အာရှစပါး အထွက်နည်းမည်ဟု ခန့်မှန်း


15 August, 2022

အာရှစပါး အထွက်နည်းမည်ဟု ခန့်မှန်း

အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်တို့တွင် ဆန်ထွက်ရှိမှုအပေါ် ထိခိုက်မှု ရှိသဖြင့် အထွက်လျော့နည်းမည်ဟု ခန့်မှန်းထားကြသည်။ 

 

  • အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်တို့တွင် ဆန်ထွက်ရှိမှု လျော့နည်းခြင်းနှင့် အရည်အသွေး ထိခိုက်ခြင်း ဖြစ်ပွားလျက် ရှိသည်။
  • စားနပ်ရိက္ခာ ကုန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်နေစဉ် ရာသီဥတု ဖောက်ပြန်မှုကြောင့် စပါးသီးနှံများ ထိခိုက်ပျက်စီးမှု ရှိနေသည်။
  • ယခုနှစ်တွင် ဂျုံ၊ ပဲပုပ်ပဲများ ဈေးနှုန်း အထွတ်အထိပ်ရောက်နေစဉ် ဆန်ဈေးနှုန်း အေးနေသည်။
  • စပါးရိတ်သိမ်းမှုရာသီ ပြီးဆုံးချိန်တွင် အာဖရိကနှင့် အာရှ ဝယ်လိုအားများ မြင့်တက်လာ‌နေသည်။

 

အာရှမှ  ထိပ်တန်း ဆန်တင်ပို့ရောင်းချသည့်နိုင်ငံများတွင် ရာသီဥတု မျက်နှာသာမပေးသည်ကို ကြုံနေကြသည်။ 

ကမ္ဘာ့ ဆန်အများဆုံးတင်ပို့သော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် စပါးစိုက်ဧက လျော့ကျသဖြင့် အထွက်နည်းလိမ့်မည်ဟု ခန့်မှန်းထားကြသည်။  

ကမ္ဘာ့အရေးအကြီးဆုံး အဓိက အစားအစာ ဆန် အထွက်နည်းခဲ့လျှင် စံချိန်တင် မြင့်မားနေသော စားသောက်ကုန် ကုန်ဈေးနှုန်းများ စံချိန်သစ်တင်အောင် ထပ်မံမြင့်တက်စေလိမ့်မည်။

ပြီးခဲ့သည့် ၂ နှစ်တာတွင် စပါးအထွက်ကောင်းနေခဲ့သည်။ ဆန်ပို့ကုန်လုပ်ငန်းများထံ လက်ကျန်ဆန်များလည်း များများစားစား ရှိနေခဲ့သည်။ သို့ဖြစ်ရာ စားသောက်ကုန်များ ကုန်ဈေးနှုန်း မြင့်တက်လာနေသည့် စီးကြောင်းတွင် ဆန်က လိုက်ပါလာခြင်းမရှိခဲ့ချေ။ COVID-19 ကပ်ဘေး၊ ပစ္စည်းပေးပို့သည့် ကွင်းဆက်တွင် အနှောက်အယှက်များ ဖြစ်ပေါ်နေခြင်း၊ ရုရှား-ယူကရိန်းပဋိပက္ခတို့ကြောင့် ဂျုံ၊ ပြောင်း အစရှိသော ကောက်ပဲသီးနှံများ ဈေးမြင့်တက်သော်လည်း ပို့ကုန်ဆန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်း မရှိခဲ့ချေ။

 

ကမ္ဘာ့စပါးထုတ်လုပ်မှု၏ ၉၀% သည် အာရှမှာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယခုအခါ ရာသီဉတု မျက်နှာသာမပေးသည်ကို ကြုံနေသဖြင့် စပါးအထွက် လျော့ကျဖွယ် ရှိသည်။ သို့ဖြစ်ရာ ကုန်သည်များနှင့် ဆန်းစစ်လေ့လာသူများက ဆန်ဈေးနှုန်းများ မြင့်တက်ဖွယ်ရှိသည်ဟု မှန်းဆကြသည်။

“ဆန်အဓိက တင်ပို့တဲ့နိုင်ငံတွေမှာ ထုတ်လုပ်မှု နိမ့်ကျမှုနဲ့အတူ ဆန်ဈေးတက်နိုင်တဲ့ အလားအလာ ရှိပါတယ်" ဟု National Australia Bank မှ စိုက်ပျိုးစီးပွား ဘောဂဗေဒပညာရှင် Phin Ziebell က ပြောကြားသည်။

