ရွှေလင်ဗန်းစက်မှုဇုန်တွင် ထပ်မံပိတ်သိမ်းသော စက်ရုံမရှိသေး၊ စက်ရုံနှစ်ရုံ အသစ်ဖွင့်လှစ်


29 October, 2021

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် ယခင်ပိတ်သိမ်းသည့် စက်ရုံ ၃၅ ရုံ အပြင် ထပ်မံပိတ်သိမ်းသည့် စက်ရုံမရှိသေးဘဲ အသစ်ဖွင့်လှစ်သည့် စက်ရုံနှစ်ရုံရှိကြောင်း အောက်တိုဘာ ၂၆ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ပိတ်သိမ်းသည့်စက်ရုံများ ထပ်တိုးမရှိသေးဘဲ ယခင်ပိတ်သိမ်းသည့် စက်ရုံအတိုင်းသာဖြစ်ကြောင်း၊ စက်မှုဇုန်တွင် အသစ်ဖွင့်လှစ်သည့် စက်ရုံနှစ်ရုံရှိကြောင်း ရွှေလင်ဗန်း စက်မှုဇုန်ကော်မတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပိတ်တဲ့စက်ရုံတွေကတော့ လောလောဆယ် အရင်ပိတ်ထားတဲ့အတိုင်းပါပဲ။ ထပ်မရှိပါဘူး။ တခြားဇုန်ထဲကနေ ကျွန်တော်တို့ ဇုန်ထဲကို ပြောင်းဝင်လာတဲ့ စက်ရုံတစ်ရုံရယ်၊ အသစ်ဖွင့်တဲ့ စက်ရုံတစ်ရုံရယ် လောလောဆယ် အဲဒီနှစ်ရုံပဲရှိပါတယ်။ အတိုး အဲဒီစက်ရုံ နှစ်ရုံရှိတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

အသစ်ဖွင့်လှစ်သည့် စက်ရုံနှစ်ရုံတွင် တစ်ရုံမှာ အအေးခန်းစက်ရုံဖြစ်ပြီး အလုပ်သမား ၁၅၀ ခန့်ရှိကြောင်း၊ ကျန်တစ်ရုံမှာ စက္ကူပုံးစက်ရုံဖြစ်ကာ အလုပ်သမား ၂၀ ခန့်သာရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“အဲဒီစက်ရုံတွေမှာ စက်ရုံတစ်ခုက အလုပ်သမား ၁၅၀ လောက်ရှိတယ်။ သူကတော့ အအေးခန်းစက်ရုံပေါ့။ နောက်တစ်ရုံက စက္ကူပုံးစက်ရုံ။ အဲဒီစက်ရုံမှာတော့ အယောက် ၂၀ လောက်ပဲရှိပါတယ်” ဟု ယင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း စက်မှုဇုန်တစ်ခုတည်းတွင် ပိတ်သိမ်းသည့် စက်ရုံ ၃၅ ရုံရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားပေါင်း နှစ်သောင်းနီးပါးရှိကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီမှ သိရသည်။


“ယာယီပိတ်တာကတော့ စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၃၀ လောက်တော့ရှိတယ်။ အပြီးပိတ်တာက ငါးရုံလောက်ရှိတယ်။ စုစုပေါင်း ၃၅ ရုံရှိတယ်။ အဲဒီလိုပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားပေါင်း အနည်းဆုံးနှစ်သောင်းလောက်ရှိမယ်” ဟု စက်မှုဇုန်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ စက်ရုံများပိတ်သိမ်းမှုများပြားသည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများမှာ အလုပ်အသစ်ရရန် ရှာနေစဉ်တွင် စားဝတ်နေရေး အခက်အခဲများရှိကြကြောင်း၊ ပိတ်သိမ်းသည့် စက်ရုံများထဲတွင် အလုပ်သမားအင်အားများစွာ အလုပ်လုပ်နေသော အထည်ချုပ်စက်ရုံ ၁၀ ရုံခန့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခက်အခဲကတော့ ရှိကြတာပေါ့လေ။ နောက်ထပ်အလုပ်အသစ်ရဖို့ ပြန်ရှာနေကြတာပေါ့။ အဲဒီကြားကာလမှာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက အခက်အခဲရှိကြမှာပါ။ ပိတ်တဲ့စက်ရုံထဲမှာလည်း အထည်ချုပ် စက်ရုံ ၁၀ ရုံလောက်ပါတယ်။ ကျန်တာက တခြားစက်ရုံတွေပေါ့။ အထည်စစ်စက်ရုံတွေ၊ ဆီစျေးတက်လာလို့ မကိုက်တော့ မုန့်လုပ်တဲ့ စက်ရုံတွေလည်းပါတယ်” ဟု ၎င်းကဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာစက်မှုဇုန်နှင့် ရွှေသံလွင်စက်မှုဇုန်တို့တွင် နှစ်စပိုင်းမှစ၍ စက်တင်ဘာလကုန်အထိ ပိတ်သိမ်းသည့်စက်ရုံ ၃၈ ရုံရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားပေါင်း တစ်သောင်းနီးပါးရှိကြောင်း စက်တင်ဘာ ၂၃ ရက်တွင် စက်မှုဇုန်ကော်မတီများထံမှ သိရသည်။

လှိုင်သာယာစက်မှုဇုန်တွင် စက်တင်ဘာလကုန်အထိ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံ ၂၉ ရုံရှိကြောင်း၊ အဆိုပါစက်ရုံ ၂၉ ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ဦးရေ ခုနစ်ထောင်ခန့်ရှိကြောင်း လှိုင်သာယာ စက်မှုဇုန်ကော်မတီထံမှ သိရသည်။

အလားတူ ရွှေသံလွင်စက်မှုဇုန်၌လည်း စက်တင်ဘာလကုန်အထိ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံကိုးရုံရှိကြောင်း၊ အဆိုပါစက်ရုံကိုးရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေ နှစ်ထောင်ကျော်ရှိကြောင်း ရွှေသံလွင်စက်မှုဇုန်ကော်မတီထံမှ သိရသည်။

news-eleven.com

 

 

Investment/Divestment Read 989 times