တော်ဝင်ဒင်္ဂါးတိုက်က စမတ်ဖုန်းအဟောင်းများမှ ရွှေ ထုတ်ယူမည်


24 October, 2021

 တစ်ဖန်ပြန်လည် သုံးစွဲဖို့အတွက် ဖုန်းနှင့် လက်ပ်တော့ အဟောင်းများထံမှ ရွှေနှင့် အခြားအဖိုးတန်သတ္တုများကို ဗြိတိန်မှ တော်ဝင်ဒင်္ဂါးတိုက်က ပြန်ထုတ်ယူဖို့ စီစဉ်ဆောင်ရွက်နေကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းများထံမှ တစ်ဖန်ပြန်သုံးဖို့ ရွှေကို ဓာတုနည်းလမ်းဖြင့် ပြန်လည်ရယူဖို့ တော်ဝင်ဒင်္ဂါးတိုက်က စီစဉ်နေပါတယ်။


ခန့်မှန်းခြေအားဖြင့် အီလက်ထရွန်းနစ်ပစ္စည်းများအနက် ငါးပုံတစ်ပုံသာ တစ်ဖန်ပြန်လည် သုံးစွဲဖြစ်ကြပါတယ်။

ဒင်္ဂါးတိုက် အကြီးအကဲ Anne Jessopp က "ကမ္ဘာ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု တစ်ခုအပေါ် တကယ်ထိရောက်မှု ရှိစေဖို့ ရထားတဲ့ နည်းပညာက ထောက်ကူပေးမယ်" လို့ ဆိုပါတယ်။


တော်ဝင်ဒင်္ဂါးတိုက်က ကနေဒါနိုင်ငံမှ လုပ်ငန်းသစ်  Excir နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဖုန်းရဲ့ ဓာတ်စီးပတ်လမ်းကတ်ပြားမှာ ပါဝင်တဲ့ရွှေ ၉၉% နှင့်အထက်ကို Excir က ပြန်ယူပေးရမှာ ဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဓာတုပစ္စည်းတွေ သုံးစွဲပြီး ရွှေ အပါအဝင် အဖိုးတန်သတ္တုတွေကို စက္ကန့်ပိုင်း အတွင်း ရယူမယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေမှာ ကွဲပြားတဲ့ သတ္တုပစ္စည်း အမျိုး ၃၀ ဝန်းကျင်ပါဝင်ပြီး အချို့သတ္တုတွေက ကမ္ဘာမြေကြီးမှာ ကုန်သလောက် ဖြစ်နေပါပြီ။

သုတေသီတွေ ခန့်မှန်းထားတာ အီလက်ထရွန်းနစ် ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ ၂၀၂၁ ခုနှစ်မှာ စွန့်ပစ်ကြတာ အလေးချိန် တန်ချိန် ၅၇ သန်း ကျော် ရှိလိမ့်မယ်။
လျှပ်စစ် စွန့်ပစ်ပစ္စည်းများနှင့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများရဲ့ စုစုပေါင်း အလေးချိန်က တရုတ်နိုင်ငံမှ ကမ္ဘာကျော် မဟာတံတိုင်းကြီး စုစုပေါင်းအလေးချိန်ထက် ပိုများပါတယ်လို့ ဆိုပါတယ်။
ဘာမှမလုပ်ကြရင် ၂၀၃၀ မှာ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၇၄ သန်း ရောက်ရှိလိမ့်မယ်။ တစ်ဆယ်နှစ်အတွင်း နှစ်ဆနီးပါး ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
အစီအစဉ်အရ အဖိုးတန်သတ္တုတွေကို သာမန် အခန်းအပူချိန်မှာ ပြန်လည်ရယူမှာဖြစ်ပြီး မြင့်မားတဲ့ အပူချိန်ဖြင့် အရည်ကြို သန့်စင်တဲ့ဆီ မရောက်အောင် တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

စမ်းသပ်အဆင့်အဖြစ် ဓာတုပစ္စည်းသုံးနည်းပညာဖြင့် တော်ဝင်ဒင်္ဂါးတိုက်မှာ ၉၉၉.၉ သန့်စင်တဲ့ ရွှေကို ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ အမြောက်အမြား လုပ်ကိုင်တဲ့အခါ ပလေဒီယံ palladium သတ္တု၊ ငွေသတ္တု၊ ကြေးနီသတ္တုတို့ကိုလည်း ပြန်လည်ရယူမှာ ဖြစ်ပါတယ်။

ဘီဘီစီ

How To Read 8357 times