IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ သြဂုတ်လတွင် ထုတ်လုပ်မှုအကျဘက်သို့ ဆက်လက် ဦးတည်


02 September, 2021

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ သြဂုတ်လတွင် ထုတ်လုပ်မှုအကျဘက်သို့ ဆက်လက် ဦးတည်ခဲ့ပါသည်။

အဓိက တွေ့ရှိချက်များ

  • PMI သည် ကျဆင်းမှု နယ်ပယ်ထဲတွင် ၄၄.၅ မှာ အခိုင်အမာ ရှိမြဲရှိနေခြင်း
  • ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရှေ့ဆက် အရှိန်ဖြင့် ကျဆင်းသွားခြင်း
  • လုပ်ငန်းများ၏ ယုံကြည်မှုမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်မှစပြီး အနည်းဆုံး ဖြစ်ခြင်း

ဒေတာကို ၂၀၂၁ ခုနှစ် သြဂုတ် ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာနေပြီး လော့ဒေါင်း ကန့်သတ်ချက်များ ဆက်လက်သက်ရောက် နေခဲ့သောကြောင့် IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် သြဂုတ်လတွင် အကျဘက်သို့ ဆက်လက်ဦးတည်မြဲ ဦးတည်နေပါသည်။ 
စက်ရုံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရှေ့ဆက်ပြီး အရှိန်ရ ကျဆင်းလာခဲ့မှုကြောင့် လုပ်ကိုင်မှု အခြေအနေများ ပြင်းထန်စွာ
ဆုတ်ယုတ်သွားလျက် ကုန်စည် ထုတ်လုပ်သူတို့၏ လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ မျှော်မှန်းချက်မှာ ၁၃-လတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားသည်။
အဓိကအကျဆုံး PMI အညွှန်းကိန်းသည် သြဂုတ်လတွင် ၄၄.၅ တွင် ရှိနေရာ ဇူလိုင်လ၏ ၄၄.၆ မှ မသိမသာ ကျသွားလျက် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍ၏ သုံးလဆက်တိုက် အခြေအနေ ဆုတ်ယုတ်လာမှုကို အချက်ပြနေပြီး ခြုံပြောရလျှင် ပြင်းထန်သည့် ကျဆင်းမှု ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် မေလမှစပြီး ပါဝင်ကြသည့် ခုနစ်နိုင်ငံစလုံးက သြဂုတ်လတွင် အခြေအနေများ ဆုတ်ယုတ်လာကြောင်း ပထမဆုံးမှတ်တမ်း တင်ခဲ့ကြသည်။

အနက်ရှိုင်းဆုံး ကျဆင်းမှုကို မြန်မာနိုင်ငံတွင် တွေ့မြင်ခဲ့ရပြီး ၎င်း၏ PMI (၃၆.၅) မှာ မှတ်တမ်းထဲတွင် အနိမ့်ဆုံးဖြစ်သည်။
၎င်းနှင့် ကပ်လျက် လိုက်လာသူမှာ ကိုဗစ်-၁၉ ကူးစက်မှုကို ဆက်လက် ရင်ဆိုင်နေရလျက် အဓိကအကျဆုံး အညွှန်းမှာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစပြီး အနိမ့်ဆုံး (၄၀.၂) သို့ ကျဆင်းသွားသည့် ဗီယက်နမ်နိုင်ငံ ဖြစ်ပါသည်။
အခြားနိုင်ငံများကို လေ့လာကြည့်လျှင် မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများမှာ သိသာသည့် ဆုတ်ယုတ်မှုများကို မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရနိုင်သော်လည်း နှစ်နိုင်ငံစလုံး၏ ကျဆင်းမှု နှုန်းများမှာမူ ဇူလိုင်ထက် အားပျော့လာခဲ့သည်။ သို့သော်လည်း ၄၃.၄ နှင့် ၄၃.၇ တွင် ရှိနေခဲ့သည့် နှစ်နိုင်ငံ၏ နောက်ဆုံး PMI အညွှန်းကိန်းများက နိုင်ငံအသီးသီး၏ ထုတ်လုပ်ရေး ကဏ္ဍများ ပြင်းထန်စွာ ကျဆင်းမှုကို ညွှန်ပြနေပါသည်။

ယင်းကာလအတွင်းမှာ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် အသစ်တဖန် ကျဆင်းမှုများကို မှတ်တမ်း တင်ခဲ့ပါသည်။

