၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက် ရွှေဈေးငွေဈေး


14 October, 2021

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် 

ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၆၃ ဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၈၈၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။ 
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းများမှာ 
၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ၁၈၈၅၀၀၀ ဝန်းကျင်ဖြစ်ပြီး 
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၇၄၁၀၀ ဝန်းကျင်ဖြစ်သည်။ 

ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင် ရှိပြီး 
နိုင်ငံခြားငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာကျပ် ၂၁၈၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။

ပြည်တွင်းစျေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ 
ယူရို ၂၂၅၀ ကျပ်၊ 
စင်ကာပူ ဒေါ်လာ ၁၄၅ဝကျပ်၊ 
မလေးရှားရင်းဂစ်၄၄၀ ကျပ်၊ 
ထိုင်းဘတ် ၆၀ ကျပ်၊ 
တရုတ်ယွမ် ၃၀၅ ကျပ်၊ 
ဂျပန်ယန်း ၁၇.၅ ကျပ်
တို့ ဖြစ်သည်။

 

တရုတ်ယွမ် နဲ့ ဂျပန်ယန်း 

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရဘဏ်တွေနဲ့ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို မူလဝယ်ယူရောင်းချခွင့်ပြုထားတဲ့ နိုင်ငံခြားငွေကြေး ၅ မျိုးနဲ့အတူ တရုတ်ယွမ်နဲ့ ဂျပန်ယန်း နိုင်ငံခြားငွေကြေးကိုလည်း ဝယ်ယူရောင်းချ ခွင့်ပြုတဲ့အကြောင်း ဗဟိုဘဏ်က  အောက်တိုဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးနဲ့ပတ်သတ်ပြီး ခွင့်ပြုထားတဲ့ ငွေကြေးအမျိုးအစားတွေက အမေရိကန်ဒေါ်လာ၊ စင်္ကာပူ ဒေါ်လာ၊ ဥရောပယူရို၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ်၊ တရုတ်ယွမ် နဲ့ ဂျပန်ယန်း ငွေတို့ပဲဖြစ်ပါတယ်။

ဗဟိုဘဏ်က တရုတ်ယွမ်နဲ့ ဂျပန်ယန်း နိုင်ငံခြားငွေကြေးတွေကို တရားဝင် ရောင်းဝယ်ခွင့်ပြုလိုက်ပေမယ့် ပြည်တွင်းနိုင်ငံခြားငွေကြေးစျေးကွက်အပေါ် လက်ရှိမှာတော့ သက်ရောက်မှုက မရှိသေးတဲ့အကြောင်း နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိ ထားတဲ့သူတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားသူ လုပ်ငန်းရှင်က “နိုင်ငံခြားသားခရီးသွားတွေ၏ ပြန်ဖွင့်တဲ့အချိန်မှာတော့ အဆင်ပြေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရင်က ဂျပန်ကလာတဲ့ နိုင်ငံခြားသားခရီးသွားတွေမှာ သူတို့ဆီမှာ ဒေါ်လာကလည်း သိပ်မပါကြဘူးလေ။ များသောအားဖြင့် ဂျပန်ယန်းငွေပဲ ပါကြတာ။ ဒီဘက်မှာလည်း ငွေလှဲကောင်တာတွေမှာ ဂျပန်ယန်းကို တရားဝင်လဲလှယ်လို့က မရပြန်ဘူး။ ဒါမျိုး အားနည်းချက်တော့ အရင်က ရှိခဲ့တယ်။ ပြီးတော့ မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားခရီးသွားတွေထဲမှာ တရုတ်က ပိုများတာပါ။ သူတို့ဆိုလည်း  တရုတ်ယွမ် ငွေပဲ ပါကြတာလေ။ ဒါကြောင့် လောလောဆယ်မှာတော့ ဘာမျှပြောင်းလဲမှု မရှိနိုင်ပါဘူး။ ဒါက နိုင်ငံခြားသားခရီးသွားတွေ ပြန်ဝင်လာမှာ အလုပ်ဖြစ်မှာပါ” လို့ပြောပါတယ်။

နိုင်ငံခြားငွေလှဲလှယ်ခွင့်လုပ်ငန်းတရားဝင်လုပ်ကိုင်နေသူကတော့ “ကောင်းပါတယ်ဗျ။ ဘာလို့လဲဆို အရင်တုန်းက တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ကျနော်တို့က သုံးခွင့်မပေးတဲ့အတွက်ကြောင့် အထူးသဖြင့် တရုတ်နဲ့ ဂျပန်က လာတဲ့သူ တွေဆိုရင် အဆင်အပြေဘူးပေါ့နော်။ လိုတဲ့အခါ ဘယ်က လိုက်ရှာရမှန်း မသိဘူးလေ။ ဒီတော့ မှောင်ခိုစျေးကွက်ကနေ လိုက်ရှာပြီး လဲရတယ်။ အခုတော့ ငွေလဲကောင်တာတွေမှာ ရောင်းဝယ်ခွင့်ပေးလိုက်တဲ့အတွက် ကျနော်တို့ကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ လောလောဆယ်တော့ နိုင်ငံခြားသားခရီးသွားတွေ အဝင်အထွက်မ ရှိသေးတာကြောင့် သက်ရောက်မှုက မရှိသေးတာပါ။ ဒါကလည်း အခုချိန်က ကိုဗစ်ကာလကြောင့် နိုင်ငံတကာလေကြောင်း လိုင်းတွေကို ပိတ်ထားလို့ပါ” လို့ဆိုပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း ကုန်သွယ်ရေးမှာတော့  “အရင်ကတည်းက ဒီငွေတွေက လွှဲလို့ရပါတယ်။ ဒါပေမဲ့ ငွေစာရင်း(account)တော့ ပေးမဖွင့်ဘူးပေါ့နော်။ ဒါကြောင့် ကုန်သွယ်ရေးအတွက်သုံးမယ်ဆိုရင် တရုတ်ယွမ်နဲ့ ဂျပန်ယန်း ငွေကြေးအတွက် ကုမ္ပဏီပိုင်ငွေစာရင်း(account) တွေ ပေးဖွင့်ဖို့တော့ လိုပါတယ်။ လွှဲတာကတော့ အရင်ကတည်းက လွှဲနေကြတာလေ။ ဘယ်လိုလွှဲလဲဆိုတော့ ဥပမာ ဂျပန်ယန်းကို လွှဲချင်တယ်ဆိုရင် မြန်မာငွေကနေ ဒေါ်လာကိုပြောင်း။ ဒေါ်လာကနေ ဂျပန်ယန်းကို ပြန်ပြောင်း တဆင့်ခံပြီးတော့ပေါ့နော် လွှဲကြတာလေ။ ဒါကြောင့် ကုန်သွယ်ရေးအတွက်ပါ စဉ်းစားမယ်ဆိုရင်တော့ ဒီငွေကြေးအတွက် ငွေစာရင်း(account)တွေ တရားဝင်ပေးဖွင့်ဖို့တော့ လိုပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့ တိုက်ရိုက်ပေးချေလို့ရတာကြောင့် ပိုအဆင်ပြေတာပေါ့” လို့ပြောပါတယ်။

DVB
 

Banking & Loan Read 33810 times