IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ စက်တင်ဘာလ ၂၀၂၁


01 October, 2021

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ စက်တင်ဘာလ  ၂၀၂၁
လုပ်ကိုင်မှု အခြေအနေများ တစ်ဟုန်ထိုး ကျလာသော်လည်း တည်ငြိမ်ရန် နီးစပ်လာနေ

အဓိက တွေ့ရှိချက်များ 

  • ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ စက်တင်ဘာတွင် တဟုန်ထိုးကျဆင်းသွားသော်လည်း နှုန်းမှာမူ အားပျော့လာခြင်း
  • လက်ကျန်အလုပ်များ စံချိန်တင် မြင့်တက်လာခြင်း 
  • ဝယ်ဈေးများနှင့် ရောင်းဈေး၏ ငွေကြေးဖောင်းပွမှု အားပြင်းလာနေခြင်း

(ဒေတာကို ၂၀၂၁ စက်တင်ဘာ ၁၃-၂၂ ရက်များတွင် စုစည်းခဲ့သည်)

ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းက စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းက စက်ရုံများနှင့် လုပ်ငန်းများကို ဆက်ပိတ်လာစေရာ ရှေ့ဆက်ကျဆင်းမှုဆီ ဦးတည်နေသည်။ 
လုပ်ကိုင်မှု အခြေအနေများသည် ၂၀၂၀ စက်တင်ဘာမှစပြီး လစဉ် ဆုတ်ယုတ်လာခဲ့ရာ နောက်ဆုံး ကျဆင်းမှုမှာ စစ်တမ်း သမိုင်းထဲတွင် အပြင်းထန်ဆုံး ဖြစ်သည်။ 
အကောင်းမြင်စိတ်မှာ မြင့်တက်လာခဲ့သော်လည်း ရေရှည်စိုးရိမ်မှုများအကြားတွင် မျှော်လင့်ချက်များမှာ သမိုင်းစဉ် ဒေတာများနှင့် ဆက်စပ်ကြည့်လျှင် အားပျော့သွားသည်။
သို့သော်လည်း ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ၏ ကျဆင်းမှုနှုန်းမှာ သြဂုတ်လတွင် မြင်ခဲ့ရသည်ထက် သိသာစွာ အားပျော့လာသည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင်မူ နိုင်ငံတကာတွင် ကုန်ကြမ်းပစ္စည်းများ ရှားပါးနေခြင်းနှင့် အခြေမသာသည့် ငွေလဲနှုန်း ကစားမှုများက ငွေကြေးဖောင်းပွမှုကို ဖိအားပေးလာကြပြီး ဝယ်ယူမှု စရိတ်များနှင့် ရောင်းဈေးများ သိသာစွာ မြင့်တက်လာခဲ့သည်။
ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သော အဓိက အကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ စက်တင်ဘာလတွင် ၄၁.၁ မှာ ရှိနေရာ သြဂုတ်လ၏ ၃၆.၅ ထက် မြင့်တက်လာသော်လည်း အရေးကြီးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀.၀ အောက်မှာ ဆယ့်သုံးလ ဆက်တိုက် ရှိနေခြင်းဖြစ်သည်။ 
နောက်ဆုံး အညွှန်းကိန်းက ကဏ္ဍအခြေအနေ တဟုန်ထိုး ကျဆင်းလာမှုကို ညွှန်ပြနေသော်လည်း ဇွန်လမှစပြီး အားအပျော့ဆုံး တစ်ခုဖြစ်သည်။
ကုန်စည်ထုတ်လုပ်သူတို့က ထုတ်လုပ်မှု ပမာဏများ ဆယ့်သုံးလ ဆက်တိုက် ကျဆင်းလာမှုကို ထောက်ပြလျက် စက်ရုံပိတ်ရမှုများ၊ နိုင်ငံရေးကမောက်ကမဖြစ်မှုနှင့် ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းဖြင့် ဆက်စပ်ဖေါ်ပြကြသည်။

