တရုတ်-မြန်မာနယ်စပ်ဂိတ်များ ကြာရှည်ပိတ်လျှင် ဟုမ္မလင်း ရွှေတူးဖော်ရေးလုပ်ငန်းများရပ်နားထားရနိုင်


18 October, 2021

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များပိတ်ထားမှု ကြာရှည်လာပါက ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားရနိုင်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုနေသော လုပ်ငန်းခွင် သုံးပစ္စည်းများနှင့် စက်ကိရိယာအများစုသည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များ ပိတ်ထားမှုကြာရှည်လာပါက ထိုပစ္စည်းများပြတ်လပ်နိုင်ကာ ရွှေတူးဖော်မှုလုပ်ငန်းများ ရပ်နားထားရနိုင်ကြောင်း ဟုမ္မလင်းမြို့ရှိရွှေလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရွှေမျောလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်တဲ့ အိတ်ဖတ်တို့၊ မြက်ခင်းလိပ်တွေဘာတွေပေါ့နော် အဲဒါတွေ။ ပြီးတော့ တရုတ်ကဝင်တဲ့ စက်ပစ္စည်းတွေပေါ့နော် ဘောတို့၊ သံတို့၊ သံပိုက်တို့၊ လည်ချောင်းပိုက်နဲ့ ပန်ကာတို့ အဲဒါ တွေက တရုတ်နယ်စပ်ကပဲဝင်တာ၊ နယ်စပ်ကိုပဲ အားကိုးနေရတာ။ ဒီတော့ တရုတ်နယ် စပ်ဂိတ်ပိတ်ထားတာကြာရင် ဒီမှာ ဘာမှ လုပ်မရတော့ဘူး ဒီကရွှေမျောတွေပါ ရပ်သွားရနိုင်တယ်ဟု ဟုမ္မလင်းမြို့နယ်ရှိရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုအခါ စက်သုံးဆီစျေး၊ လုပ်ငန်းခွင်သုံးစက်ပစ္စည်းများနှင့် အခြားကုန်ကျစရိတ် များမြင့်တက်နေမှုကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း အချို့စတင်ရပ်နား ထားရကြောင်းလည်း သိရသည်။

“ဆီစျေးကလည်း တအားတက်တယ်။ အရင် နှစ်သိန်းကျော်လောက်ကနေ အခု လေးသိန်းကျော်အထိ တက်သွားတယ်။ နောက်ပြီး စက်ပစ္စည်းတွေပေါ့။ ရွှေစျေးတက်၊ ဒေါ်လာစျေးတက်တုန်းက တက်သွားတဲ့ စက် ပစ္စည်းစျေးတွေက အခု ရွှေစျေးပြန်ကျ၊ ဒေါ် လာစျေးပြန်ကျပေမယ့် စက်ပစ္စည်းစျေးတွေ က ပြန်မကျဘူး။ ပြန်မကျတဲ့အပြင် တချို့ဆိုင် ကြီးတွေဆိုရင် မရောင်းပေးတော့ပဲ ပိတ်ထား လိုက်ကြတယ်။ စျေးတွေကမငြိမ်တော့ သူတို့ လည်း မရောင်းရဲကြတော့ဘူး။ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေက ပြန်မကျတဲ့အပြင် လိုသ လောက်မရနိုင်တာ၊ စားသောက်ကုန်နဲ့ တခြားကုန်ကျစရိတ်တွေကလည်း အကုန် စျေးတက်ပြီး ပြန်မကျတော့ တချို့မျောတွေဆို ရပ်ထားလိုက်ရတယ်။ ဆိုတော့ ကိုဗစ်ပထမ လှိုင်း၊ ဒုတိယလှိုင်းမှာ ဘာမှမထိခိုက်ခဲ့တဲ့ ရွှေလုပ်ငန်းတွေတောင်မှ ဒီကာလမှာ တချို့စပြီးရပ်ထားလိုက်ရတဲ့ အခြေအနေဖြစ်လာတယ် ” ဟု ထိုရွှေလုပ်ငန်းရှင်က ဆက်လက် ပြောကြားသည်။

ဟုမ္မလင်းမြို့သည် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ရွှေတူးဖော်မှုအများဆုံးရှိသည့် မြို့ နယ်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စီးပွားရေးလုပ် ငန်းအများစုသည်လည်း ရွှေတူး‌ဖော်သည့်လုပ်ငန်းများအပေါ်တွင် အမှီပြုလည်ပတ် နေကြခြင်းဖြစ်သည်။

news-eleven.com/

Local News Read 4241 times