Biomass လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဂရိတ်ဝေါလ်အင်တာနေရှင်နယ်ကုမ္ပဏီက အစိုးရထံတင်ပြထား


16 May, 2019

ဂရိတ်ဝေါလ်အင်တာနေရှင်နယ် ကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ၁၂ဝ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် Biomass လျှပ်စစ်ဓာတ်အားစက်ရုံများ တည်ဆောက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပါတယ်။

Biomass လျှပ်စစ်ဓာတ်အားပေးစက်ရုံ လုပ်ဆောင်ဖို့ ၂ဝ၁၆ ခုနှစ်ကတည်းက တရုတ်ပြည်မှာ သွားရောက်လေ့လာခဲ့ပြီး ဇီဝလောင်စာအတွက် ကုန်ကြမ်းတွေကို စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။

အဓိကအနေနဲ့ တောင်သူတွေရဲ့ စိုက်ခင်းတွေက ထွက်ရှိလာတဲ့ စွန့်ပစ်အမှိုက်တွေ ရောင်းချနိုင်အောင်နဲ့ သီးနှံတွေ အထွက်တိုးအောင်မြင်ပြီး နိုင်ငံရဲ့ GDP အတွက် အကျိုးပြုနိုင်အောင် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဘယ်သီးနှံကမဆို ထွက်ရှိလာနိုင်တဲ့ အမှိုက်တွေကို မီးရှို့ပစ်ရမယ့် အတူတူ အခုလိုလောင်စာအဖြစ် အသုံးပြုနိုင်ပြီး နိုင်ငံရဲ့ လိုအပ်တဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်အောင်ပါ။

လက်ရှိ (၆ဝ) မဂ္ဂါဝပ်ထုတ်နိုင်အောင် ကုန်ကြမ်းလောင်စာ ဘယ်လောက်လိုတယ်ဆိုတာအထိ တွက်ချက်ထားပြီးသားဖြစ်ပါတယ်။ လယ်ယာက ထွက်ရှိတဲ့ ပင်စည်နဲ့ကိုင်းဖျား၊ ကိုင်းနားတွေကို ကုန်ကြမ်းအဖြစ် သုံးခြင်းဖြစ်ပါတယ်။

စက်ရုံတည်ဆောက်ဖို့အတွက် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလက စက်ရုံနဲ့ ပတ်သက်တဲ့ အစီအရင်ခံစာတွေကို ပြည်ထောင်စုအစိုးရထံမှာ တင်ပြထားပါတယ်။

ခွင့်ပြုချက်ရခဲ့ရင် တရုတ်နည်းပညာနဲ့ တစ်နှစ်ခွဲအတွင်းမှာ စက်ရုံတည်ဆောက်သွားမယ်လို့ ဂရိတ်ဝေါလ် အင်တာနေရှင်နယ်ကုမ္ပဏီမှ အကြံပေးနှင့် စီမံကိန်း ဒါရိုက်တာဖြစ်သူ ဦးတင်မောင်အုန်းက ပြောကြားပါတယ်။

Biomass လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့အတွက် အခြေခံကုန်ကြမ်းအဖြစ် စွမ်းအင်မြက်၊ စပ်မျိုးအစေ့ကြားကြက်ဆူ (ပင်စည်ပင်ကိုင်း) ၊ ပဲစင်းငုံ (ပင်စည်ပင်ကိုင်း) ၊ နှမ်း (ပင်စည်ပင်ကိုင်း) ၊အကြီးမြန် ယူကလစ် (ငါးနှစ်ပြည့်ကိုင်းဖျားကိုင်းနား) တို့ကိုအသုံးပြု၍ ဆောင်ရွက်သွားမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားစက်ရုံများကို ကသာ၊ တကောင်း - ကြာညှပ်ဒေသတို့မှာ ၁၂ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့်စက်ရုံများကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဦးတင်မောင်အုန်းက ''ဒီလုပ်ငန်းက တောင်သူတွေအတွက် အဓိကအကျိုးဖြစ်ထွန်းနိုင်တဲ့အရာပါ။ အခုဆောက်မယ့် စက်ရုံဝန်းကျင် ကျေးရွာတွေက တောင်သူတွေကို စက်မှုကုန်ကြမ်း သီးနှံစိုက်ပျိုးနိုင်အောင် နည်းပညာတွေပေးဖို့ရှိတယ်။ လယ်ယာကထွက်ရှိတဲ့ အမှိုက်တွေကိုလည်း တစ်တန်ကို ငွေကျပ်နှစ်သောင်းနဲ့ သုံးသောင်းခွဲကြားမှာ ပေးဝယ်သွားဖို့ရှိပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်အားတွေကိုလည်း နိုင်ငံတော်ကိုပို့ပေးသွားမှာပါ'' လို့ ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ကုန်ကြမ်းဖြစ်တဲ့ စွမ်းအင်မြက်၊ စပ်မျိုးအစေ့ကြား ကြက်ဆူ(ပင်စည်ပင်ကိုင်း)၊ အကြီးမြန်ယူကလစ်(ငါးနှစ်ပြည့်ကိုင်းဖျားကိုင်းနား) တို့ကို ဂရိတ်ဝေါလ်ကုမ္ပဏီမှ စိုက်ပျိုးထားရှိပြီး ပဲစင်းငုံ(ပင်စည်ပင်ကိုင်း)၊ နှမ်း(ပင်စည်ပင်ကိုင်း) တို့ကိုတော့ ဒေသခံတောင်သူများထံမှ ဝယ်ယူသွားမှာဖြစ်ပါတယ်။

အခုတည်ဆောက်မယ့် Biomass လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ပထမဆုံးစက်ရုံအဖြစ် တည်ရှိလာမှာဖြစ်ပြီး အခြားလုပ်ငန်းရှင်များကလည်း ယင်းကဲ့သို့ လုပ်ဆောင်မည်ဆိုပါက ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်။

MandalayNewsJournal

Local News Read 2400 times