စင်ကာပူ၏ အဓိကအကျဆုံး အညွှန်းကိန်း (၄၄.၃)မှာ ဇူလိုင်လ၏ ရှစ်နှစ်တာအမြင့်ဆုံးမှ နိမ့်ကျသွားခဲ့ပြီး လွန်ခဲ့သည့် စက်တင်ဘာလမှစပြီး အနိမ့်ဆုံးသို့ နိမ့်ဆင်းသွားမှုဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင်မူ နောက်ဆုံး အညွှန်းကိန်း (၄၆.၄) က မေလမှစပြီး ပထမဦးဆုံး ဆုတ်ယုတ်မှုကို အချက်ပြလိုက်ပြီး ၁၅-လ အတွင်း အပြင်းထန်ဆုံး တစ်ခုဖြစ်သည်။

နောက်ဆုံးအဖြစ် ထိုင်းနိုင်ငံ၏ PMI သည် သြဂုတ်လတွင် အမှတ် ၅၀.၀ အောက်သို့ ရှေ့ဆက် ထိုးကျသွားသည်။ နောက်ဆုံး အညွှန်းကိန်း ၄၈.၃ တွင် ရှိနေခြင်းက သုံးလအတွင်းမှာ အများဆုံး ကျဆင်းမှုဖြစ်သော်လည်း ဒသမဂဏန်းမျှ ကျဆင်းသွားမှုပါ။

 

ခြုံပြောရလျှင် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် သြဂုတ်လတွင် ကျဆင်းမှုနယ်ပယ်ထဲတွင် အခိုင်အမာ ကျန်ရှိနေပါသည်။

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များမှာတတိယမြောက်လအဖြစ် တောက်လျှောက် ကျဆင်းသွားခဲ့ပြီး ကျဆင်းမှု နှုန်းမှာ ဇူလိုင်လနှင့်စာလျှင် အနည်းငယ်သာ ပြောင်းလဲသွားလျက် မှတ်တမ်းထဲက အပြင်းထန်ဆုံး တစ်ခုဖြစ်ပြီး ကပ်ရောဂါကို ထိန်းချုပ်ရန် တင်းကျပ်သည့် အစီအစဉ်များ
ပြန်လည် ချမှတ်နေရမှု၏ စိန်ခေါ်မှုများကို ရောင်ပြန်ဟပ်နေပါသည်။

ပြည်ပတင်ပို့ရေးအော်ဒါအသစ်များ သုံးလဆက်တိုက် ကျဆင်းလာခဲ့ရာ ပြည်ပမှ ဝယ်လိုအားပါ သြဂုတ်လတွင် အားနည်းသွားသော်လည်း ကျဆင်းမှု နှုန်းမှာမူ ဇူလိုင်လမှစပြီး အားပျော့သွားပါသည်။
သို့ဖြစ်၍ အာဆီယံကုန်စည် ထုတ်လုပ်သူတို့သည် သြဂုတ်လတွင် မိမိတို့၏ ဝယ်ယူမှုများကို လျှော့ချခဲ့ကြရာ ဇွန်လတွင် စတင်ခဲ့သည့် ဝယ်ယူမှုလျှော့ချရေး လက်ရှိအစဉ်ကို ရှေ့ဆက်လိုက်ပါသည်။

ကျဆင်းခဲ့သည့် နှုန်းမှာ ယခင်လထက် နည်းလာသော်လည်း ထင်ရှားခဲ့ပါသည်။

ထို့ကြောင့် လက်ကျန်စာရင်းများမှာ ရှေ့ဆက် ကျဆင်းသွားသည်။
မည်သို့ပင်ဖြစ်စေ ပစ္စည်းပေးသွင်းမုှု ကွင်းဆက်များထဲတွင် ပြတ်တောက်မှုများမှာ သိသိသာသာ ရှိမြဲရှိခဲ့သည်။ ကြန့်ကြာမှုများမှာ ဇူလိုင်လကဲ့သို့ မပြင်းထန်ခဲ့သော်လည်း ထည့်ကုန်များ ပေးသွင်းရန် ကြာမြင့်ချိန်များမှာ မှတ်တမ်းထဲက အကြာရှည်ဆုံး တစ်ခု ဖြစ်လာပါသည်။
ယင်းအတောအတွင်းမှာ ကုန်စည် ထုတ်လုပ်သူတို့သည် မိမိတို့၏ လုပ်သားဦးရေကို သြဂုတ်လတွင် ဆက်လျှော့ချခဲ့ကြခြင်းဖြင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည့် အလုပ်နေရာများ ကျဆင်းလာသည့် အစဉ်ကို တိုးချဲ့ဆန့်ပေးလိုက်ကြသည်။

