ဂါလီယမ်နှင့် ဂျာမေနီယမ် တင်ပို့မှု ကန့်သတ်ခြင်း သက်ရောက်မှုများ


23 July, 2023

ဂါလီယမ်နှင့် ဂျာမေနီယမ် တင်ပို့မှု ကန့်သတ်ခြင်း သက်ရောက်မှုများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


လျှပ်စစ်ကားများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် စစ်ဘက်ဆိုင်ရာနည်းပညာ ကဏ္ဍများအတွက် အရေးကြီးသော အဓိက ကုန်ကြမ်းသတ္တုများနှင့် သတ္တုဓာတ်ပေါင်းများ တင်ပို့မှုကို ကန့်သတ်ရန် စည်းမျဥ်းသစ်များ တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စည်းမျဉ်းသစ်များသည် ဩဂုတ် ၁ ရက်တွင် စတင်အသက်ဝင်မည်ဟု သတ်မှတ်ထားသည်။


ဂါလီယမ် galium နှင့် ဂျာမေနီယမ် germanium တို့ ဘယ်လောက်အရေးပါသလဲ

၂၀၂၃ ဇူလိုင် ၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဂါလီယမ်နှင့် ဂျာမေနီယမ် တင်ပို့မှုကို ကန့်သတ်ရန် အဓိကရည်ရွယ်သည့် ပို့ကုန် ထိန်းချုပ်ရေး စည်းမျဉ်းများ ချမှတ်ခဲ့ပြီး ၎င်းသတ္တုတို့နှင့် ဆက်နွှယ်နေသည့် ဓာတ်ပေါင်းများ ဖြစ်သည့် ဂါလီယမ် နိုက်ထရိတ် (GaNs) နှင့် ဂါလီယမ် အာဆင်းနိုက် (GaAs) ကဲ့သို့သော ဆက်စပ်ဓာတ်ပေါင်းများလည်း အကျုံးဝင်သည်။

သမားရိုးကျ ပရိုဆက်ဆာများနှင့် အာရုံခံချစ်ပ်များကို ဆီလီကွန်ဖြင့် ပြုလုပ်ထားသည့် wafer များ‌ပေါ်တွင် တည်ဆောက်ထားသည်။

ဂါလီယမ်နှင့် ဂျာမေနီယမ်  အခြေပြု ဝေဖာများကို အသုံးပြု၍ ပြုလုပ်ထားသော ချစ်ပ်များကို ဓာတ်ပေါင်း တပိုင်းလျှပ်ကူးပစ္စည်းများ compound  semiconductor များဟု ခေါ်ဝေါ်ကြသည်။ ၎င်းချစ်ပ်များသည် စွမ်းရည် မြင့်မားသည်။ မြင့်မားသော ပါဝါ၊ မြင့်မားသော တုတ်နှုန်းများ၊ မြင့်မားသော ဗို့အားတို့ကို ကိုင်တွယ်ပေးနိုင်စွမ်းရှိသည့် ချစ်ပ်များ ဖြစ်သည်။ သို့ဖြစ်ရာ compound  semiconductor များ အသုံးတွင်ကျယ်သည်။
Compound semiconductors များသည် အီးဗ္ များမှအစ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုအလယ်၊  စစ်ဘက်နည်းပညာအထိ ထွန်းသစ်စ စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်အရေးပါပါသည်။

 GaNs သည် အမြန်အားသွင်း အသုံးပြုသူ အီလက်ထရွန်းနစ်နှင့် အီးဗီများတွင် အသုံးပြုသည့် ပါဝါချစ်ပ်များတွင် အဓိကကျသည့် ပစ္စည်းတစ်ခုဖြစ်သည်။
 
GaAs သည် ဆက်သွယ်ရေး စက်ကိရိယာများ၊  ကာကွယ်ရေးပစ္စည်းကိရိယာများတွင် ပါဝါချဲ့သည့် စက်အစိတ်အပိုင်းများအတွက် အရေးကြီးပါသည်။

Germanium ကို အထူးသဖြင့် ဖိုက်ဘာအော့ပတစ်၊ အနီအောက်ရောင်ခြည်နှင့် ဂြိုလ်တုဆိုလာဆဲလ်များအတွက် အီလက်ထရွန်းနစ်စက်မှုလုပ်ငန်းတွင် တွင်ကျယ်စွာ အသုံးပြုသည်။ စစ်ဘက်သုံး ညအ‌ေဝးကြည့်မျက်မှန်အတွက် အလွန်အရေးပါသည်။

 

