အောက်တိုဘာ ၁၂ ရက် ရွှေဈေး ငွေဈေး


12 October, 2021

ကမ္ဘာ့ရွှေစျေး တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၅၇ ဒေါ်လာ ရှိပါသည်။ 

ပြည်တွင်းရွှေစျေးကွက်မှာ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းတွင် အကယ်ဒမီမီလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်  ၁၈၀၅၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၁၈၁၈၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပါသည်။ 
 

ပြည်တွင်းရွှေစျေးကွက်မှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းခွဲလောက်အထိ ပြန်ကျလာဖို့ အလားအလာရှိနေကြောင်း ဈေးကွက် ကျွမ်းကျင်သူတွေက ခန့်မှန်းထားသည်။ 
 
စျေးကွက်သုတေသီတဦးက “ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ရွှေတွေကို တနေ့ ပိဿာချိန် ၂၀ ထုတ်ရောင်းပေးတယ်လေ။ လူတွေက ဝယ်လို့ရနေပြီဆိုရင် သူသူ၊ ငါငါ ပေါ့။ မဝယ်ချင်ကြတော့ဘူး၊ ဆိုတော့ စျေးကွက်မှာ ဝယ်လိုအားက ကျဆင်းလာတာကြောင့် ရွှေစျေးကလည်း ကျတယ်။ ဒုတိယတချက်က ဗဟိုဘဏ်က ဒေါ်လာစျေးတွေ ကျလာအောင် သူတို့လုပ်နေတာလည်းပါတယ်။ ဒါကြောင့် ဒေါ်လာစျေးက ဒီကနေ့ ဆိုရင် ကျပ် ၂၀၀၀ အောက်ပဲ ရှိတယ်။ ဒေါ်လာစျေးကျလာပြီဆိုရင် ရွှေစျေးက သူ့အလိုလို အလိုက်သင့်ကျလာတာပဲလေ။ ကျနော့်အမြင်ကတော့ ရွှေစျေးက ၁၇သိန်း၅သောင်းလောက်အထိ ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတယ်” ဟု ဒီဗီဘီသို့ ပြောကြားသည်။ 
ရွှေလုပ်ငန်းရှင်တဦးက “ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေနဲ့ သူတို့ရောင်းချပေးနေတဲ့ ရွှေတွေကို  ဝယ်သူရှိနေသမျှ ဆက်ပြီးရောင်းချပေးမှာလို့ ကျနော်တို့ သိရပါတယ်။ ဒါပေမဲ့ လူတွေက ဝယ်လို့ရနေပြီဆိုရင် သိပ်ပြီးတော့ ဝယ်ချင်တဲ့ စိတ်ဆန္ဒမရှိပါဘူး။ ဒါကြောင့်ပဲ ရွှေစျေးက အခုဆိုရင် ပြန်ကျလာပြီလေ။ ဒါပေမဲ့  အရင်ဖြစ်ခဲ့တဲ့ ၁၃ သိန်း၊ ၁၅သိန်း စျေးပြန်ဖြစ်ဖို့တော့ မျှော်လင့်လို့မရဘူးပေါ့နော်။ ဘာပဲပြောပြော သိန်း ၂၀ အကျော်နဲ့ စျေးအမြင့်မှာ ဝယ်ထားမိတဲ့သူတွေကတော့ ဒီအချိန်မှာ စျေးနာနေကြပြီ” ဟု ဒီဗီဘီသို့ ပြောကြားသည်။ 

အောက်တိုဘာ ၁၂ ရက်တွင် 
ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄  ပွိုင့်ဝန်းကျင်ရှိပြီး 
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၀၄၀  ဝန်းကျင်သို့ ဆက်လက်ကျဆင်းလာသည်။

ပြည်တွင်းစျေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ 
ယူရို ၂၂၅၀ ကျပ်၊ 
စင်ကာပူဒေါ်လာ ၁၄၂၅ ကျပ်၊ 
မလေးရှားရင်းဂစ် ၄၃၀ ကျပ်၊ 
ထိုင်းဘတ် ၅၇ ကျပ်
တရုတ်ယွမ် ၂၉၇ ကျပ်
တို့  ဖြစ်သည်။

ဗဟိုဘဏ်မှ လက်ရှိ အရောင်းအဝယ် ခွင့်ပြုထားသော နိုင်ငံခြားငွေ ၅ မျိုးအပြင် ဂျပန် ယန်း နှင့် တရုတ် ယွမ်တို့ကိုပါ အရောင်းအဝယ် ခွင့်ပြုကြောင်း အောက်တိုဘာ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
 

Local News Read 23050 times