Honda က လေယာဉ်သစ် HondaJet 2600 Concept ကို မိတ်ဆက်


16 October, 2021

အမေရိကန်နိုင်ငံ Las Vegas Convention Center  မှာ ဂျပန်နိုင်ငံမှ Honda Aircraft Company က နောက်ထုတ်လုပ်မယ့် လေယာဉ်ပျံမော်ဒယ်အသစ် HondaJet 2600 ကို ခင်းကျင်းပြသပြီး ဥက္ကဋ္ဌ Michimasa Fujino က လေယာဉ်မော်ဒယ်သစ်အကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

လက်ရှိ ထုတ်လုပ်နေတဲ့ လေယာဉ် HA-420 ကို အခြေခံထားပြီး ခရီးတာပိုဝေးဝေးကို ပိုမြန်နဲ့ အမြန်နှုန်းဖြင့် ပျံသန်းရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ 

လေယာဉ်ပျံမော်ဒယ်အသစ် HondaJet 2600 က အရွယ်အစား  အလယ်အလတ်တန်းစားဖြစ်ပြီး ပိုင်းလော့ တစ်ဦးဖြစ်စေ နှစ်ဦးဖြစ်စေ ထိန်းကျောင်းမောင်းနှင်နိုင်ပါတယ်။

ခရီးသည် ၉ ဦး လိုက်ပါနိုင်ပါတယ်။ 

တောင်ပံပေါ်မှာ အင်ဂျင်နှစ်လုံးတွဲကို နေရာချပေးထားပါတယ်။ 

“စီးပွားရေးအလုပ်အရ လေကြောင်းခရီးသွားလာနေကြတဲ့ အခြေအနေတွေက နိုင်ငံကျော်ဖြတ် ပျံသန်းဖို့ ပိုမြန်ဆန်တဲ့ လေယာဉ်လိုအပ်နေကြောင်း အချက်ပြနေတယ်။ ခရီးသည် ပိုများများ လိုက်ပါနိုင်ပြီး ပစ္စည်းများများ ပိုသယ်နိုင်တာမျိုးကို လိုအပ်နေတယ်။ တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကာဘွန်ထုတ်လုပ်မှု လျှော့ချပေးထားဖို့လည်း လိုအပ်နေတယ်။ အဲဒီအချက်တွေကို တုံ့ပြန်ပေးတဲ့အနေဖြင့် ကျွန်တော်တို့က HondaJet 2600 Concept ကို ဖွံ့ဖြိုးထုတ်လုပ်ခဲ့ကြပါတယ်” လို့ Fujino က ရှင်းပြပါတယ်။ 

အမည်နောက်ဆုံးမှာ Concept လို့ ဆိုထားတဲ့အတွက် စိတ်ကူးကို အကောင်အထည်ဖော်နေတဲ့ အဆင့်မှာ ရောက်ရှိနေပါတယ်။ 

အချက်အလက်များ

ပျံသန်းနိုင်သည့် အမြန်ဆုံး အမြန်နှုန်း 450 ktas
1 Knots True Airspeed (ktas) အမြန်နှုန်းက တစ်နာရီ 1.1507 မိုင် အမြန်နှုန်းဝန်းကျင် ဖြစ်ပါတယ်။

ပျံသန်းနိုင်သည့် အမြင့်ဆုံးအမြင့်  47,000 ပေ

ပျံသန်းနိုင်သည့် အဝေးဆုံးခရီးတာ 2,625 nm
တိုကျိုမှ ဟောင်ကောင်သို့ လည်းကောင်း၊ လော့စ်အိန်ဂျယ်လိစ်မှ နယူးယောက်သို့ လည်းကောင်း၊ လန်ဒန်မှ ကိုင်ရိုသို့ လည်းကောင်း တိုက်ရိုက်ပျံသန်း ရောက်ရှိနိုင်ပါတယ်။

ကုန်ခန်း အရွယ်အစား 120  ကုဗပေ

 

Tips Read 3061 times