စက်တင်ဘာလ ၂၃ ရက် ရွှေစျေးကျပ် ၁၉သိန်း ဒေါ်လာ လဲနှုန်း ၂၀၂၀ ကျပ်ထိ ပြန်ရောက်လာ


24 September, 2021

စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ ပြည်တွင်း ရွှေဈေးနှုန်းဟာ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၉ သိန်းနဲ့ဈေးပိတ်ခဲ့ပြီး ဒါဟာ တစ်ကျော့ပြန် အမြင့်ဆုံးဈေးတက်တဲ့ ကာလကိုရောက်လာတာလို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အချို့ကပြောပါတယ်။

မြန်မာ့ရွှေဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က တစ်ကျပ်သားကို ကျပ် ၁၉ သိန်း ၂ သောင်းထိ ဈေးမြင့်ခဲ့ရာကနေ ၁၈ သိန်း ၂သောင်းအထိ ဈေးပြန်ကျခဲ့ပြီးတဲ့နောက်မှာ အခုလို ၁၉ သိန်းအထိ တစ်ကျော့ပြန် ဈေးနှုန်းပြန်မြင့် တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

" ဒီနေ့ကတော့ ၁၉သိန်းနဲ့ ဈေးပိတ်သွားတာ။ ပြန်တက်တဲ့ တစ်ကျော့ကတော့ ဒီတစ်ခါအမြင့်ဆုံးပဲ။ အဓိကတော့ ဝယ်လိုအား တအားများနေတာကို အသင်းကလည်း တစ်ယောက်ကို တစ်ဆယ်သား ဝယ်ရမယ် စသဖြင့် ထိန်းချုပ်ထားပေမယ့် ဝယ်ချင်တဲ့လူက ဖြန့်ဝယ်တာမျိုးလည်းဖြစ်တယ်။ လူတွေက မဝယ်ရဘူးဆို ပိုဝယ်ချင်တယ် " လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။


စက်တင်ဘာ ၂၃ ရက် အမေရိကန်ဒေါ်လာ ပေါက်ဈေးကတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ လိုင်စင်ရငွေလဲကောင်တာမှာ အမေရိကန် တစ်ဒေါ်လာကို ၁၉၁၅ ကျပ်သာရှိပေမယ့် ပြင်ပငွေလဲကောင်တာတွေမှာတော့ ၂၀၂၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေပါတယ်။

ရွှေ နဲ့ ဒေါ်လာလဲလှယ်နှုန်းတွေ စတင်မြင့်တက်လာချိန်က စလို့ စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး လက်တွေ့စျေးကွက်မှာတော့ မြင့်တက်နေဆဲလည်း ဖြစ်ပါတယ်။

ရွှေစျေးကွက်ကို ထိန်းချုပ်ဖို့အတွက် ရန်ကုန်ရွှေစျေးကွက်မှာ အရောင်းအဝယ်စာရင်းတွေကို မှတ်သားတာ စျေးမကစားဖို့ သတိပေးတာတွေ လုပ်ခဲ့သလို ဒေါ်လာငွေလဲလှယ်တဲ့ လုပ်ငန်းရှင်တွေကို စောင့်ကြည့်ထိန်းချုပ်တာတွေကိုလည်း လုပ်ကိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။

ဒါအပြင် ဒေါ်လာငွေလဲလှယ်နှုန်းကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်က စက်တင်ဘာ ၂၀ နဲ့ ၂၂ ရက် ၂ရက်တည်း မှာကို ကန်ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းပေးခဲ့ပါတယ်။

"ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းလည်း စျေးကွက်က လိုသလောက်ကိုထုတ်ရောင်းနိုင်မှာ မဟုတ်တဲ့အတွက် ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အဓိက တရုတ်ဘက်ကို ပို့တဲ့ နယ်စပ်ပို့ကုန် တွေပိတ်ထားကတည်းက ဒေါ်လာလိုအပ်ချက်က ကြီးလာတာ။ ပို့ကုန် ပြန်ပို့နိုင်အောင်လုပ်နိုင်မှပဲ ပြေလည်မှာ။ လူတွေက ကျပ်ငွေကို ယုံကြည်မှု ကျဆင်းလာတာလည်းပါတယ်''လို့ နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင်စင်ရ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ဘီဘီစီကိုပြောထားပါတယ်။

 ဘီဘီစီ

Local News Read 612 times