ရန်ကုန်ရွှေဈေး အနည်းငယ် ပြန်ကျ


01 October, 2021

ရန်ကုန်ရွှေဈေး နည်းနည်း ပြန်ကျ
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ကျပ်သိန်း ၂၀ နဲ့ ဈေးစဖွင့်ခဲ့ပြီး ရွှေလုပ်ငန်းရှင် တချို့ကိုလည်း လက်ထဲရှိတဲ့ ရွှေတွေနေ့တိုင်း ထုတ်ရောင်းပေးဖို့ ညွှန်ကြားထားတဲ့အတွက် ရွှေဈေးက ဒီကနေ့ အနည်းငယ် ဈေးပြန်ကျပါတယ်။ ရန်ကုန်တိုင်း ရွှေအသင်းအနေနဲ့ ဒီကနေ့ ရွှေပိဿာချိန် ၃၀ လောက် ထုတ်ရောင်းနိုင်ခဲ့ကြောင်း အသင်းတာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တကျပ်သားကို ၂၂ သိန်းကျော်ခဲ့တဲ့ မြန်မာ့ရွှေဈေးနှုန်းဟာ ဒီနေ့ စက်တင်ဘာလ ၃၀ ရက်မှာတော့ ကျပ်သိန်း ၂၀ အောက်ကို ပြန်ကျလာပါတယ်။ ရွှေဈေးတဟုန်ထို းတက်တဲ့အတွက် ရန်ကုန်တိုင်း ရွှေအသင်းက စက်တင်ဘာ ၂၉ ရက်မှာ အစည်းအဝေးတခု လုပ်ခဲ့ရပါတယ်။ ဒီအစည်းအဝေးမှာ ရွှေလုပ်ငန်းရှင် ၄ ယောက်ဦးဆောင်ပြီး ရွှေတွေ ထုတ်ရောင်းပေးသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဇွဲထက်ရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်နဲ့ ရွှေကုန်သည်ဦးဧရာစိုးတို့က တယောက်ကို ရွှေ ၅ ပိဿာနှုန်းနဲ့ ရွှေပိဿာချိန် ၂၀ ကို နေ့တိုင်း ထုတ်ရောင်းပေးဖို့ သဘောတူခဲ့ကြတာပါ။ ဒါကြောင့် ဒီလုပ်ငန်းရှင်တွေက ထုတ်ရောင်းတဲ့ရွှေနဲ့ တခြားရွှေဆိုင်တွေက ထုတ်ရောင်းတဲ့ရွှေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ဒီနေ့ ရွှေပိဿာချိန် ၃၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့လာဝယ်သူတွေကတော့ ပန်းတိမ်လုပ်ငန်းအတွက် လာဝယ်ကြသူတွေများတယ်လို့ သူကပြောပါတယ်။

“ဒီနေ့ ကျနော်တို အကယ်ဒမီက ၅ထုပ် ( ၅ ပိဿာ) ရောင်းသွားတယ်၊ ဇွဲထက်က ၇ ထုပ်ရောင်းတယ်၊ အောင်သမာဓိက ၆ ထုပ်ရောင်းတယ်၊ နောက် ဧရာကိုစိုးနိုင်က ၅ ထုပ်ရောင်းတယ်၊ အားလုံး ၂၀ ကျော်ရောင်းသွားတယ်။ အထည်ပျက်ရွှေတွေ လာရောင်းတာတွေလည်း ရှိတယ်လေ ဒီမှာ ၁ ပိုင်းလာရောင်း၊ ၂ ပိုင်းလာရောင်းပေါ့ ( ပိဿာချိန် ) ၃-၄၀ တော့ ရှိမှာပေါ့။ (လာဝယ်တာက) ဆိုင်သမားတွေ၊ ပန်းတိမ်သမားတွေ အဲဒါမျိုးများတယ်။ ရွှေက ဒီမှာဝယ်လို့ရတယ်ဆိုတာ သိသွားတော့၊ စောစောကတော့ လူတွေက စိုးရိမ်စိတ်များတယ်။”

ရန်ကုန်တိုင်း ရွှေအသင်းရဲ့ နေလည်ပိုင်း ဈေးနှုန်းထုတ်ပြန်ချက်မှာတော့ အခေါက်ရွှေဈေး အနည်းငယ်ကျသွားပြီး တကျပ်သားကို မြန်မာငွေ ၁,၉၉၅,၀၀၀ မှာရှိနေတာပါ။ ဒါပေမဲ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန်မှာ ပြန်တက်လာပြီး ကျပ် ၂,၀၂၀,၀၀၀ ပြန်ရောက်လာပါတယ်။ အမည်မဖော်လိုတဲ့ ရွှေကုန်သည်တဦးကတော့ အခေါက်ရွှေဈေးဟာ ဝယ်လိုအားရှိနေတာကြောင့် တကျပ်သားကို ကျပ်သိန်း ၂၀ ဝန်းကျင်မှာပဲ ကာလတခုအထိ ရှိနေဦးမယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာတော့ တချို့ရွှေဆိုင်တွေဟာ ဈေးနှုန်းတွေ စတက်လာတဲ့ ဩဂုတ်လကတည်းကစလို့ ဆိုင်တွေယာယီပိတ်ပြီး အထည်ရွှေ ရောင်းချတာကို ရပ်နားထားကြတာပါ။ လက်ရှိဈေးကွက်မှာတော့ အခေါက်ရွှေတမျိုး အရောင်း၊ အဝယ်ရှိနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ

Local News Read 606 times