ကမ္ဘာ့သကြားဈေးကွက် အိန္ဒိယသကြား လိုအပ်နေ


12 October, 2021

ကမ္ဘာ့သကြားဈေးကွက်ထဲသို့ သကြားတင်ပို့မှုတွင် အဓိကကျသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဘရာဇီးနိုင်ငံတွင် သကြားထုတ်လုပ်မှုရာသီကုန်ဆုံးပြီးသည့်နောက် ကမ္ဘာ့သကြားဈေးကွက်ထဲ လစ်ဟာနေသော သကြားတင်ပို့မှု အဆက်ပြတ်ခြင်းကို ဖြည့်ပေးရန် အိန္ဒိယနိုင်ငံတစ်နိုင်ငံသာ ရှိလိမ့်မည်ဖြစ်ပြီး ဈေးကွက်တည်ငြိမ်မှုကို ထိန်းပေးထားနိုင်လိမ့်မည်ဟု မျှော်လင့်သည်။

ကမ္ဘာ့အကြီးမားဆုံး သကြားကုန်သည်လုပ်ငန်း Alvean Sugar SL မှ အမှုဆောင်အရာရှိချုပ် Paulo Roberto de Souza က “နိုဝင်ဘာမှ မတ်-ဧပြီလအထိ အိန္ဒိယသကြား ဖြည့်ပေးခြင်း မရှိခဲ့ရင် ကမ္ဘာ့သကြားဈေးကွက် ပြင်းထန်တဲ့ ပြဿနာ ရှိလိမ့်မယ်” ဟု ပြောကြားသည်။ 

ဘရာဇီးသကြားနှင့် ဩစတေးလျသကြားတို့ အပါအဝင် ပြိုင်ဘက်များကို အိန္ဒိယသကြားက ယှဉ်ပြိုင်ရာတွင် အိန္ဒိယအစိုးရ၏ မူဝါဒများအရ ကြီးမားသော အထောက်အပံ့များ ရရှိထားသဖြင့် ယှဉ်ပြိုင်မှု မမျှတဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းမှ မေးခွန်းထုတ်သည်မှာ နှစ်အတန်ကြာနေပြီ ဖြစ်သည်။ 

Souza က ပြောပြသည်မှာ ဘရာဇီးတွင် မိုးခေါင်သဖြင့် ကြံအထွက်နည်းခြင်း၊ ကုန်ကျစရိတ် များခြင်း၊ သင်္ဘောတန်ဆာခများ မြင့်တက်နေခြင်းတို့ကြောင့် သကြားဈေးနှုန်း ထိုးတက်သော်လည်း သကြားဝယ်လိုအား တိုးမည့်အလားအလာများ ရှိနေသည်။ သကြား သုံးစွဲသည့် နိုင်ငံများသည် သကြားဈေးတက်ခြင်းနှင့် သင်္ဘောပို့ဆောင်စရိတ် မြင့်မားသဖြင့် သကြားတင်သွင်းခြင်း လျော့ကျနေခဲ့ပြီး ပြည်တွင်းရှိ လက်ကျန်ကိုသာ အားကိုးနေခဲ့ကြသည်။ ယခုအခါ လက်ကျန်နည်းပါးနေကြပြီ ဖြစ်ရာ ကမ္ဘာ့ဈေးကွက်ထဲမှာ သကြားဝယ်ယူကြရတော့မည် ဖြစ်သဖြင့် ဝယ်လိုအား တိုးလာလိမ့်မည်။ 
“အခု သူတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး” ဟု သူက မှတ်ချက်ပြုသည်။ 

အမှာစာများကို တင်ပို့ပေးနိုင်သည့် နိုင်ငံတစ်နိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး ဈေးအမြင့်ဖြင့် ရောင်းချလိမ့်မည်ဟု သူက မျှော်မှန်းထားသည်။ 

၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် သကြားဈေး အမြင့်ဆုံးသို့ ရောက်နေသည်။ အဓိကကျသော ဘရာဇီးနိုင်ငံတွင် မိုးခေါင်ခြင်းနှင့် နှင်းခါးရိုက်ခြင်းတို့ကြောင့် အထွက်နှုန်း ကျဆင်းခဲ့သည့်အတွက်ကြောင့် ဖြစ်သည်။ 

ဘရာဇီးနိုင်ငံ၏ လာမည့်ကြံရာသီတွင် ကြံတန်ချိန် တန်ပေါင်း သန်း ၅၃၀ ဝန်းကျင် ထွက်မည်ဖြစ်ပြီး သကြားထုတ်လုပ်မှုသည် တန်ချိန် ၃၂- ၃၂.၄ သန်း ဝန်းကျင် ဖြစ်လိမ့်မည်ဟု Alvean Sugar SL ၏ သုတေသနဌာနက မှန်းဆထားသည်။ 

“ကြံခင်းတွေ အထိနာထားတယ်။ လာမည့်နှစ်မှာ လာနီညာ ( La Nina ) ကို ကျွန်တော်တို့ ကြုံရလိမ့်မယ်။ ဒီတော့ မိုးနည်းလိမ့်မယ်” ဟု Souza  က ပြောသည်။ 

ဈေးနှုန်းများမြင့်တက်ရန် မျှော်မှန်းလျက် သကြားတင်ပို့မှုစာချုပ်များ ချုပ်ဆိုခြင်းကို အိန္ဒိယကုန်သည်များက ဆိုင်းငံ့ထားကြသည်ဖြစ်ရာ ၎င်းတို့ ထုတ်ရောင်းလိုသည့် ဈေးအထိ သကြားဈေးတက်လိမ့်မည်ဟုလည်း Souza  က ခန့်မှန်းထားကြောင်း ပြောကြားသည်။

ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံ၌ ရာသီဥတု ဆိုးရွားမှုကြောင့် ကြံစိုက်ခင်းများထိခိုက်ပျက်စီး မှုရှိပြီးဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ် ရှိသည့်အခြေအနေကို စောင့်ကြည့်လျက် အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များသည် သကြား တင်ပို့မှု စာချုပ်များချုပ်ဆိုခြင်းကို ဆိုင်းငံ့ထားကြကြောင်း သိရှိရပါသည်။

နယူးယောက် သကြားကုန်ကြမ်းဈေးကွက်၌ ၁ ပေါင်လျှင် ၂၀.၅ ဆင့်ခန့်အထိ ဈေးနှုန်း မြင့်တက်လာဖွယ်ရှိမှုက အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် မဟာရဋ္ဌပြည်နယ် အနောက်ပိုင်းရှိ သကြားစက်လုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးမီ ကာလ များ၌ ဈေးနှုန်းများမြင့်တက်ခဲ့မှုအရ အိန္ဒိယရှိ ကုန်သည်များသည် ရှေ့နှစ် တွင်ထွက်ရှိလာမည့် သကြား ထုတ်လုပ်မှုမှ တန်ချိန် ၁.၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆို ထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိမှုက ဘရာဇီးလုပ်ငန်း ရှင်များအား ကြံမှအီသနောလောင်စာဆီ ထုတ်လုပ်ရန် ပိုမိုတွန်းအားဖြစ်စေပြီး နိုင်ငံတကာ ဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်မှုကို အထောက်အပံ့ပြုဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုအခါ အိန္ဒိယ လုပ်ငန်းရှင်များသည် သကြားတင်ပို့မှု စာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုသေးဘဲ ဈေးနှုန်း မြင့်တက်လာမည့် အခွင့်အလမ်းကို မျှော်လင့်လျက်ရှိကြကြောင်း၊ ကမ္ဘာ့သကြား ဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၁.၅ ဆင့်အထိ ရရှိပါက ကြံအဓိကစိုက်ပျိုးသည့် ဥတာပရာဒေ့ရှ် ပြည်နယ်အပါအဝင် အိန္ဒိယမြောက်ပိုင်းဒေသရှိ သကြားစက်လုပ်ငန်းရှင်များအနေဖြင့် အဆင် သင့်တင်ပို့ကြမည်ဖြစ်ကြောင်း စသည်ဖြင့် အိန္ဒိယသကြားစက် လုပ်ငန်းရှင်များအသင်းမှ ညွှန်ကြားရေးမှူးချုပ် Mr. Abinash Verma က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ ရှေ့လာမည့် အောက်တိုဘာလတွင် အရန်သကြားတန်ချိန် ၉ သန်းခန့် ရှိလာနိုင်ပြီး ကုန်သည်များ၏ ရောင်းလိုအား နှေးကွေးနေမှုက နိုင်ငံတကာဈေးကွက်၌ သကြား ဈေးနှုန်းမြင့်မားမှုအပေါ် ပိုမို၍ တွန်းအားသက်ရောက်ဖွယ်ရှိပါသည်။ ဘရာဇီးနိုင်ငံရှိ ကြံစိုက်ခင်း များ၌ မိုးခေါင်ခြောက်သွေ့မှုနှင့် နှင်းခါးရိုက်မှုတို့ကို ကြုံတွေ့ရပြီးနောက် နယူးယောက် ဈေးကွက်တွင် ၄ နှစ်တာအတွင်း အမြင့်မားဆုံးအဖြစ် ၂၂-၉-၂၀၂၁ နေ့ရှိ သကြား ၁ ပေါင် ဈေးနှုန်းမှာ ၂၀.၀၄ ဆင့်သို့ ရောက်ရှိခဲ့သည်။

Indian Sugar Exim Corp ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Adhir Jha က မကြာသေးမီက ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်လာမှုကြောင့် သကြားတင်ပို့မှု စာချုပ်အသစ်များ ချုပ်ဆိုမှုမှာ နှောင့်နှေးမှုများရှိနေကြောင်း၊ အကယ်၍ဈေးနှုန်းများ ဆက်လက် မြင့်တက်မည့် အခြေအနေရှိပါက သကြားစက်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းဈေးကွက်သို့ ဦးစား‌ပေးရောင်းချစေရန် အစိုးရက ဝင်ရောက် ကြပ်မတ် ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာ ရှေ့လာမည့် တင်ပို့မှုရာသီအသစ်၌ အောက်တိုဘာလ လကုန်ပိုင်းခန့်ကျမှသာ သင်္ဘောတင်ပို့မှုလုပ်ငန်းများ ကို လုပ်ဆောင်နိုင်ချေရှိကြောင်းဖြင့် ပြောဆိုပါသည်။ ကမ္ဘာ့သကြားထုတ်လုပ်မှုတွင် ဒုတိယ နေရာ၌ရှိသော အိန္ဒိယနိုင်ငံရှိ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အစိုးရ၏ ကူညီထောက်ပံ့မှု အစီ အစဉ်များကို ရယူမှုနှင့်အတူ ယခုနှစ် သကြားတင်ပို့မှု ရာသီကာလတွင် ပြည်ပသို့ တန်ချိန် ၇ သန်း အထိ တင်ပို့ဖွယ်ရှိကြောင်း သိရှိရပါသည်။
 

Global News Agriculture & Livestock Read 1957 times