ဖွံ့ဖြိုးဆဲကမ္ဘာမှ နိုင်ငံများတွင်  စားနပ်ရိက္ခာ ဝယ်စားဖို့ ငွေကြေးတတ်နိုင်မှုအတွက် ကြီးမားသော စိန်ခေါ်မှုများ ကြုံနေကြရာ၌ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းသည် ဘူးလေးရာ ဖရုံဆင့် ဖြစ်လိမ့်မည်ဟု Ziebell က ပြောကြားသည်။

 

ကမ္ဘာ့ထိပ်တန်း စပါးထုတ်လုပ်သည့် ၄  နိုင်ငံကို ကြည့်လျှင် အိန္ဒိယနိုင်ငံတွင် စပါးစိုက်သည့် ဒေသများတွင် ကွက်ကြားမိုး ရွာသည်။ မိုးနည်းသဖြင့် စပါးမစိုက်ရသေးသည့် လယ်ဧကများ ကျန်ရှိနေသည်။

တရုတ်နိုင်ငံတွင် အပူလှိုင်း ရိုက်ခတ်သည်။

ပုံမှန်အားဖြင့် စပါးအထွက်များသည့် ဘင်္ဂလားဒေ့ရှ်တွင် စပါးခင်းများ ရေလွှမ်းခံရသည်။

ဗီယက်နမ်တွင် ရိတ်သိမ်းချိန် မိုးဖျက်သဖြင့် စပါးအရည်အသွေး ကျဆင်းသည်။

 

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ စီးပွားရေးပညာရှင် Shirley Mustafa က  "ယခုနှစ်အစောပိုင်းမှာ စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်အဆင့်သို့ မြင့်တက်ရောက်ရှိခဲ့သော်လည်း ဆန်ဈေးနှုန်းက လက်လှမ်းမီနိုင်ဆဲဖြစ်နေခဲ့ပါတယ်။ အခု ကျွန်တော်တို့ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်တို့ အပါအဝင် အဓိက ဆန်ထွက်သည့် နိုင်ငံအချို့တွင် ရာသီဥတုနှင့် ဆက်နွှယ်သော ဆုတ်ယုတ်မှုများ ကြုံနေရပါတယ်။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အခြေအနေတွေ ကောင်းမလာဘူးဆိုရင် အထွက်နှုန်း လျော့ကျသွားနိုင်ပါတယ်”ဟု ပြောကြားသည်။ 

 

ကမ္ဘာ့ကောက်နှံဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်တွင် မြင့်တက်လာခဲ့သော်လည်း ဆန်ဈေးနှုန်းက နှိုင်းစာပါက အတက်မရှိခဲ့ချေ။ 

ယခု ဆန်ထုတ်လုပ်မှု ပမာဏ လျော့ကျနိုင်ဖွယ် ဖြစ်နေသည်။ သို့သော် ဆန်လက်ကျန် များပြားနေသည်။

 

အိန္ဒိယနိုင်ငံမှ စပါးအများဆုံး ထွက်သည့် ပြည်နယ်များ ဖြစ်သည့် ဘီဟာ၊ ဥတ္တရပဒေသ၊ အနောက်ဘင်ဂေါ၊ ဂျခန် တို့တွင် ယခုစပါးစိုက်သည့် ရာသီတွင် မုတ်သုန်မိုး လုံလုံလောက်လောက်မရွာ၊ ၄၅% လျော့နည်းသည်။ ထို့အတွက်ကြောင့် စပါးစိုက်ဧရိယာ ၁၃% လျော့နည်းမည်။ ဆန်ထုတ်လုပ်မှု  တန်ချိန် ၁၀ သန်း လျော့ကျမည်။ ယမန်နှစ်ထက် ၈% နည်းမည်ဟု အိန္ဒိယ ဆန်တင်ပို့သူများအသင်း All India Rice Exporters Association ဥက္ကဋ္ဌ B.V. Krishna Rao က ပြောကြားသည်။

လယ်သမားအချို့က စပါးမစိုက်ဘဲ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို  စိုက်ပျိုးကြခြင်းကြောင့်လည်း စပါးစိုက်ပျိုးမှု ကျဆင်းသွားသည်ဟု Rao က ပြောသည်။

အိန္ဒိယနိုင်ငံ၏ နွေစပါး စိုက်ပျိုးထုတ်လုပ်မှု ပမာဏသည် တစ်နှစ်တာ စပါးထုတ်လုပ်မှု ပမာဏ၏  ၈၅ ရာခိုင်နှုန်းကျော် ရှိသည်။ 

"အိန္ဒိယမှာ ဆန်ထုတ်လုပ်မှု ကျဆင်းတာ သေချာနေပြီဆိုတော့  အိန္ဒိယအစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ မေးခွန်းထုတ်စရာပါ" ဟု မွန်ဘိုင်းအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းမှ ကုန်သည်တစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ဆန်နှင့် စပါး စုစုပေါင်း လက်ကျန်သည် တန်ချိန် ၅၅ သန်း ဖြစ်သည်။ လျာထားသည်မှာ တန်ချိန် ၁၃.၅၄ သန်းဖြစ်သဖြင့် လက်ကျန် အလျှံပယ် ဖြစ်နေသည်။