ဂါလီယမ်နှင့် ဂျာမေနီယမ် ဈေးကွက်များ

ဂါလီယမ်နှင့် ဂျာမေနီယမ် ဈေးကွက်များသည် တရုတ်နိုင်ငံမှ ထုတ်လုပ်တင်ပို့မှုအပေါ် အလွန်အမင်း မှီခိုနေသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် ပျမ်းမျှအားဖြင့် ကမ္ဘာ့ဂျာမေနီယမ် ၉၀ ရာခိုင်နှုန်းနှင့် ဂါလီယမ် ၉၀ ရာခိုင်နှုန်းကျော် ထုတ်လုပ်ခဲ့သည်။

ကမ္ဘာ့ဂျာမေနီယမ် ထုတ်လုပ်မှုတွင် ရုရှား ၅%၊ ဂျပန် ၂%၊ အမေရိကန် ၂% ပါဝင်သည်။ 
ကမ္ဘာ့ဂါလီယမ် ထုတ်လုပ်မှုတွင် ရုရှား ၂% ၊ ယူကရိန်း ၂% ပါဝင်သည်။

 

ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ။

တရုတ်ပြည်၏ တင်ပို့မှု ကန့်သတ်ချက်သည် ပါဝါချစ်ပ်များ၊ ကြိမ်နှုန်းမြင့် အစိတ်အပိုင်းများကို ဦးဆောင်ထုတ်လုပ်သူများ ဖြစ်ကြသည့် Broadcom, Skyworks, Qorvo, Infineon, STMicroelectronics, Win Semiconductors တို့အပေါ် သက်ရောက်မှု ချက်ချင်း မရှိနိုင်ပါ။

လက်ရှိတွင် ချစ်ပ်များ ပြုလုပ်ရန် သတ္တုအလွှာ ထုတ်လုပ်သူများ ထိခိုက်မည် ဖြစ်သည်။

ဂါလီယမ် နိုက်ထရိတ်အလွှာ ထုတ်လုပ်သူများ၊ ဂါလီယမ် အာစီနိုက်အလွှာ ထုတ်လုပ်သူများ အကျပ်ရိုက်မည် ဖြစ်သည်။ 

အမေရိကန် အခြေစိုက် AXT၊ ဂျပန်အခြေစိုက် Sumitomo Electric ၊ အစ္စရေး ဂျာမန်လုပ်ငန်း Freiberger တို့သည် ဂါလီယမ် အာစီနိုက်အလွှာ ထုတ်လုပ်ပေးကြသည်။ 
AXT သည် တရုတ်ပြည်အပေါ် အကြီးအကျယ် တည်မီထားသည်။ ထုတ်လုပ်မှုများ အကုန်လုံး တရုတ်ပြည်မှာ လုပ်ကိုင်သည်။ တရုတ်ပြည်မှ ကုန်ကြမ်း ထုတ်လုပ်သည့် ကုမ္ပဏီများတွင်လည်း ရှယ်ယာများ ဝယ်ယူပိုင်ဆိုင်ထားသည်။ ဂါလီယမ် သန့်စင်ထုတ်လုပ်သည့် ကုမ္ပဏီများတွင်လည်း ရှယ်ယာများ ဝယ်ယူပိုင်ဆိုင်ထားသည်။

AXT တရုတ်ပြည် လုပ်ငန်းခွဲ Tongmei သည် ဂါလီယမ်နှင့် ဂျာမေနီယမ် အလွှာများ ပြည်ပတင်ပို့မှု ရပ်ထားရသည်။ စည်းမျဉ်းသစ်များနှင့်အညီ ပို့ကုန်ပါမစ် လျှောက်ထားသည်။
"ကျွန်ုပ်တို့သည် လိုအပ်သောပါမစ်များကို တက်ကြွစွာဖြင့် လိုက်လျှောက်နေပြီး ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် ပစ္စည်း ပို့မပေးနိုင်သည့် ပြတ်တောက်မှု ဖြစ်နိုင်ခြေများကို လျှော့ချရန် လုပ်ဆောင်နေပါသည်" ဟု စီအီးအို Morris Young က  ကြေညာချက် ထုတ်ပြန်သည်။

AXT သည် ဂါလီယမ်အလွှာ၊ ဂါလီယမ် အာစီနိုက်အလွှာ တရုတ်ပြည်မှ တင်ပို့မှုအတွက် ယခုနှစ် ပထမ၃လတွင် ကန်ဒေါ်လာ ၄.၃ သန်း ဝင်ငွေ ရရှိသည်။ စုစုပေါင်း ဝင်ငွေ၏ ၂၂% ကို ရရှိခြင်း ဖြစ်သည်။ 
Source Reuters

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Export, Import Read 297 times