အိန္ဒိယ မှောင်ခိုရွှေ မြန်မာမှ အများဆုံးဝင်၊ ဒေါ်လာ သန်း ၁၆၀ ဖိုး ဖမ်းဆီးနိုင်ခဲ့


06 December, 2021

အိန္ဒိယ မှောင်ခိုရွှေ မြန်မာမှ အများဆုံးဝင်၊ ဒေါ်လာ သန်း ၁၆၀ ဖိုး ဖမ်းဆီးနိုင်ခဲ့

ကိုဗစ်ကာလအလွန်တွင် အိန္ဒိယသို့ မှောင်ခိုဝင်ရောက်သည့်ရွှေ အများစုသည် မြန်မာနိုင်ငံမှ ကုန်းလမ်းဖြင့် လာကြောင်း DRI က ပြောကြားသည်။

Covid-19 ကပ်ရောဂါ‌နှင့် ကာလရှည်ကြာ လော့ဒေါင်းချထားခြင်းနှင့် ခရီးသွားလာမှု တားမြစ်ထားခြင်းတို့က အန္ဒိယသို့ ရွှေမှောင်ခို သွင်းပုံများ ပြောင်းလဲသွားစေခဲ့သည်။
ကိုဗစ်ကပ်ဘေး မတိုင်ခင်က အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများသည် ရွှေမှောင်ခိုအတွက် ရင်းမြစ်များ ဖြစ်ခဲ့ပြီး လေကြောင်းမှ ရွှေမှောင်ခိုသွင်းသည်။ မြန်မာနိုင်ငံမှ ဘုရားဖူးလာကြသည့် လေကြောင်းခရီးသည်များအကြား အခေါက်ရွှေ သယ်ပေးသူများ ပါဝင်ခဲ့သည်။

ကိုဗစ်ကြောင့် လေကြောင်းခရီး သွားလာမှုများ နည်းပါးသွားသည့်နောက်တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းသို့ မြန်မာမှ ကုန်းလမ်းခရီး လမ်းကြောင်းမှတစ်ဆင့် မှောင်ခိုရွှေများ ဝင်ရောက်သည်။ 

Directorate of Revenue Intelligence (DRI) ၏ နှစ်စဉ် အစီရင်ခံစာတွင် ၂၀၂၀-၂၁ တွင် ဖမ်းဆီးရမိသည့် မှောင်ခိုရွှေ စုစုပေါင်းတန်ဖိုးသည် ကာလပေါက်ဈေးအရ ရူပီ ၁,၂၀၀ ကုဋေ (အမေရိကန်ဒေါ်လာ သန်း ၁၆၀ နီးပါး) ရှိသည်။ သုံးပုံ နှစ်ပုံ (အမေရိကန်ဒေါ်လာ ၁၀၆ သန်း)သည် မြန်မာနိုင်ငံမှလာသော ဘီစကွတ်ရွှေတုံး (အခေါက်ရွှေတုံး) များ ဖြစ်သည်။ ဖမ်းမမိသည့် မှောင်ခိုရွှေ ဘီစကွတ်ရွှေတုံးပမာဏသည် ဖမ်းမိသည့်ပမာဏထက် အဆများစွာ ပိုများနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာက ဆိုထားသည်မှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀ အတွင်း DRI မှာ ဖမ်းမိခဲ့သည့် ရွှေများတွင် မြန်မာမှ လာသည့်ရွှေက အရှေ့အလယ်ပိုင်းဒေသမှ လာသည့်ရွှေထက် ပမာဏ ပိုများသည်။
ကိုဗစ်ကြောင့် လေကြောင်းခရီးသွားခြင်း ပြတ်တောက်ကုန်သဖြင့် အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှတို့မှ အဓိကရင်းမြစ်များထံမှ လေကြောင်းဖြင့် မဝင်ရောက်နိုင်တော့ချေ။

အဆိုပါဌာနမှ ပြောကြားသည်မှာ မဏိပူရ ပြည်နယ်သို့ လမ်းကြောင်းအဟောင်းဖြစ်သည့် တမူး- မိုးရေး-အင်ဖာ လမ်းကြောင်းမှ ရွှေမှောင်ခို  တင်သွင်းသည်။
မီဇိုရမ်ရှိ တရားဝင်နှင့် တရားမဝင် ကုန်သွယ်ရေး လမ်းကြောင်းမှလည်း တင်သွင်းကြပြီး ယင်းလမ်းကြောင်းသည် ပိုရေပန်းစားသည်။


တရားဝင်တင်သွင်းသည့် ရွှေအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်နှုန်းထား မြင့်မားသဖြင့် တရားမဝင်တင်သွင်းမှု များပြားနေသည်ဟု သုံးသပ်သည်။ အကောက်ခွန် စည်းကြပ်သည့် နှုန်းထားကို ၁၂.၅% မှ ၇.၅% သို့ အစိုးရက လျှော့ချသတ်မှတ် ပေးခဲ့သည်။ သို့သော် GST အပါအဝင် နောက်ဆက်တွဲ ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် စည်းကြပ်သည့် အခွန်များ အားလုံးစုစုပေါင်း လိုက်သည့်အခါ သွင်းကုန်ရွှေအပေါ် ကောက်ခံသည့် ရာခိုင်နှုန်းသည် ၁၄ % ဖြစ်သွားသည်။

သွင်းကုန်ရွှေအပေါ် စည်းကြပ်သည့် အကောက်ခွန် နှုန်းထား နည်းလွန်းပါက တရားမဝင် တင်သွင်းမှု လျော့ကျမည်။ သို့သော် တရားဝင် တင်သွင်းသည့်ပမာဏ အဆမတန်များပြားလာလိမ့်မည်။ 
ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ ခန့်မှန်းသည်မှာ သွင်းကုန်ခွန် ၁% လျှော့ချပေးလျှင် ပြည်တွင်းရွှေဝယ်လိုအား တစ်နှစ်စာ ၃ တန် တိုးသည်။

indiatoday.in

Export, Import Global News Read 18973 times