ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား ၁၇ သိန်းခန့်ရောက်လာ


18 August, 2021

ပြည်တွင်းရွှေဈေးကွက်ထဲမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ ဒေါ်လာဈေးနှုန်းမြင့်တက်မှုတွေနဲ့အတူဆေးဝါးတင်သွင်းမှုတွေကြောင့် ဒီသီတင်းပတ်အတွင်း ရွှေဈေးအမြင့်ဘက်ကိုရောက်လာတယ်လို့ဈေးကွက်အတွင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်ထဲမှာတော့ အခေါက်ရွှေဈေး တကျပ်သားကို ကျပ် ၁၆ သိန်း ၆ သောင်းကျော် ဝန်းကျင်မှာရှိနေပြီး သြဂုတ်လ ၁ဝ ရက်နေ့တုန်းက ၁၅ သိန်း ၉ သောင်းကျော် ဝန်းကျင်လောက်ရှိခဲ့ရာကနေ အခုလို ဈေးနှုန်းမြင့်တက်လာတာပဲဖြစ်တယ်လို့ ရွှေလုပ်ငန်းဈေးကွက်ကနေသိရပါတယ်။ ဒီလိုဈေးနှုန်းအတက်ဘက်မှာရှိနေပေမယ့် ဈေးကွက်ထဲမှာတော့ အရင်လိုဝယ်လိုအားတက်လာတဲ့အခြေအနေမျိုးမရှိဘူးလို့လည်းရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

" ဈေးတက်တာကတော့ ဒေါ်လာဈေးကြောင့်တက်နေတာ။ ကမ္ဘာ့ရွှေဈေးလည်းတက်လာတာပဲ။ တပြိုင်တည်းဖြစ်တာ။ ဒါပေမဲ့ ဝယ်တာကျ တပိုင်းနှစ်ပိုင်းပဲ။ အရင်လို ပိဿာလိုက်ဝယ်တာတွေမရှိဘူး။ ဘဏ်တွေ ပိတ်ထားတော့ လူတွေလက်ထဲမှာလည်း ငွေမရှိဘူးလေ။ ဈေးကွက်ထဲမှာလည်း မွန်းတည့် ၁၂ နာရီလောက်ကနေ ၂ နာရီလောက်ဆိုပြီးသွားတာပဲ။ အရင်လိုအုန်းအုန်းအုန်းဒိုင်းဒိုင်းဝယ်ကြတာမရှိဘူး" လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီကိုပြောပါတယ်။

လက်ရှိ ဈေးအတက်ဘက်ရောက်နေတဲ့ ပြည်တွင်းရွှေဈေးကွက်ဟာဆိုရင်တော့ လာမယ့် သြဂုတ်လ ၂၂ ရက် ဘဏ်တွေပြန်ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်းမှာ ဈေးအနည်းငယ် ထပ်ပြီး ကျဆင်းနိုင်တယ်လို့လည်း ဈေးကွက်အတွင်းရောင်းချဝယ်ယူနေသူတွေက ခန့်မှန်းပါတယ်။

ဘီဘီစီ
 

Local News Read 262 times