ကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့် ထန်းတပင်စက်မှုဇုန် မြေတိုင်းတာမှုလုပ်ငန်း စတင်


16 May, 2019

ရန်ကုန်တိုင်းရှိ မြစ်သုံးခုအကြား တည်ရှိတဲ့ ထန်းတပင်မြို့နယ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၂,၃၀၀ ကျော် စတင်တိုင်းတာခြင်းလုပ်ငန်းကို မေလ ၁၃ ရက်နေ့က စတင်ခဲ့ပါတယ်။

လှိုင်မြစ်၊ ဘောလယ်မြစ်နဲ့ ပန်းလှိုင်မြစ်တို့အကြား ကုန်းမြေမှာ ဒေါ်လာ သန်း ၅၀၀ ခန့်ရင်းနှီးမြှုပ်နှံပြီး ထန်းတပင်စက်မှုမြို့တော် စီမံကိန်းကို ဟောင်ကောင်၊ တိုင်ပေမှ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်းအကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

‘‘မြေတိုင်းမှုကို စပြီးတော့ လုပ်တာပေါ့’’ လို့ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောပါတယ်။ ထန်းတပင်မြို့နယ်ကို ရောက်ရှိပြီး ၂ နှစ်အတွင်း စတင်အကောင်အထည်ဖော်မယ့် စက်မှုဥယျာဉ်စီမံကိန်းအတွက် အုပ်ချုပ်ရေးမှူးတစ်ဦးအနဖြင့် ဝမ်းသာမိတယ်လို့ ၎င်းကဆိုပါတယ်။

မြို့တွင်းမှ ကားမောင်းချိန် ၂ နာရီအတွင်း ရောက်ရှိနိုင်တဲ့ ထန်းတပင်မြို့နယ်ဟာ ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ်ပြီးရင် ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်တစ်ခုဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲ့ အနောက်ပိုင်းအကျဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထန်းတပင်မြို့နယ်မှာ နေထိုင်သူအများစုဟာ လယ်ယာလုပ်ငန်းကိုသာ အားထားလုပ်ကိုင်ကြပါတယ်။

တစ်နှစ်လျှင် တစ်ရာသီသာ စပါးစိုက်ပျိုးနိုင်ပြီး လယ်တစ်ဧကလျှင် ဝင်ငွေကျပ်နှစ်သိန်းမှ သုံးသိန်းသာရရှိတဲ့ ထန်းတပင်မြို့နယ်မှာ နေထိုင်သူ ၁ ဒသမ၃ သိန်းကျော်အတွက် အခုအကောင်အထည်ဖော်မယ့် စက်မှုဥယျာဉ်စီမံကိန်းမှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မယ်လို့ ဦးသန်းဇော်လင်းက မျှော်လင့်ပါတယ်။

မြေဧက တစ်သိန်းခွဲခန့် ကျယ်ပြန့်တဲ့ ထန်းတပင်မြို့နယ်မှာ လက်ရှိအချိန်အထိ စက်မှုဇုန်များ၊ စက်မှုစီမံကိန်းများ မရှိသေးပေ။ ထန်းတပင်မြို့တွင်း မြင်ကွင်းများကလည်း နယ်မြို့ငယ်လေးတစ်ခုလို ထင်မြင်စရာရှိနေပြီး အထပ်မြင့်အဆောက်အအုံများ မြင်တွေ့ရခြင်းမရှိပေ။

‘ဖွံ့ဖြိုးမှုအတွက် ဒီစီမံကိန်းကို အရမ်းမျှော်နေမိတယ်။ အတော်လည်းကြိုးစားညှိနှိုင်းခဲ့ရတယ်’’ လို့ ထန်းတပင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်က ပြောပါတယ်။

ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းပေါ်ရှိ လမုတန်းကြီးကွင်း၊ အပြင်ရေကျော်၊ အတွင်းရေကျော် ကွင်းသုံးခုမှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန်စီမံကိန်းအတွက် လယ်သမား ၉၅ ရာခိုင်နှုန်းက အစိုးရကို လယ်မြေများပေးရန် သဘောတူ ကြောင်း ၎င်းကပြောပါတယ်။

မိမိပိုင်ဆိုင်တဲ့ လယ်မြေများကိုပေးပြီး စက်မှုဇုန်မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ရယူမယ့် အစီအစဉ်ကို လယ်သမား ( ၂၂၁ ) ဦး က သဘောတူညီထားကြောင်း ဦးဌေးမော်က ရှင်းပြပါတယ်။ အစိုးရကို လယ်မြေများပေးရန် ညှိနှိုင်းရမည့် လယ်သမားငါးဦးသာ ကျန်ရှိတယ်လို့ ၎င်းကဆိုပါတယ်။ ဒေသဖွံ့ဖြိုးမယ့် အခြေအနေနဲ့ပတ်သက်ပြီး အဆိုပါလယ်သမားများကလည်း သဘောတူလာနိုင်မယ်လို့ ဦးဌေးမော်က မျှော်လင့်နေပါတယ်။

ရန်ကုန်ပြင်ပ ( ၁၁ ) မြို့နယ်မှာ စက်မှုဇုန်များ အကောင်အထည်ဖော်ဖို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာခဏ ထုတ်ဖော်ပြောကြားပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ ၃၃ မြို့နယ်နဲ့ ဖွံ့ဖြိုးမှုတူညီစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်လိုကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ မှာ စီမံကိန်း ( ၁၉ ) ခု နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားပါတယ်။

စီမံကိန်း ( ၁၉ ) ခု လက်မှတ်ရေးထိုးပွဲမှာ ပါဝင်တဲ့ ထန်းတပင်စက်မှုဇုန် စီမံကိန်းကို လှိုင်သာယာစက်မှုဇုန် (၅) မှာ ကုမ္ပဏီဖွင့်လှစ်ထားပြီး YANGON HTANTABIN TECHNOLOGY PARK CO.,LTD နဲ့ တိုင်းအစိုးရက ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ စီမံကိန်းအဆိုပြုလွှာမှာ လူဦးရေတစ်သိန်းခွဲကို အလုပ်အကိုင်ဖန်တီပေးနိုင်ပြီး အထည်ချုပ်၊ ဖိနပ်ချုပ်ထုတ်ကုန်လုပ်ငန်းများ၊ စက်မှုနည်းပညာထောက်ပံ့ရေးဇုန်၊ လူနေထိုင်မည့်အိမ်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန် များ ပါဝင်ပါတယ်။ ဒါ့အပြင် ထန်းတပင်နဲ့ မှော်ဘီမြို့နယ်ကို စည်းခြားထားတဲ့ ပန်းလှိုင်မြစ်ပေါ်မှာလည်း တံတားတစ်စင်း တည်ဆောက်ဖို့ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းတွင် စက်မှုဇုန် ( ၂၉ ) ဇုန်ရှိပြီး လက်ရှိ ထန်းတပင်စက်မှုဇုန် အကောင်အထည်ဖော်မယ်ဆိုပါက စက်မှုဇုန် ( ၃၀ ) ရှိမှာ ဖြစ်ပါတယ်။ ထန်းတပင်စက်မှုဇုန်ဟာ လက်ရှိ တိုင်းအစိုးရက ပထမဆုံး အကောင်အထည်ဖော် မယ့်စက်မှုဇုန်ဖြစ်ပါတယ်။

7Day Daily

Local News Read 460 times