မြန်မာ့အထည်ချုပ်လုပ်ငန်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်း


24 October, 2021

COVID-19 ရိုက်ခတ်ချက်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ စစ်အာဏာသိမ်းခဲ့ပြီးနောက်မှာ ပိုမိုထိခိုက် ကျဆင်းခဲ့ပါတယ်။ အဲဒီအထဲမှာ အလုပ်သမား ၅ သိန်းလောက်ကို အလုပ်ပေးထားတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ၃၀ ရာနှုန်းကျော်လောက် ကျဆင်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းဟာ ၂၀၁၉ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားချိန် ပထမလှိုင်း ကာလမှာ နိုင်ငံတကာက လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ စက်ရုံတချို့ ရပ်ဆိုင်းခဲ့ရပြီး တင်ပို့မှုတွေလည်း ထိုးကျသွားခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယလှိုင်းဖြစ်စဉ် ၂၀၂၀ ခုနှစ်အတွင်းမှာ အထည်ချုပ်လုပ်ငန်းရှင်တွေ အနေနဲ့ အတွေ့အကြုံ ရလာတဲ့အတွက် လုပ်ငန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။ လုပ်ငန်းအပ်ထည်တွေ အတော်များများ စာချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကိုဗစ်တတိယလှိုင်းဟာ အလွန်ပြင်းထန်ခဲ့တာရယ် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေရယ်ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေ ထိုးကျသွားခဲ့ပါတယ်။ အထည်ချုပ်ငန်းရှင်တဦးလည်းဖြစ် မြန်မာနိုင်ငံ အထည်ချုပ်အသင်း အမှုဆောင်အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဒေါ်ရင်ရင်မိုးက အခုလို ရှင်းပြပါတယ်။
“ဒီ ကိုဗစ်တတိယလှိုင်းမှာ လူတွေအတော်များများက ကျန်းမာရေး ထိခိုက်ကုန်တယ်။ စက်ရုံတွေမှာကို Production (ထုတ်လုပ်မှု) က လုံးဝ ကွင်းဆက်ချိတ်လို့ မရတော့ဘူး။ ကလေးတွေက (အလုပ်သမား) အကုန်လုံး တောက်လျှောက် ခွင့်ယူကုန်တယ်။ ၁,၀၀၀ ရှိတဲ့ ရုံမှာဆိုရင် လူဦးရေ ၄၀၀ လောက် ပျက်တယ်ရှင့်။ ဆိုတော့ ၄၀ ရာနှုန်းလောက်က ရုံထဲမှာမရှိတော့ဘူး ဆိုတဲ့အခါကျတော့ အလုပ်က ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ အခုလိုမျိုး စစ်ကောင်စီ အာဏာသိမ်းတဲ့ အခြေအနေနဲ့ သွားပြီးကြုံတဲ့အခါမှာ အချိန်က အံကိုက်လိုမျိုး ထပ်ပြီးတော့ ကြုံတွေ့ရတဲ့ အခါမှာတော့ ကျမတို့ အတော်များများ နာလန်မထူနိုင်တော့ဘူး။ အဲဒီအခြေအနေမှာ အော်ဒါတွေက မတ်လလောက်ကတည်းက စပြီးတော့ အားလုံးက Cancel (ပယ်ဖျက်) တွေ ဖြစ်ကုန်တယ်။ အခြေအနေတွေ ကစဉ့်ကလျားတွေ ဖြစ်ကုန်တယ်ပေါ့နော်။ မေလလောက်မှာ စက်ရုံအတော်များများ ပိတ်သွားတယ်။”
ကိုဇော်မိုးကျော် - နောက်တခုက ဘာဖြစ်လို့ နိုင်ငံတချို့ရဲ့ အပ်ထည်အမှာတွေ ရပ်ဆိုင်းသွားတာလဲခင်ဗျ။ ဘာဖြစ်လို့ Cancel လုပ်သွားတာလဲခင်ဗျ။
ဒေါ်ရင်ရင်မိုး - “Cancel (အမှာဖျက်သိမ်း) သွားတယ်ဆိုတာက ဒီ မြန်မာပြည်နိုင်ငံရေး မတည်ငြိမ်တာရယ်၊ နောက်တခါ အခုလိုမျိုး စစ်ကောင်စီ သိမ်းတဲ့အချိန်မှာ စက်မှုဇုန်တချို့ကို သူတို့က ဒီ စီးပွားပိတ်ဆို့ ဧရိယာအဖြစ် သတ်မှတ်လိုက်တယ်ပေါ့။ နောက်ပြီးတော့ ဥရောပအော်ဒါ အတော်များများက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုအပေါ်မှာ စိုးရိမ်ကြောင့်ကြပြီး သူတို့ တခြားနိုင်ငံတွေကို ချက်ချင်း ရုတ်တရက် ရွှေ့သွားတယ်။ ပိတ်ဆို့ဆိုတဲ့ ကိစ္စကလည်း နောက်ဆက်တွဲ ပါလာတယ်ပေါ့။ အဲဒါကြောင့် အော်ဒါတွေ အကုန် Cancel ဖြစ်သွားတယ်။”
စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်း အပ်ထည်အမှာတွေက မြန်မာနိုင်ငံကနေ ဗီယက်နမ်လိုနိုင်ငံကို အဓိကရွှေ့သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေကို ရွှေ့သွားပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲတုန်းကလည်း ဥရောပကုမ္ပဏီဖြစ်တဲ့ H and M လို ကမ္ဘာကျော် အထည်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြောင့် အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေတွေ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ILO အလုပ်သမားအဖွဲ့ချုပ်ရဲ့ စာရင်းအရ ၂၀၁၉ ခုနှစ်တုန်းက မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ၊ ဒေါ်လာသန်း ၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။ မြန်မာ့တင်ပို့ကုန်အားလုံးရဲ့ ၂၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ရာခိုင်နှုန်း အတော်များများ ကျဆင်းသွားပါတယ်။
အထည်ချုပ်အသင်းရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၇၃၄ ရုံကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး စာရင်းတွေအရက စက်ရုံပေါင်း ၄၄၅ ရုံသာ ဆက်လက်လည်ပတ်နိုင်ပါတော့တယ်။ ကိုဗစ်စဖြစ်ပြီးကတည်းက အခုအချိန်အထိ စက်ရုံပေါင်း ၂၈၉ ရုံ ပိတ်လိုက်ရပါတယ်။ ၃၀ ရာခိုင်နှုန်းကျော်လောက် ကျဆင်းသွားတယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်အစိုးရလက်ထက် ၂၀၀၂၊ ၂၀၀၃ တုန်းကလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စက်ရုံတွေပိတ်ရပြီး မြန်မာ့အထည်ချုပ်လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ဖူးပါတယ်။ အထည်ချုပ်လုပ်ငန်းဟာ သယံဇာတရောင်းတဲ့ လုပ်ငန်းမျိုး မဟုတ်ဘဲ တိုင်းပြည်ရဲ့ တကယ့်ကုန်ထုတ်လုပ်ငန်း ဖြစ်ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် အောက်ခြေလူတန်းစားတွေပဲ ထိခိုက်နိုင်တယ်လို့ ဒေါ်ရင်ရင်မိုးက ပြောပါတယ်။
“ဒီလိုမျိုး နိုင်ငံရေး အကျပ်အတည်းကြားထဲ အထည်ချုပ်တွေကို နိုင်ငံတကာက ပိတ်ဆို့တဲ့အထဲမှာ မပါသင့်ဘူးလို့ ကျမတို့ထင်ပါတယ်။ အဲဒီအတွက်လည်း ကျမတို့ အသနားခံတဲ့ Statement (ကြေညာချက်) တွေလည်း ဟို ကြိုးစားပြီး ပေးပို့ပါတယ်။ အဲဒါတွေကတော့ လုပ်သားများစွာရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ ဒီ အခြေခံလူတန်းစားတွေပဲ ဒုက္ခရောက်မယ့် အခြေအနေမျိုးကို မလုပ်သင့်၊ မပါသင့်ပါဘူးလို့ပဲ ကျမတို့က မြင်ပါတယ်။”
တကယ်တမ်း ကိုဗစ်မဖြစ်ခဲ့ရင်၊ စစ်တပ်အာဏာသိမ်းတာမျိုး မဖြစ်ခဲ့ရင် မြန်မာနိုင်ငံဟာ ဒေသတွင်း အထည်ချုပ်လုပ်ငန်းမှာ ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိခဲ့တယ်လို့ ဒေါ်ရင်ရင်မိုးက ဆိုပါတယ်။ အခုခါမှာတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အနာဂတ်ဟာ ခန့်မှန်းရခက်နေတယ်လို့ ဆိုပါတယ်။
အခုအခါ ဗီယက်နမ်လိုနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးတာတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ အခြား အထည်ချုပ်လုပ်ငန်းတွေလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ပြဿနာကို ဖြေရှင်းနိုင်ရင်တောင်မှ နိုင်ငံရေးပြဿနာ ရှိနေသေးတဲ့အတွက် မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ အနာဂတ်ဟာ မသေချာ မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဗီအိုအေ

Export, Import Read 653 times