ရွှေပတ်စပို့ ကဏ္ဍ ကန်ဒေါ် လာ ၁၀၀ ဘီလီယံအထိ ရှိလာမည် 


19 August, 2023

ရွှေပတ်စပို့ ကဏ္ဍ ကန်ဒေါလာ ၁၀၀ ဘီလီယံအထိ ရှိလာမည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ယခုသီတင်းပတ်အတွင်း စင်ကာပူတွင် ဒေါ်လာ သန်းချီသည့် နိုင်ငံတကာ နယ်ခြားဖြတ်ကျော်  ငွေကြေးခဝါချမှုတွင် သံသယရှိသူအများအပြားသည် နိုင်ငံကူးလက်မှတ် တစ်ခုထက်မက ကိုင်ဆောင်ထားကြသည်။ 
၎င်းသံသယရှိသူများအနက် အမျိုးသား ၉ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တရားရုံးတွင် အမှုဖွင့်ပြီး တရားစွဲဆိုထားသည်။  ၎င်းတို့ ၁၀ ဦးသည် တရုတ်ပြည် ဖူကျင့်ပြည်နယ်ဇာတိ ဖြစ်ကြပြီး နိုင်ငံကူးလက်မှတ်တစ်ခုမက ကိုင်ဆောင်ထားသည်။ တရုတ်နိုင်ငံကူးလက်မှတ်အပြင် နောက်ထပ် ပတ်စပို့များ ရှိနေပြီး ဗန်နူအာတူ၊ စိန့်ကစ်နှင့်နီဗစ်၊ ဆိုက်ပရပ်စ်၊ တူရကီနှင့် ကမ္ဘောဒီးယားတို့မှ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များ ပါဝင်သည်။ ၎င်းနိုင်ငံကူးလက်မှတ်များသည် တရားဝင် ထုတ်ပေးထားသော နိုင်ငံကူးလက်မှတ်များ ဖြစ်သည်။ 

၎င်းပတ်စ်ပို့များကို ရွှေပတ်စပို့ “golden passport” ဟု ခေါ်ဝေါ်ကြပြီး တရားဝင် ထုတ်ပေးထားခြင်း ဖြစ်သည်။ 
Google အမှုဆောင်အရာရှိချုပ်ဟောင်း Eric Schmidt၊ Snapchat တည်ထောင်သူ Evan Spiegel နှင့် အရဲစွန့် ရင်းနှီးမြှုပ်နှံသူ Peter Thiel တို့ တွင် ရွှေပတ်စပို့ စာအုပ် အသီးသီး ရှိကြသည်။ 
၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရပြီး အကျင့်ပျက်ခြစားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယခုအခါ မွန်တီနီဂရိုးနိုင်ငံမှ နိုင်ငံကူးလက်မှတ် ရရှိထားသည်။

 ရွှေပတ်စ်ပို့  ရရိရန် လွယ်ကူခြင်းကြောင့် လူကောင်း သူကောင်းများသာမက လူဆိုးဒုစရိုက်သမားများကလည်း  ရွှေပတ်စပို့  ရယူထားကြသည်။   ရွှေပတ်စပို့ ဖြင့် ခရီးသွားလာပြီး ခြေရာဖျောက်ကြသည်။  တိမ်းရှောင်ကြသည်။ ငွေစာရင်းများ ဖွင့်ပြီး ငွေကြေးခဝါချကြသည်။ 

ရွှေပတ်စပို့ ထုတ်ပေးသည့် နိုင်ငံတို့သည် နိုင်ငံတွင်  ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု  သိုမဟုတ် လှူဒါန်းမှုပြုခြင်းနှင့် အလဲအလှယ်လုပ်ပြီး ရွှေပတ်စပို့ ကို ထုတ်ပေးကြသည်။ 
ရွှေပတ်စပို့  လမ်းကြောင်းဖြင့် ဒုတိယမြောက် နိုင်ငံသား ခံယူကာ ရွှေပတ်စပို့  ရယူသူ ဦးရေသည် နှစ်စဉ် ငါးသောင်းဝန်းကျင် ရှိသည်ဟု ခန့်မှန်းထားသည်။ 
ရွှေပတ်စပို့ ကဏ္ဍသည် အကြမ်းအားဖြင့် ကန်ဒေါ်လာ ၂၁.၄ ဘီလီယံ တန်ဖိုး ရှိသည်ဟု  Investment Migration Insider မဂ္ဂဇင်းက တွက်ချက်ခန့်မှန်းထားသည်။ 
၂၀၂၅ ခုနှစ်တွင် ရွှေပတ်စပို့ ကဏ္ဍသည် ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိလာမည် ဖြစ်သည်။ 


