တရားဝင် မှတ်ပုံတင်မရှိဘဲအတိုးနှုန်းအများကြီးနှင့် ငွေတိုးချေစားနေသူများကို အရေးယူမည်ဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ သက်ဆိုင်ရာ ဌာန၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ အတိုးကြီးကြီးဖြင့် ငွေတိုးချစားနေသူများကို ငွေတိုးချစားမှု အက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရာဇဝတ်မှုများ၊ အမှုအခင်းပြဿနာများ ဖြစ်ပေါ်နေခြင်းသည် တရားမဝင် ငွေတိုးချစားမှုနှင့်ပတ်သက်နေကြောင့် ပြည်သူများ ဒုက္ခရောက်နေခြင်းဖြစ်ကြောင်းသိရသည်။ ပြည်သူလူထု အတွင်း တရားမဝင် ငွေတိုးချေးသူထံမှ နေ့ပြန်တိုးဖြင့် ကျပ်တစ်သိန်းချေးပါက တစ်နေ့လျှင် ကျပ် ၂၅၀ဝ နှုန်းဖြင့် အဆိုပါချေးငွေမဆပ်မချင်း တစ်လလျှင် ကျပ် ၇၅ဝ၀ဝ အထိအတိုးပေးနေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ထို့ပြင် စာရွက်လွတ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း၊ လက်ဗွေနှိပ်ယူခြင်းများဆောင်ရွက်ပြီး ကျပ် ၁၀ သိန်းချေးယူပါက အဆိုပါ အတိုးနှုန်းဖြင့် အတိုးပေါ်အတိုးဆင့်ကာ ကျပ်သိန်း ၄၀၊ ၅၀ အထိဖြစ်နေကြောင်း သိရသည်။ အဆိုပါ စာရွက်လွတ်ပေါ်တွင် လက်မှတ်ရေးထိုးပေးခဲ့ရသဖြင့် အိမ်၊လယ်၊ ခြံနှင့် စက်ပစ္စည်းများကို ငွေရှင်က သိမ်းယူသည့်အခါ၌ အမှုအခင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၉၄၅ မှ စတင်ပြီး ငွေတိုးချစားသူများအက်ဥပဒေကို ပြဋ္ဌာန်းထားပြီး အဆိုပါ ဥပဒေသည် လက်ရှိအချိန်အထိ အသက်ဝင်နေကြောင်း ဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ မှတ်ပုံတင်မထားပါက ငွေတိုး ချစားခြင်းဆောင်ရွက်ခွင့် မရှိသကဲ့သို့ မှတ်ပုံတင်ထားသည့်တိုင် ဥပဒေပါ စည်းကမ်းများနှင့်မညီညွတ်ပါက အရေးယူနိုင်ကြောင်း ငွေတိုးချေးစားသူများ အက်ဥပဒေတွင် ဖော်ပြထားကြောင်းသိရသည်။