် ဆုံးရှုံးမှုမှာ ပုံမှန်အလုပ်များနှင့် ကျပန်းအလုပ်များ  နှစ်မျိုးစလုံး ပါဝင်ပြီး အာဏာသိမ်းပြီးနောက်မှာ လူအများအပြားတို့ အလုပ်ရပ်စဲခဲ့ကြရပြီး ရာခိုင်နှုန်းအားဖြင့် အလုပ်အကိုင်အားလုံး စုစုပေါင်းရဲ့ ၈% ခန့် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာ့စီးပွားရေးက ပြီးခဲ့တဲ့နှစ်မှာ ၁၈% ကျုံ့ခဲ့ပါတယ်လို့ ခန့်မှန်းထားပါတယ်။
ILO က ပြောကြားထားတာမှာ လုပ်သားအများစုတို့ဟာ လုပ်ခမကောင်းတဲ့ အလုပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ အလုပ်များကို  ပြောင်းလဲလုပ်ကိုင်ခဲ့ကြရတယ်။ အာဏာပိုင်တွေက စက်ရုံတွေမှာ အလုပ်သမဂ္ဂများကို နှိပ်ကွပ်ခဲ့လို့ စက်ရုံတွေရဲ့ အခြေအနေများ ယိုယွင်းဆိုးရွားခဲ့ပါတယ်။ 

အရွယ်ရောက်ပြီးသူများ အားလုံးရဲ့ ထက်ဝက်ခန့်က စိုက်ပျိုးရေးကဏ္ဍမှ အလုပ်များကို လုပ်ကိုင်ခဲ့ကြရတယ်။ စိုက်ပျိုးရေးကဏ္ဍက ပို့ကုန်လျော့ကျခြင်း၊ ရောင်းဈေးနိမ့်ခြင်း၊ ချေးငွေ မရနိုင်တော့တဲ့ ပိုပိုကျယ်ပြန့်တဲ့ ပြဿနာများကို ငွေကြေးကဏ္ဍမှာ အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်နေခဲ့ပါတယ်။ ရေကြီးတာကလည်း တစ်မှောင့် ဖြစ်နေပါတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှ တောင်သူလယ်သမားများက လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးဒုက္ခ ခံစားကြရတယ်။ 

အစီရင်ခံစာမှ ခန့်မှန်းထားတာမှာ ဆောက်လုပ်ရေးကဏ္ဍမှာ  ရင်းနှီးမြှုပ်နှံသူများက ဆိုင်းငံ့ထားခြင်း၊ စီမံကိန်း ရုပ်သိမ်းခြင်းတို့ကြောင့် အလုပ်အကိုင်များ သုံးပုံတစ်ပုံ နီးပါး ၃၅၀,၀၀၀ ခန့် ပျောက်ကွယ်သွားခဲ့တယ်။
ခရီးသွားလုပ်ငန်းနှင့် ဧည့်ခံရေးလုပ်ငန်းမှာလည်း ဟိုတယ်များ ပိတ်ထားတာကြောင့် လည်းကောင်း၊ ကိုဗစ်ကြောင့် ခရီးသွားလာမှု အများစုကို ပိတ်ထားတာကြောင့် လည်းကောင်း အလုပ်အကိုင် ၈၀,၀၀၀ ခန့် ဆုံရှုံးသွားတယ်။ 

ဆုံးရှုံးပျောက်ကွယ်သွားတဲ့ အလုပ်အများစုဟာ အမျိုးသမီးများ လုပ်ကိုင်နေတဲ့ အလုပ်များ ဖြစ်တယ်လို့ ILO က ပြောကြားပါတယ်။ အထည်ချုပ်ကဏ္ဍမှာ ခန့်မှန်းခြေအားဖြင့် အလုပ်အကိုင် ၂၂၀,၀၀၀ ဆုံးရှုံးခဲ့ပါတယ်။ ကပ်ရောဂါနှင့် အာဏာမသိမ်းခင်က အမျိုးသမီးများ အလုပ်အကိုင်ရဖို့ အခွင့်အလမ်းများ တိုးများမှု အမြန်ဆုံး ဖြစ်ခဲ့ပါတယ်။

အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက လုပ်သားဈေးကွက်မှာ ဆုတ်ယုတ်မှုများ နှစ်အတန်ကြာ ဆက်လက်ဖြစ်ပေါ်နေမယ်လို့ ဆိုပါတယ်။  အထူးသဖြင့် ကြံ့ကြံခံနိုင်ခြင်မရှိဘဲ အားနည်းတဲ့ စီးပွားရေးလုပ်ငန်းများနဲ့ အလုပ်သမားများအတွက် သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေရရှိရေး ပိုပြီးခက်ခဲနေဦးမယ်လို့ ILO က သတိပေးထားပါတယ်။

Industry Reviews Read 357 times