Covid-19 ကာကွယ်ရေးထိုးဆေး ဘယ်လောက် ပေးရမလဲ


18 November, 2020

Covid-19 ကာကွယ်ရေးထိုးဆေး အမြန်ဆုံး ရရှိရန် ကြိုးကမ်းဆောင်ရွက်နေခဲ့ပြီး လပိုင်းအကာတွင် အရေးပေါ်ထိုးဆေးအဖြစ် အတည်ပြုချက် ရယူနိုင်တော့မည်။

ထိရောက်မှုက လူ ၁၀၀ ဆေထိုးလျှင် ၉၀ ဦးကျော် ဗိုင်းရပ်စ် ပိုးပြီးသည့် ကိုယ်ခံအားထိရောက်မှု ရရှိမည်ဟု သတင်းများ ထွက်ပေါ်နေသည်။  ထိုအခါ လက်တစ်ကမ်းသို့ ရောက်လာပြီဖြစ်သော Covid-19 ကာကွယ်ရေးထိုးဆေး ထိုးဖို့ ဘယ်လောက် ပေးရမလဲဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေသည်။

Covid-19 ကာကွယ်ရေးထိုးဆေး ဈေးနှုန်းများက အမျိုးမျိုး ဖြစ်သည်။ အမေရိကန် ၃ ‌ေဒါ်လာမှ ဒေါ်လာ ၃၀ ကျော်အထိ ရှိသည်။ ဈေးကြီးလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ တတ်နိုင်မည် မဟုတ်။ ကြွေးအတင်ခံပြီး ဆေးထိုးရမည့် အခြေအနေမျိုး ဖြစ်နေသည်

Bill & Melinda Gates Foundation က ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေး ထုတ်လုပ်သူ Serum Institute of India သို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်ခဲ့သည်။ ဆင်းရဲသော နိုင်ငံများကို ထိုးဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာထက် မကျော်သောဈေးဖြင့် ရောင်းချနိုင်စေရန် လှူဒါန်းခြင်း ဖြစ်သည်။ အိန္ဒိဘ အစိုးရသည် ကိုဗစ်ကာကွယ်ရေးထိုးဆေးများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် အတူတကွ လုပ်ကိုင်သွားရန် စီစဉ်ဆောင်ရွက်နေသည်။

ကာကွယ်ဆေး ထုတ်လုပ်သည့် လုပ်ငန်းများသည် ကာကွယ်ဆေး ထုတ်လုပ်ရန် သုတေသန လုပ်ဆောင်ရန် ကုန်ကျစရိတ်များအတွက် အစိုးထံမှ ဒေါ်လာ ဘီလျံချီ အထောက်အပံ့ရယူထားခြင်း ဖြစ်ပေရာ ရောင်းဈေးကို အတိအလင်း ပြောဖို့ ဝန်လေးသည်များလည်း ရှိနေသည်။

ထို့အပြင် ရောင်းဈေးသတ်မှတ်ရန် ထိုးဆေး၏ ထိရောက်မှုအစွမ်း၊ စမ်းသပ်မှုများ၏ ရလဒ်များ၊ ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ အတိအကျ မသိနိုင်သေးခြင်း၊ ပြိုင်ဘက်များမှ သတ်မှတ်သည့် ဈေးနှုန်းများ၊ ဝယ်ယူသူများသည် တစ်ဉီးချင်းအရ ဝယ်ယူသူများ၊ အစိုးရမှ ဝယ်ယူခြင်း၊ အဖွဲ့အစည်းများမှ ဝယ်ယူခြင်း၊ ကုမ္ပဏီများက ဝန်ထမ်းများအတွက် ဝယ်ယူခြင်း စသဖြင့် ရှိနေပေရာ