ထိုအချက်ကြောင့် ပြီးခဲ့သည့်နှစ်တွင် ဆန်ဈေး ကျဆင်းနေခဲ့သည်။ အန္ဒိယက စံချိန်တင် တန်ချိန် ၂၁.၅ သန်းကို ၂၀၂၁ တွင် တင်ပို့ခဲ့သည်။ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန် ၄ နိုင်ငံတို့မှ တင်ပို့သည့် ဆန်တန်ချိန် စုစုပေါင်းထက် ကျော်လွန်သည်။ 

"ဒါပေမဲ့ အစိုးရက ပြည်တွင်း စားသောက်ကုန် ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီး အကဲဆတ်တယ်။ အနည်းငယ် မြင့်တက်လာတာနဲ့ ပို့ကုန်ကန့်သတ်ချက်တွေကို ပြဋ္ဌာန်းပါတယ်" ဟု ကုန်သည်တစ်ဦးက ပြောသည်။

အိန္ဒိယအစိုးရက ပြည်တွင်း ဂျုံဈေး တက်လာသည့်အခါ ဂျုံတင်ပို့မှုကို ပိတ်ပင်လိုက်သည်။ များမကြာမီ သကြားဈေးနှုန်း တက်ရိပ်ပြလာသဖြင့် သကြားတင်ပို့မှုကို အကန့်အသတ်ဖြင့်သာ တင်ပို့စေသည်။ 

 

ဗီယက်နမ်တွင် ရိတ်သိမ်းချိန်အတွင်း မိုးရွာသွန်းမှုကြောင့် စပါးအရည်အသွေး ပျက်စီးခဲ့သည်။

"စပါးရိတ်သိမ်းချိန်မှာ ဒီလောက်မိုးရွာတာ တစ်ခါမှ မတွေ့ဖူးဘူး။ ပုံမှန်မဟုတ်တာပါပဲ" ဟု မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Bac Lieu အခြေစိုက် အသက် ၅၀ အရွယ် လယ်သမား Tran Cong Dang က ပြောသည်။

“ဆယ်ရက်အတွင်းမှာပဲ စုစုပေါင်း တိုင်းထွာတဲ့မိုး‌ရေချိန်က အရင်လ တစ်လလုံးစုစု‌ေပါင်း မိုးရေချိန်နဲ့ အတူတူပါပဲ” ဟု Dang က ပြောသည်။ ရေကြီးမှုကြောင့် သူစိုက်ပျိုးသည့် စပါးခင်း ၂ ဟက်တာ အထွက်နှုန်း ၇၀ ရာခိုင်နှုန်း ဆုံးရှုံးမည်ဟု သူက ခန့်မှန်းထားသည်။

 

ကမ္ဘာ့ဆန်အများဆုံး စားသုံးသည့်နိုင်ငံ နှင့် ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည် စပါးစိုက်ပျိုးသော ဒေသများတွင် အပူလွန်ကဲမှုကြောင့် အထွက်နှုန်း ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည်။

အမေရိကန် စိုက်ပျိုးရေးဌာနမှ တရုတ်နိုင်ငံသည် ၂၀၂၂-၂၃ တွင် ဆန်တန်ချိန် ၆ သန်းအထိ စံချိန်တင် တင်သွင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က တရုတ်နိုင်ငံသည် ဆန်တန်ချိန် ၅.၉ သန်း တင်သွင်းခဲ့ပါသည်။

 

ကမ္ဘာ့ဆန်စားသုံးမှုတွင် တတိယနေရာမှာ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် စပါးခင်းများ ပျက်စီးသည်။ ပြည်ပမှ ဆန်တင်သွင်းဖို့ ကုန်သည်များကို အစိုးရက တိုက်တွန်းနေသည်။ ဆန်သွင်းကုန်ခွန်ကို လျော့ပေါ့ပေးထားသည်။ 

 

အိန္ဒိယမှလွဲ၍ အခြားနိုင်ငံများတွင် ဆန်စပါး ထုတ်လုပ်မှု လျော့ကျသည့် အတိုင်းအတာ အပြည့်အစုံ သိရှိနိုင်ဖို့မှာ လေ့လာသုံးသပ်သူများ၊ အစိုးရဌာနများက နှစ်ကုန်ပိုင်းတွင်သာ ထုတ်ပြန်လေ့ရှိသော ထုတ်ပေးသည့်ဒေတာများကို စောင့်ရမည် ဖြစ်သည်။ 

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source: Reuters


 

Agriculture & Livestock Read 2589 times