ယခုလ၏ အလုပ်နေရာ ဖြတ်တောက်မှု နှုန်းမှာ အားပျော့လာခဲ့သော်လည်း ခြုံကြည့်လျှင် အားကောင်းနေဆဲဖြစ်သည်။ မပြီးစီးခဲ့သည့် အလုပ်များ စံချိန်တင် နှုန်းဖြင့် မြင့်တက်လာခဲ့ပြီး သြဂုတ်လ၏ ဒေတာက ကုန်ထုတ်စွမ်းအားဆိုင်ရာ ဖိအားပေးမှုများ သိသာခဲ့ခြင်းကိုပါ
မီမောင်းထိုးပြလိုက်သည်။
ငွေကြေးဖောင်းပွမှု ဖိအားများ မြင့်မားလျက် ရှိနေဆဲဖြစ်သည်။ ကုန်ကျမှု စရိတ်များ ထပ်ပြီး သိသာစွာ မြင့်တက်လာခဲ့ကာ ကုမ္ပဏီများသည် ၎င်းတို့၏ ပျမ်းမျှ ရောင်းဈေးများကို အရှိန်ဖြင့် မြှင့်တင်ခဲ့ကြသည်။
အကျဘက်သို့ ဆက်လက် ဦးတည်မှုက သြဂုတ်လတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှုအပေါ် ဖိစီးခဲ့သည်။ ခြုံပြောရလျှင် အကောင်းမြင်နေဆဲဟု ဆိုနိုင်သော်လည်း လာမည့်တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှုဆိုင်ရာ အကောင်းမြင်မှု အဆင့်မှာ၂၀၂၀ ဇွန်လမှစပြီး
အနက်ရှိုင်းဆုံးသို့ ထိုးကျသွားကာ သမိုင်းစဉ်အရ အားနည်းခဲ့ပါသည်။


သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဆန်းစစ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-

"ကိုဗစ်-၁၉ ကူးစက်မှုများနှင့် ပိုမိုတင်းကျပ်သည့် လော့ဒေါင်း အရေးယူမှုများသည် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍအပေါ် ဆက်လက်ပြီး ကြီးမားစွာ အကျိုးသက်ရောက်ခဲ့လျက် ကျဆင်းမှုဒဏ်ကို အလူးအလဲ ခံစားနေရဆဲဖြစ်သည်။
ဖောက်သည်များထံမှ ဝယ်လိုအား ဆက်ကျနေချိန်တွင် စက်ရုံများ၏ ထုတ်လုပ်မှုမှာ အရှိန်ဖြင့်ထပ်ပြီး ကျဆင်းလာနေသည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် လက်ကျန်အလုပ်များ စံချိန်တင် တိုးလာခဲ့သည့် တိုင်အောင် အလုပ်နေရာများကို ပြန်ဖြတ်တောက်လာခဲ့ကြပြီး လုပ်ငန်းများ၏ ယုံကြည်မှုမှာ ၁၃-လအတွင်း အနိမ့်ဆုံးသို့ လျှောကျသွားခဲ့သည်။
"ထို့အပြင် ၂၀၂၀ ပြည့်နှစ် မေလမှစပြီး ပထမဦးဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် ခုနစ်နိုင်ငံစလုံးတွင် ကျဆင်းမှုများကို မှတ်တမ်းလိုက်ကြခြင်းဖြင့် ဒေသတစ်ဝန်းမှာ ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာနေခြင်းနှင့် လော့ဒေါင်း အစီအစဉ်များ တိုးချဲ့ချမှတ်နေရခြင်း၏ ပြင်းထန်သည့် အကျိုးဆက်များကို မီးမောင်း
ထိုးပြလိုက်ပါသည်။ ကျဆင်းမှု အများဆုံး နှုန်းများကို မြန်မာ၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံများတွင် မှတ်တမ်း တင်ခဲ့ပါသည်။
"ခြုံပြောရလျှင် နောက်ဆုံး ဒေတာထဲတွင် ကောင်းမွန်သည့် အချက်များ နည်းလှပါသည်။
ကုမ္ပဏီများသည် လာမည့် ၁၂-လအတွင်း ထုတ်လုပ်မှု ပိုမြင့်လာမည်ဟု ယုံကြည်မြဲ ယုံကြည်နေကြပြီး ကန့်သတ်မှုများကို ရုပ်သိမ်းပေးလိုက်သည်နှင့် ထုတ်လုပ်ရေး ကဏ္ဍသည် အသစ်တဖန် ဦးမော့လာမည်ဟု မျှော်လင့်ကြပါသည်။"

 

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊

အလုပ်နေရာ (၂၀%)၊

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

Industry Reviews Read 216 times