ဝယ်ယူသူများအပေါ် မူတည်၍လည်း ဈေးနှုန်း ကွဲပြားနိုင်ခြင်း၊ ပင်ရင်း မူလကုမ္ပဏီက ထုတ်လုပ်ခြင်းအပြင် အခြားဆေးဝါးထုတ်လုပ်သူများကို လိုင်စင်ချပေး၍ ထုတ်လုပ်စေခြင်းကြောင့် ရောင်းဈေးနှုန်းအပေါ် သက်ရောက်မှု ရှိခြင်း၊ ထုတ်လုပ်ပြီးချိန်မှ ဆေးထိုးသည့်အချိန်အထိ တောက်လျှောက် အအေးဓာတ်ပေးထားပြီး သိုလှောင်ခြင်းနှင့် သယ်ယူခြင်း ပြုရန် လိုအပ်သဖြင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် ခရီးစရိတ်များ ရှိနေခြင်း စသော ထည့်သွင်းစဉ်းစားစရာ အချက်များကြောင့် ဈေးနှုန်း သတ်မှတ်ဖို့ စောလွန်းနေသေးသည်ဟု ဆိုသူများလည်း ရှိသည်

fizer မှ ထုတ်လုပ်မည် ကိုဗစ်ထိုးဆေးသည် အအေးချိန် (-) ၇၀ ဒီဂရီ စဲစီးယပ်စ်မှ (-) ၈၀ ဒီဂရီ စဲစီးယပ်စ် အတွင်းမှာ အမြဲမပြတ် ထားသိုရန် လိုအပ်သည်။ SinoVac ၊ Oxford နှင့် AstraZeneca တို့ ထုတ်လုပ်မည့် ကိုဗစ်ထိုးဆေးသည် အိမ်သုံးရေခဲသေတ္တာထဲတွင် ထားသိုနိုင်သည်။ Sputnik V သည် အအေးချိန် (-) ၁၈ ဒီဂရီ စဲစီးယပ်စ် တွင် ထားသိုရမည် ဖြစ်သည်။

တကယ်တမ်း အရေအတွက် သန်းချီပြီး ထုတ်လုပ်သည့်အခါ ရောင်းချပေးမည့် ဈေးနှုန်းကို ပြောဖို့ခက်နေသော်လည်း ယခုကတည်းက ဈေးနှုန်း ညှိနှိုင်းသတ်မှတ်ထားကြပြီး ထိုးဆေးရလာသည့်အခါ အရေအတွက် သန်းချီပြီး အရောင်းအဝယ်လုပ်ဖို့ သဘောတူကြသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ဥရောပကော်မရှင်က ဆေးဝါးလုပ်ငန်း AstraZeneca နှင့် ညိှနှိုင်းခဲ့ရာတွင် ထိုးဆေးတစ်လုံးကို အမေရိကန်ဒေါ်လာ ၃ မှ ၄ ‌ေဒါ်လာအတွင်း ဈေးနှုန်းသတ်မှတ်ကာ ရောင်းချပေးရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

Johnson & Johnson မှ ထုတ်မည့် ထိုးဆေးသည် ၁၀ အမေရိကန်ဒေါ်လာ ဝန်းကျင် ရှိမည်ဟု ဆိုသည်။ Sanofi နှင့် GSK တို့ ပူးပေါင်းလုပ်ကိုင်သည့် ထိုးဆေးသည်လည်း ၁၀ အမေရိကန်ဒေါ်လာ ဝန်းကျင် ရှိမည်ဟု ဆိုသည်။ အမေရိကန်မှ ဇီဝနည်းပညာကုမ္ပဏီ Moderna က အများဆုံး ၃၇ အမေရိကန်ဒေါ်လာ အထိ ဈေးနှုန်းသတ်မှတ်ရဖွယ်ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုဗစ် ထိုးဆေးသည် တစ်ကြိမ်နှင့် တစ်ကြိမ် ၂၈ ရက် ခွာပြီး နှစ်ကြိမ်ထိုးရမည် ဖြစ်ရာ အဆိုပါဈေးနှုန်းများသည် တစ်ကြိမ်စာကို ဆိုလိုသည်ဟု သိရသည်။ တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ရေးထိုးဆေး ထုတ်လုပ်မည့် Sinovac က ထိုးဆေး နှစ်ကြိမ်စာကို အမေရိကန်ဒေါ်လာ ၆၀ ဖြင့် မြို့ကြီးအချို့တွင် လူဉီးရေ သောင်းဂဏန်းကို ဆေးထိုးနှံပေးမည့် အစီအစဉ် ရှိသည်။ '