 Organisation for Economic Cooperation and Development (OECD) ၏ အဆိုအရ ရွှေပတ်စပို့  ထုတ်ပေးသည့်နိုင်ငံ အရေအတွက်သည် ၁၀၀ ကျော်အထိ ရှိလာပြီ ဖြစ်သည်။ ရွှေပတ်စပို့ ရဖို့ နိုင်ငံသား ခံယူရသည်။ နိုင်ငံသား ခံယူရန်အတွက် ကြီးမားသော ပမာဏဖြင့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေ၊ လှူဒါန်းမှု ဖြစ်စေ ပြုရမည် ဖြစ်သည်။ 

ဥပမာအားဖြင့် ကနေဒါသည် ကနေဒါဒေါ်လာ ၁.၂ သန်းဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ်  ကနေဒါဒေါ်လာ ၃၅၀,၀၀၀ လှူဒါန်းမှုဖြင့် နိုင်ငံသားဖြစ်ခွင့်ကို ပေးသည်။ သို့သော် လျှောက်ထားသူများသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် မရရှိမီ ငါးနှစ်အထိ စောင့်ရမည်ဖြစ်ပြီး ထိုကာလတွင် ၎င်းတို့သည် ကနေဒါတွင် နေထိုင်ရမည်ဖြစ်သည်။

ဂျာမနီတွင် ရင်းနှီးမြုပ်နှံမှုပမာဏ ယူရို ၃၅၀,၀၀၀ ပြုရန် လိုအပ်ပြီး နိုင်ငံကူးလက်မှတ်အတွက် ကနေဒါတွင် နေထိုင်ကာ စောင့်ဆိုင်းချိန်သည် ရှစ်နှစ်ဟု သတ်မှတ်ထားသည်။ 

အမေရိကန် နိုင်ငံကူးလက်မှတ်ကို ရလိုသူများသည် အမေရိကန်ကုမ္ပဏီတစ်ခုတွင် အမေရိကန်ဒေါ်လာ ၉၀၀,၀၀၀ ထက်မနည်း ထားရှိရမည်ဖြစ်ပြီး အနည်းဆုံး ငါးနှစ်အထိ အမေရိကန်မှာ နေထိုင်သူ ဖြစ်ရပါမည်။

မရိုးမဖြောင့်သူများက  ရွှေပတ်စပို့  ရယူကြသည့် နိုင်ငံမှာ အနည်းဆုံး ၁၄ နိုင်ငံ ရှိသည်ဟု OECD က ဆိုသည်။ ၎င်းတို့သည် ငွေကြေး ခဝါချခြင်း၊ အခွန်ရှောင်ခြင်း၊ အဖမ်းအဆီး မခံလိုသဖြင့် တိမ်းရှောင်ခြင်းတို့အတွက်  ရွှေပတ်စပို့ကို ရယူကြသည်ဟု OECD က ဆိုသည်။ 
၎င်းနိုင်ငံများတွင် ကာရေဘီယံ ကျွန်းနိုင်ငံအသေးစားများ အများဆုံး ပါဝင်သည်။ 
● အန်တီဂွါနှင့် ဘာဘူဒါ Antigua နှင့် Barbuda
● ဘဟားမား Bahamas
● ဘာဘေးဒိုး Barbados
● ဒိုမီနီကာ Dominica
● ဂရင်နာဒါ Grenada
● စိန့်ကစ်နှင့်နီဗစ်၊ Saint Kitts နှင့် Nevis 
● စိန့်လူစီယာ  Saint Lucia  
ကျွန်းနိုင်ငံငယ်များထံမှ ရွှေပတ်စပို့  ရယူကြသည်။ 
ထို့ပြင် OECD  ၏ ၁၄ နိုင်ငံ စာရင်းတွင် 
● တောင်ပစိဖိတ်ဒေသရှိ ဗာနူအာတူ
● ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများမှ တာ့ခ်နှင့် ကိုင်ကို
● အရှေ့အာဖရိကရှိ ဆေးရှဲလ်
ကျွန်းနိုင်ငံငယ်များလည်း ပါဝင်သည်။ 

