ဝိုင် လီတာ သန်းချီ ပိုလျှံနေမှု ပြဿနာ ပြင်သစ်အစိုးရ ရင်ဆိုင်


18 February, 2023

ဝိုင် လီတာ သန်းချီ ပိုလျှံနေမှု ပြဿနာ ပြင်သစ်အစိုးရ ရင်ဆိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဝိုင်သောက်သုံးမှု ကျဆင်းပြီး ဝိုင်ထားသိုသည့် မြေအောက်ခန်းများ ပြည့်လျှံနေသဖြင့် လီတာသန်းပေါင်းများစွာကို လုပ်ငန်းသုံးအရက်အဖြစ်သို့ ပြောင်းလဲရန် ပြင်သစ်အစိုးရက စီစဉ်နေသည်။

ပြင်သစ် အစိုးရသည် ကြီးမားသောပိုလျှံမှုကို လျှော့ချရန်အတွက် ဆေးဝါးနှင့် အလှကုန်များအတွက် ယူရိုသန်းပေါင်းများစွာ သုံးစွဲပြီး ဝိုင်ကို လုပ်ငန်းသုံးအရက်အဖြစ်သို့ ပြောင်းလဲရန်  စီစဉ်နေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားသည်။

ပြည်တွင်း ဝိုင်သောက်သုံးမှု ကျဆင်းသွားခြင်းကြောင့်ပြင်သစ်နိုင်ငံ ဝိုင်ထုတ်လုပ်သည့်ဒေသ  Bordeaux ရှိ စိုက်ပျိုးသူများ ထုတ်လုပ်သည့် ဝိုင်ပမာဏ အလွန်အကျွံ ပိုလျှံနေသည်။ တန်ဖိုးသင့် ဝိုင်အမှတ်တံဆိပ်များ၏ ဝိုင်သိုလှောင်ရာ မြေအောက်ခန်းများ ပြည့်နေပြီး လာမည့်ရာသီတွင် ထုတ်လုပ်မည့် ဝိုင်များအတွက် သိုလှောင်ရန် နေရာမရှိတော့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဝိုင်များကို စက်မှုလုပ်ငန်းသုံးအရက်အဖြစ် ပြောင်းလဲပေးရန် ယူရိုသန်း ၁၆၀ (ဒေါ်လာ သန်း ၁၇၀) အထိ သုံးစွဲမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

"ကျွန်တော်တို့မှာ ၂၄ လစာ ဝိုင်တွေ ပိုလျှံနေတယ်"ဟု Bordeaux မှ ဝိုင်လုပ်ငန်း Didier Cousiney က ပြောသည်။

ဝိုင်များ ပိုလျှံနေသဖြင့် ဝိုင်အတွက် ကုန်ကြမ်းဖြစ်သည့် စပျစ်စိုက်ပျိုးမှု လျှော့ချရန် စပျစ်ခြံများကို အခြားလုပ်ကိုင်မှုအမျိုးမျိုး ပြောင်းလဲ လုပ်ကိုင်ရန် စီစဉ်နေသော်လည်း စပျစ်ခြံ ဧရိယာ အ‌မြောက်အမြားကို ပြောင်းလဲပေးမှ အဆင်ပြေနိုင်မည်ဟု Cousiney က ဆိုသည်။

Cousiney နှင့် အခြား စပျစ်စိုက်ပျိုးသူများက အနည်းဆုံး စပျစ်ခြံ ၁၅,၀၀၀ ဟက်တာကို ပြောင်းလဲပေးဖို့ လိုအပ်လိမ့်မည်ဟု ခန့်မှန်းသည်။ ၎င်းဧရိယာမှာ ဘောလုံးကွင်း ခုရေ ၂၁,၀၀၀ ၏ အကျယ်အဝန်းနှင့် ညီမျှသည်။

ထိုသို့ ပြောင်းလဲသုံးစွဲသည့်အတွက် နစ်နာကြေး တစ်ဟက်တာလျှင် ယူရို ၁၀,၀၀၀ ပေးအပ်သည်။

ပြင်သစ်အစိုးရက ပြည်တွင်းဝိုင်လုပ်ငန်းကဏ္ဍတွင် ၂၀၂၀ ခုနှစ်တွင် ဝင်ရောက်ကူညီပေးခဲ့ဖူးသည်။ Covid-19 လော့ဒေါင်းကြောင့် စားသောက်ဆိုင်များ၊ အရက်ဘားများ၊ ကလပ်များ ပိတ်ထားရသဖြင့် ဝိုင်ရောင်းအား ထိုးကျသွားခဲ့သည်။ ပြင်သစ်ဝိုင် ပြည်ပတင်ပို့မှုလည်း လျော့ကျခဲ့သည်။

ပြင်သစ်သည် အီတလီပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး ဝိုင်ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ ဝိုင်လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသူဦးရေ ၅ သိန်းဝန်းကျင် ရှိသည်။

ပြင်သစ်စူပါမားကတ်များတွင် ဝိုင်နီရောင်းချမှုသည် ယမန်နှစ်က ၁၅% ကျဆင်းခဲ့ကြောင်း ပြင်သစ်နိုင်ငံ၏ ဝိုင်ထုတ်လုပ်ရေးဆိုင်ရာ အထွေထွေအသင်းမှ သိရသည်။
ဝိုင်ဖြူနှင့် နှင်းဆီဝိုင်တို့သည်  သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

ပြင်သစ်နိုင်ငံသားများသည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ က တစ်နှစ်လျှင် ပျမ်းမျှ ဝိုင် ၁၃၀ လီတာခန့် သောက်ခဲ့ကြသော်လည်း ယနေ့တွင် လီတာ ၄၀ ခန့်အထိ ကျဆင်းသွားကြောင်း စိုက်ပျိုးရေးသမဂ္ဂ FNSEA ၏ အထွေထွေအတွင်းရေးမှူးနှင့် စပျစ်စိုက်ပျိုးသူ Jerome Despey က ပြောကြားပါသည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 559 times