Gates က ချမ်းသာသည့် နိုင်ငံများသည် ဆေးဖိုးကို မျှဝေကျခံပေးကြခြင်းဖြင့် ဆင်းရဲသော နိုင်ငံများသည် ထိုးဆေးကို ၃ အမေရိကန်ဒေါ်လာဖြင့် ထိုးနိုင်အောင် လုပ်ပေးသင့်ကြောင်း အကြံပြုတိုက်တွန်းသည်။ Gates က ဈေးနှုန်းကို အလွှာ သုံးခု ထားသင့်သည်။ ချမ်းသာသည့် နိုင်ငံများသည် ကုန်ကျစရိတ်အဝဝအတွက် အများစုကို အကုန်အကျခံသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲရမည်။ အလယ်အလတ်နိုင်ငံများသည် ကုန်ကျစရိတ်အဝဝ၏ အချို့အတဝက်ကို ကျခံသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲရမည်။ ဆင်းရဲသောနိုင်ငံများသည် အနည်းငယ်မျှသာ ကျခံသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲရမည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လာမည့်နှစ်ကုန်တွင် ကမ္ဘာတစ်လွှားတွင် ကိုဗစ်ထိုးဆေး ၂ ဘီလျံ ထိုးနှံမည့် Covax

အစီအစဉ် ရှိသော်လည်း ချမ်းသာသည့်နိုင်ငံများက ပါဝင်ကူညီရန် ကတိကဝတ်များကို ယခုထိ မရရှိသေးချေ။ Covax အစီအစဉ်သည် ဆင်းရဲသည့်နိုင်ငံများကိုသာ ကိုဗစ်ထိုးဆေး ဖြန့်ဝေရန် မဟုတ်ဘဲ နိုင်ငံအားလုံးသို့ ဖြန့်ဝေရန် ဖြစ်သည်။ Covax အစီအစဉ်အရ ဈေးချိုချိုဖြင့် ဝယ်ယူခွင့် ရရှိမည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်သည်။

ကာကွယ်ရေးထိုးဆေးများတွင် mRNA ကာကွယ်ဆေး အမျိုးအစားသည် adenovirus vector အခြေပြုထုတ်လုပ်သည့် ကာကွယ်ဆေးထက် ထုတ်လုပ်မှု စရိတ်စက ပိုများသဖြင့် ကာကွယ်ရေးထိုးဆေး အမျိုးအစားအရလည် ဈေးကွာခြားမှု ရှိကို ရှိနေမည် ဖြစ်သည်။ Moderna မှ ထုတ်လုပ်မည့် ကိုဗစ်ထိုးဆေး၊ Pfizer နှင့် BioNTech တို့ လက်တွဲလုပ်ကိုင်သည့် ကိုဗစ်ထိုးဆေးတို့သည် mRNA ကာကွယ်ဆေး အမျိုးအစား ဖြစ်သဖြင့် ဈေးပိုပေးရလိမ့်မည်။ AstraZeneca နှင့် Oxford university တို့ ထုတ်လုပ်မည့် ထိုးဆေးသည် adenovirus vector အခြေပြုထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သဖြင့် နှိုင်းယှဉ်ပါက ဈေးသက်သာမည်။

Pfizer နှင့် BioNTech တို့ လက်တွဲလုပ်ကိုင်သည့် ကိုဗစ်ထိုးဆေးကို အမေရိကန်အစိုးရက ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုထားရာ၌ ထိုးဆေးနှစ်ကြိမ်စာကို ၃၉ အမေရိကန်ဒေါ်လာဟု သတ်မှတ်ထားကြောင်း သိရသည်။

Myanmar Industry Guide

Ref:ft.com

Global News Tips Read 630 times