ရွှေစျေးကွက် အရောင်းအဝယ် ပုံမှန်ထက် အနည်းငယ်ပါး၊ ရွှေအပိုင်းများအား ၁၀ ကျပ်သားတိတိ ရောင်းဝယ်


21 September, 2021

ရွှေစျေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ထက် အနည်းငယ်ပါးနေပြီး ရွှေအပိုင်းများ ရောင်းဝယ်ရာတွင် တစ်ဆယ်ကျပ်သားအထိ ရောင်းချဝယ်ယူခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အစည်းအဝေး၌ အလုပ်အမှုဆောင်များ၏ ဆုံးဖြတ်ချက်အရ ရွှေအရောင်းအဝယ် ပြုလုပ်ရာတွင် ရွှေအပိုင်းများအား ၁၀ ကျပ်သားတိတိ ရောင်းဝယ်ခွင့်ပြုရန်၊ အရောင်းအဝယ်များကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြရန် အစရှိသည်တို့ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“နောက်ပိုင်းမှာက ရွှေသန့်စင်တဲ့ စက်ရုံတွေကလည်း ၁၀ သားအတိပဲ ထွက်တော့တယ်။ နောက်ဝယ်သူတွေ အနေနဲ့ကလည်း စျေးကွက်တောင်းဆိုမှုအရ ၁၀ သားအတိပဲ ရောင်းကြဝယ်ကြဖို့ပေါ့။ ကျန်တာကြတော့လည်း သူ့နည်းသူ့ဟန်နဲ့ ရောင်းလို့ဝယ်လို့ ရတယ်။ စက်ရုံကလည်း အရင်ကလောက် မထုတ်တော့ဘူး။ ဝယ်တဲ့သူတွေကလည်း ၁၀ သားအတိပဲ တောင်းတော့တယ်။ သုံးစွဲသူရဲ့ တောင်းဆိုမှုအရ ၁၀ သားအတိ ပြောင်းလိုက်တာ။ ဒါပေမဲ့ ၁၀ ရွေးစွန်းတွေတော့ သူ့နည်းသူ့ဟန်နဲ့ ရောင်းလို့ ဝယ်လို့ ရပါတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ရွှေပေါက်စျေးမှာ ဒေါ်လာစျေး မြင့်တက်မှုကြောင့် ရွှေစျေးလည်း အနည်းငယ် မြင့်တက်လာကြောင်း ရွှေအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

ရွှေစျေးကွက်အတွင်းတွင် လတ်တလော အခြေအနေများအရ တစ်ရက်လျှင် ရွှေ လေး ငါးပိသာခန့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ ရွှေစျေးကွက်အတွင်း မှ သိရသည်။

“ အရောင်းအဝယ်ကတော့ ပုံမှန်လိုပဲ ဖြစ်နေတယ်။ စျေးကွက်ထဲတော့ ငါးပိသာ လောက်တော့ အရောင်းအဝယ် ဖြစ်နေတယ်။ ဝယ်လိုအား ရောင်းလိုအားကတော့ ပါးနေတယ်လို့ ပြောရမယ်။ ဒီကာလနဲ့ လမ်းပန်း အခက်အခဲတွေနဲ့ဆိုတော့ ဝယ်လိုအား ရောင်းလိုအား နည်းတယ်။ ဒေါ်လာစျေး တက်လို့သာ စျေးက လိုက်တက်နေတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဒေါ်လာပြင်ပ ပေါက်စျေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၀၂၀ ရှိနေပြီး ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ ရွှေစျေးမှာ မွန်းလွဲပိုင်းစျေးအရ ကျပ် တစ်ဆယ့်ရှစ်သိန်း လေးသောင်း နှစ်ထောင် ရှိသည်။

ရွှေစျေးကွက်အတွင်း မွန်းလွဲ ၂ နာရီခွဲ စျေးနှုန်းအရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် တစ်ဆယ့်ရှစ်သိန်း ငါးသောင်းခုနစ်ထောင် ရှိသည်။

ရွှေစျေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ကျပ် ၁၃၁၆၅၀၀ - ၁၃၃၆၀၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၁၃၄၁၀၀၀- ၁၄၂၀၀၀၀ ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

news-eleven.com

 

 

Local News Read 827 times