စီးပွားရေးလုပ်ငန်းငယ်များကို လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အကြံဉာဏ်များ အခမဲ့ ပေးမည်


05 February, 2021

SME လုပ်ငန်းရှင်များနှင့် Startup လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်း ကျွမ်းကျင်ပညာရှင်များထံမှ မိမိလုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များ တောင်းခံနိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနက ထောက်ပံ့ပေးလျှက် ရှိပါသည်။

လုပ်ငန်းနယ်ပယ် အသီးသီးမှ Startup များနှင့် SME လုပ်ငန်းများကို ပြုစု ပျိုးထောင်ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းရှင် များစွာ ပေါ်ထွက်လာနိုင်စေရန်အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

SME လုပ်ငန်းရှင်များ လိုအပ်နေသော တီထွင် ဆန်းသစ်သည့် နည်းပညာများနှင့် စီးပွားရေးဆိုင်ရာ အကြံဉာဏ်များစွာကို မျှဝေပေးသွားမည် ဖြစ်ကာ တစ်ကြိမ်လျှင် တစ်နာရီ ဆွေးနွေးပေးမည် ဖြစ်ပြီး ပထမဦးဆုံး ( ၃) ကြိမ်အား အခမဲ့ ဆွေးနွေးပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ဦးစိန်သောင်းဦး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ဒေါက်တာဖြူဖြူဝင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဒေါ်စန္ဒာမျိုး အပါအဝင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင် စုစုပေါင်း (၂၁ ) ဦးနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ပါသည်။


အကြံဉာဏ်ရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိအကြံဉာဏ် ရယူလိုသော ပညာရှင်များနှင့် Appointment ရယူရန်အတွက် ဒေါ်အိအိခိုင်၊ ဌာနခွဲမှူး ဖုန်းနံပါတ် 09423721590 နှင့် ဒေါ်အေးသန္တာ၊ ကြီးကြပ်ရေးမှူး ဖုန်းနံပါတ် 09425057784 တို့ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။

ဆွေးနွေးပေးမည့် နေရာ ( ၃ ) နေရာရှိပြီး မိမိနှင့် အဆင်ပြေသည့် နေရာများကို သွားရောက်ပြီး အကြံဉာဏ်များ တောင်းခံနိုင်မည် ဖြစ်သည်။

ပထမနေရာမှာ SME Center၊ အမှတ်(၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ ဒုတိယနေရာမှာ Center of Excellence (CoE)/ Incubation Center၊ အမှတ်(၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်နှင့် တတိယနေရာမှာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး၊ မြန်မာပလာဇာအနီး၊ ရန်ကုန်တို့ ဖြစ်ပါသည်။

အကြံဉာဏ် ပေးမည့် ပညာရှင်များနှင့် ပံ့ပိုးပေးနိုင်သည့် နယ်ပယ်များကို အောက်တွင် ဖော်ပြထားသည့် လင့်ခ်တွင် အသေးစိတ် လေ့လာနိုင်ပါသည်။ https://bit.ly/2EzBuQJ

Su Mon Oo

Myanmar Industry Guide

Tips Read 459 times