မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်း နီးပါးအထိ မြင့်တက်လာ


17 August, 2021

မြန်မာ့ရွှေတစ်ကျပ်သားလျှင် ၁,၅၈၈,၀၀၀ကျပ်  မှ ၁,၆၉၈,၀၀၀ ကျပ်  အထိ အထိ ၅ ရက်အတွင်း ကျပ် ၁၁၀,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်းနှင့်၊ မြန်မာ့ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ သြဂုတ် ၁၆ ရက်တွင်ပြောသည်။

“ကမ္ဘာ့ရွှေဈေးရော၊ ပြည်တွင်းကဒေါ်လာဈေးရော တက်တယ်။ ဒါကြောင့်ရွှေဈေးတက်တာပါ။ ကမ္ဘာ့ရွှေဈေးပြုတ်ကျရင်တော့ ရွှေဈေးပြန်ကျမှာပါ။ ကမ္ဘာမှာလည်း ကမ္ဘာ့ရွှေဈေးက အရမ်းတက်နေတယ်။ လက်ရှိရွှေဈေးကိုထိန်းသိမ်းဖို့ အတွက် အသင်းမှာ လူ၁ဦးကို ရွှေတစ်ပိုင်း၊ နှစ်ပိုင်းလောက်ပဲ အရောင်းအဝယ်လုပ်ခိုင်းနေပါတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။

သြဂုတ် ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၇၃၀ ဒေါ်လာရှိပြီး၊ ပြည်တွင်းငွေကြေးလဲလှယ်နှုန်းတွင် အမေရိကန်တစ်ဒေါ်လာ ကို ၁၆၆၀ကျပ် ပေါက်ဈေးရှိခဲ့သည်။

၂၉လမ်း အောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော် က “လက်ရှိက ဒေါ်လာဝယ်လိုအား ပြည်တွင်းမှာ မြင့်တက်နေတာရော၊ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်ရော မြန်မာ့ရွှေဈေးမြင့်တက်လာတာလို့ ထင်ပါတယ်။ ရွှေဈေးအတက်အကျကတော့ ခန့်မှန်းရခက်ပါတယ်။ တစ်ကျပ်သား ၁၇ သိန်းအထိတော့ အနိမ့်ဆုံးဖြစ်သွားနိုင်တယ်လို့ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။

သြဂုတ် ၁၆ ရက် ညနေဘက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို  ၁၇၇၃ ဒေါ်လာ ၊မြန်မာ့ရွှေတစ်ကျပ်သား ကို ၁,၆၉၈၀,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး၊ အမေရိကန်တစ်ဒေါ်လာကို ၁၇၈၀ ကျပ်ဈေးနှုန်းအသီးသီး ရှိခဲ့သည်။

လက်ရှိရွှေဈေးကွက်အတွင်း ရွှေဝယ်လိုအားမြင့်တက်လာသော်လည်း ရွှေကုန်ကြမ်းပြတ်သွားခြင်းမရှိကြောင်း ဦးမျိုးမြင့်ကဆိုသည်။

 (Xinhua)
 

Local News Read 232 times