 ခြုံပြောရလျှင် ကျဆင်းမှုမှာ သုံးလအတွင်း အားအပျော့ဆုံးဖြစ်သော်လည်း ရေရှည်ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် များစွာမှ ပြင်းထန်သည်။
ကုမ္ပဏီများက စက်တင်ဘာတွင် အော်ဒါ အသစ်များ ရှေ့ဆက်ကျဆင်းလာမှုကို အစီရင်ခံခဲ့ကြရာ ကျဆင်းမှု အစဉ်ကို ၁၃-လသို့ တိုးပေးလိုက်ခြင်း ဖြစ်လာသည်။ 
ငွေသားပြတ်တောက်မှုများနှင့် ယေဘုယျအားဖြင့် ကျဆင်းမှုအတွက် ပြည်တွင်း ဝယ်လိုအား ပျော့နေခြင်းကို ပြစ်တင်နေကြသည်။ ထိုသို့ပြောလိုက်ရသော်လည်း ထုတ်လုပ်မှုကို ကြည့်လျှင် ကျဆင်းမှုမှာ သြဂုတ်လထက် အားပျော့လာသည်။
ကုန်စည်ထုတ်လုပ်သူတို့က ရောင်းရမှု နည်းလာခြင်း၊ ဈေးနှုန်းများ မြင့်တက်လာနေခြင်းနှင့် စက်ရုံများ ပိတ်နေရခြင်း ပေါင်းစုံမိခြင်းက စက်တင်ဘာတွင် ဝယ်ယူမှုများကို လျှော့ချလာစေခဲ့ကြောင်း ထောက်ပြကြသည်။
 ဝယ်ယူမှု ပမာဏများ ကျဆင်းမှုနှုန်းမှာ ပြင်းထန်ခဲ့သော်လည်း နှစ်ဆန်းတွင် မြင်ခဲ့ရသည်ထက် အားပျော့ခဲ့သည်။
ဤအတောအတွင်း စက်ရုံများထဲက အလုပ်နေရာများမှာ စက်ရုံများ ပိတ်ထားမှု အကြားတွင် ဆယ့်သုံးလ ဆက်တိုက် ကျဆင်းလာခဲ့သည်။ ကုမ္ပဏီများက ဗိုင်းရပ်စ်ကူးစက်မှု ပြန်ပြီး တိုးလာနေသည့်အတွက် အလုပ်သမားများ သူတို့ ဇာတိနေရပ်များသို့ ဆက်လက်ပြန်သွားနေကြရခြင်းကိုပါ ဖေါ်ပြကြသည်။ 
ဝန်ထမ်းဦးရေ နည်းနေခြင်း နှင့် စက်ရုံများ ပိတ်ထားရခြင်းကြောင့် ကုမ္ပဏီများသည် အော်ဒါ အသစ်များကို လက်စမသတ်နိုင်ဘဲ လက်ကျန်စာရင်းများမှာ စစ်တမ်း သမိုင်းထဲတွင် အများဆုံး နှုန်းဖြင့် တိုးလာခဲ့သည်။
သြဂုတ်လတွင် ငါးလအတွင်း အနိမ့်ဆုံးသို့ ဆင်းသွားခဲ့သည့် ထည့်ကုန် ဈေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ စက်တင်ဘာတွင် မြင့်တက်လာခဲ့ပြန်သည်။ စစ်တမ်းထဲ ပါဝင်ကြသူတို့၏ အဆိုအရ အခြေမသာသည့် ငွေလဲနှုန်းနှင့် ကုန်ကြမ်း ရှားပါးမှုများမှာ ငွေကြေးဖောင်းပွမှုကို မြှင့်တင်နေကြသည့် ဖိအားများ ဖြစ်ကြသည်။
ကုန်ကျစရိတ် မြင့်တက်လာခြင်းကို တုံ့ပြန်ရင်း ကုမ္ပဏီများက ၎င်းတို့၏ ရောင်းဈေးများကို မြှင့်တင်ခဲ့ကြရာ စစ်တမ်းသမိုင်းထဲတွင် စတုတ္ထ အများဆုံး ဖြစ်လာသည်။ ရောင်းဈေးများမှာ ယခုဆယ်လဆက်တိုက် တက်လာခဲ့ခြင်း ဖြစ်သည်။
သိုလှောင်ထားမှုကိုကြည့်လျှင် စက်တင်ဘာဒေတာက ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းနှစ်မျိုးလုံး ဆက်လက်ကျဆင်းလာခဲ့ကြောင်းကို မီးမောင်းထိုးပြနေသည်။
ထို့အပြင် သိုလှောင်ကုန် ကုန်ခမ်းမှု နှုန်းမှာမူ သမိုင်းထဲတွင် ထင်ရှားသည့် နှုန်းဖြစ်နေသည်။
ထုတ်လုပ်မှုဆိုင်ရာ ၁၂-လအတွက် မျှော်မှန်းချက်မှာ စက်တင်ဘာတွင် သြဂုတ်လ၏ စံချိန်တင် ကျဆင်းမှုမှ မြင့်တက်လာခဲ့ပြီး အပေါင်းလက္ခဏာသို့ ပြောင်းလာခဲ့သည်။
ခြုံပြောရလျှင် အကောင်းမြင်မှုမှာ အားနည်းခဲ့ပြီး ထုတ်လုပ်မှုအတွက် ၁၂-လ မျှော်မှန်းချက်မှာ စစ်တမ်းသမိုင်းထဲတွင် အနိမ့်ဆုံးမှာ ရှိနေသည်။

သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel ပြောကြားသွားသည်မှာ-
"နောက်ဆုံး PMI ဒေတာက ဗိုင်းရပ်စ် ကူးစက်မှုများ ထပ်ပြီး တိုးလာခဲ့သည့်နောက်မှာ စက်ရုံများနှင့် လုပ်ငန်းများ ဆက်ပြီး ပိတ်ထားကြရသောကြောင့် မြန်မာနိုင်ငံတစ်ဝန်းက ထုတ်လုပ်ရေးကဏ္ဍသည် ခက်ခဲသည့် ကာလကို ဖြတ်ကျော်နေရကြောင်း ထောက်ပြနေသည်။
အလုပ်သမားများက သူတို့ ဇာတိနေရပ်များသို့ ဆက်ပြန်သွားနေကြရာ ကုမ္ပဏီများအနေနှင့် မကြာခဏဆိုသလို အစားထိုးရန် ကျွမ်းကျင် အလုပ်သမားများ ရှာမရကြပါ။ 
သို့ဖြစ်၍ ထုတ်လုပ်ရေး လုပ်ငန်းများအပေါ် ဖိအားပေးမှုများ တိုးလာနေခြင်းကြောင့် စစ်တမ်း၏ ခြောက်နှစ်နီးပါး ကာလအတွင်းမှာ လက်ကျန်စာရင်းများ အမြင့်ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။
ယင်းတချိန်တည်းမှာ နိုင်ငံတကာတွင် ကုန်ကြမ်း ပစ္စည်းများ ရှားပါးနေခြင်းနှင့် အခြေမသာသည့် ငွေလဲနှုန်း ကစားမှုများကြောင့် ကုန်ကျစရိတ်များ ထိုးတက်သွားကြသည်။
"အားတက်စရာ အချက်မှာ ကဏ္ဍသည် တည်ငြိမ်ရေးဆီကို ဦးတည်နေပြီး ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များထဲက ကျဆင်းမှုများမှာ လွန်ခဲ့သည့် နှစ်လနှင့်စာလျှင် သိသာစွာ အားပျော့လာသည်။ 
ကာကွယ်ဆေး ထိုးပေးရန် အားထုတ်မှုများ အရှိန်ရလာလျက် စတုတ္ထလှိုင်းကို ဟန့်တားပေးနိုင်ဖွယ် ရှိသည်။ 
လောလောဆယ်တွင် ကုမ္ပဏီများသည် ကန့်သတ်ချက်များ ရုပ်သိမ်းပေးမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေရင်း ၎င်းတို့၏ လုပ်ငန်းများ ပြန်လုပ်ကိုင်နိုင်ကာ လက်ကျန်စာရင်းများကို ရှင်းပစ်လိုကြပါသည်။"


တွက်ချက်နည်း
IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး
အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ 
အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
လှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို
ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်
အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၁ စက်တင်ဘာ ၁၃-၂၂ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ
အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည်
မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ
သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့်
အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ
Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်
ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်
© 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ
အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်
လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး
အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို
ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက
https://ihsmarkit.com/products/pmi.html
သို့ ဝင်ရောက်ကြည့်ရှုပါ။

 

Industry Reviews Read 352 times