ထိုပြင် နိုင်ငံအကြီးစားများဖြစ်သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ ဆိုက်ပရပ်နှင့် မော်လ်တာတို့လည်း ပါဝင်သည်။ 

အန်တီဂွါနှင့် ဘာဘူဒါ ၊  ဒိုမီနီကာ၊ စိန့်လူစီယာ တို့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် သုံးလမှ လေးလသာကြာပြီး အလှူငွေ ကန်ဒေါ်လာ ၁ သိန်းမျှသာ လှူဒါန်းဖို့လိုအပ်သည်။ 
ထိုသို့ အလွယ်ရ၊ အမြန်ရသော နိုင်ငံများမှ  ရွှေပတ်စပို့ ကို မရိုးမဖြောင့်သူများက သဘောကျကြသည်။ အဖမ်းအဆီးမခံရအောင် လွတ်ရာပြေးရှောင်ဖို့အတွက်လည်း ၎င်းနိုင်ငံများကို အသုံးပြုကြသည်။ 


 ရွှေပတ်စပို့  ကိုင်ဆောင်ပြီး ခရီးသွားလာသည့်အခါ ၎င်းပတ်စပို့မှ ရရှိသည့် ဗီဇာမလို free-visa အခွင့်အလမ်းကိုပါ အလိုလို ရရှိသွားသည်။ 

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ဆိုက်ပရပ်စ်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ်သည် လိုချင်တပ်မက်ဖွယ်တစ်ခု ဖြစ်သည်။ ဆိုက်ပရပ်စ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အီးယူ ၂၇ နိုင်ငံတွင် နေထိုင်ခွင့် ရှိသည်။ အလုပ်လုပ်ခွင့်လည်း ရှိသည်။ ဗီဇာမလို free-visa  နိုင်ငံ ခုရေ ၁၇၀ ရှိသည်။ 

၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း  ရွှေပတ်စပို့ အဖြစ် အသုံးပြုရန် ဆိုက်ပရပ် နိုင်ငံကူးလက်မှတ် ရယူသူ ၂,၅၀၀ ကျော် ရှိသည်။ ၎င်းတို့ထဲတွင် ပြစ်မှုကျူးလွန်သဖြင့် ဖမ်းမိသူ ဒါဇင်ချီအောင် များပြားသည်။ အထက်၍ ဆိုခဲ့သည့် စင်ကာပူ အမှုအခင်းတွင်လည်း ဆိုက်ပရပ်နိုင်ငံသား ခံယူပြီး  နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် တရုတ်များ ပါဝင်သည်။ 
ယခုအခါ ဆိုက်ပရပ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံကူးလက်မှတ် လဲလှယ်သည့် အစီအစဉ်ကို ရပ်ဆိုင်းထားသည်။ 


အခြားအီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မော်လ်တာသည် အနည်းဆုံး ယူရို ၁.၂ သန်း သုံးမှ နိုင်ငံသား ခံယူနိုင်သည့် နိုင်ံငံဖြစ်ပြီး ယခုအခါ ဆိုက်ပရပ်အစား မော်လ်တာကို လူကြိုက်ပိုများနေသည်။

နောက်ထပ် ရေပန်းစားသည့် နိုင်ငံမှာ တူရကီ ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ဖြစ်ပြီး တူရကီတွင် အနည်းဆုံး နေထိုင်ရန် ကာလ သတ်မှတ်ထားခြင်း မရှိချေ။ နိုင်ငံသား ခံယူသည်မှ ပတ်စပို့ရသည်အထိ သုံးလမှ ခြောက်လအထိသာ စောင့်ဆိုင်းရမည် ဖြစ်သည်။ တူရကီ နိုင်ငံကူးလက်မှတ်သည် နိုင်ငံ ၁၁၀ သို့ ဗီဇာမလိုဘဲ သွားရောက်နိုင်သည်။ 
Source straitstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 339 times