အပူချိန်မြင့်မားမှုကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို များစွာထိခိုက်စေနိုင်


25 April, 2019

ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် ရာသီဥတုပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ဖြစ်ပေါ်ကာ မုတ်သုန်မိုးရွာမလား ဆိုတာကို ခန့်မှန်းမရအောင်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအတွက် များစွာ အခက်တွေ့စေနိုင်ပါတယ်။ ဒါ့ပြင် ရေကြီးခြင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်းများလည်း မကြာခဏဖြစ်ပွားလာမှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ မြန်မာနိုင်ငံမှာ အပူချိန် အလွန်အမင်းဖြစ်တဲ့ နေ့ရက် တစ်နှစ်ကို ( ၁၀ ) ရက်ခန့်သာ ကြုံရပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ အသီးသီးက ရာသီဥတု ပြောင်းလဲလာမှုကို တွန်းလှန်ဖို့ အခုချက်ချင်း ထိရောက်စွာ ဆောင်ရွက်နေပေမယ့် ဒီရာစုနှစ်ကုန်ရင်တော့ မြန်မာနိုင်ငံမှာ အလွန်အမင်း ပူပြင်းတဲ့ရက်ပေါင်း တစ်နှစ်ကို ( ၂၀၀ ) ကျော် ခံစားလာရနိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိပါက များမကြာမီမှာ အသက်အန္တရာယ် ဆုံးရှုံးနိုင်စေလောက်တဲ့ အပူဒဏ်ကို နှစ်စဉ်နှစ်တိုင်း လပေါင်းများစွာ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံမှ ဦးဆောင်ဦးရွက် ပြုသင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆွေးနွေးပွဲတွေမှာလည်း မြန်မာနိုင်ငံဟာ ရှေ့ဆုံးက ပါဝင်ကာ ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်နိုင်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်သင့်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရှိ သစ်တောများ၊ ကမ်းရိုးတန်းနဲ့ ထူးခြားစုံလင်တဲ့ ဇီဝမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်း၊ မော်တော်ကားအသုံးပြုမှု လျှော့ချခြင်း၊ မြို့ပြစီမံကိန်း ရေးဆွဲတဲ့အခါ အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေးကို ဗဟိုပြုခြင်း၊ ပိုမိုစိမ်းစိုတဲ့ မြို့ပြများ တည်ဆောက်ခြင်းနဲ့ သန့်စင်တဲ့စွမ်းအင် သုံးစွဲမှုကို မြှင့်တင်ခြင်း စတာတွေကို ဆောင်ရွက်ပြီး အခြားနိုင်ငံများ စံနမူနာပြုနိုင်တဲ့  နိုင်ငံတစ်ခု ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲလာမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့ဟာ အခုလက်ရှိ မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်နေရတဲ့ အရေးအကြီးဆုံးကိစ္စ ဖြစ်နေပါတယ်။

Thant Myint-U

Agriculture & Livestock Read 749 times