လျှပ်စစ်ကဏ္ဍအတွက် ဆေးခါးကြီး လေးချက်


05 February, 2021

လျှပ်စစ်ကဏ္ဍကို မီးမောင်းထိုးပြထားသည့် အချက် လေးချက်ကို ကောက်နုတ်တင်ပြထားသည်။ ထိုလေးချက်သည် ဆေးခါးကြီးသဖွယ် အဝင်ဆိုးသည်။ သို့သော် စဉ်းစားဆင်ခြင်စရာဖြစ်သည်။
• ပထမအချက်

ပထမအချက်မှာ စွမ်းအင်အသစ်ထုတ်လုပ်မှု စရိတ်အချို့အဝက်ကိုသာ ကာမိစေသည့် လက်ရှိ ဓာတ်အားခဈေးနှုန်းနှင့် ပတ်သက်ပါသည်။ စွမ်းအင်ဝန်ကြီးဌာန (သို့မဟုတ်) corporatized လုပ်လိုက်လျှင် National Utility ဖြစ်လာမည့် ပြည်သူ့အကျိုးပြုလုပ်ငန်း ကော်ပိုရေးရှင်းသည် လက်ရှိအခြေအနေအရ စက်မှုလုပ်ငန်းသုံး မဟုတ်သော စွမ်းအား (non-industrial power) ကို "ပိုရောင်းလေ ပိုရှုံးလေး" အဖြစ်ဆိုးမျိုးနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ ယင်းအခြေအနေကြောင့် ဓာတ်အားထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံလိုသော ပြင်ပလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်မည့် ဓာတ်အားသစ်များကို မှန်ကန်မျှတသည့် ဈေးနှုန်း (realistic price) မျိုးဖြင့် ဝယ်ယူမည်ဟူသော အာမခံချက်ကို အစိုးရထံမှ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုလျက်ရှိကြသည်။

ယင်းသို့မဟုတ်ပါက ချုပ်ဆိုထားသည် ပမာဏအတိုင်း ဝယ်ယူနိုင်မည့် ဘဏ္ဍာငွေလုံလောက်ရန် သေချာမည်မဟုတ်ပါ။ ထို့ကြောင့် သုံးစွဲသူများထံ ရောင်းဈေးနှုန်းကို စွမ်းအားသစ်ထုတ်လုပ် ကုန်ကျစရိတ်ကာမိအောင် တွက်ချက်သတ်မှတ်မှု မပြုလုပ်မချင်း၊ အစိုးရအာမခံချက် လိုအပ်နေမည်ဖြစ်သည်။

ဝန်ကြီးဌာနသည် ယင်းပြဿနာကို ကောင်းစွာသိရှိသောကြောင့် လျှပ်စစ်ဓာတ်အားခများကို မြှင့်တင်ရန် ကြိုးစားခဲ့ပါသည်။ ပေါ်လစီမှန်ကန်သော်လည်း အကောင်အထည်ဖော်ပုံတွင် လွဲချော်မှုများရှိခဲ့ပါသည်။ စားသုံးသူများနှင့်လည်းကောင်း၊ လွှတ်တော်ရှိ အတိုက်အခံများနှင့်လည်းကောင်း၊ ကြိုတင်အသိပေး ညှိနှိုင်းမှုများ အားနည်းခဲ့ပါသည်။ ဆန့်ကျင်မှုများ ပြင်းထန်ခဲ့၍ ပထမအလျော့ပေးခဲ့ရသည်။ ပြီးမှ အတန်အသင့်ပြန် တိုးမြှင့်ယူထားရသည်။ လိုအပ်သည်မှာ ဓာတ်အားအသစ်ထုတ်လုပ်မှု ကုန်ကျစရိတ်ဖြစ်သည့် အစွန်းထွက်ကုန်ကျစရိတ် (marginal cost) နှင့် ညီမျှသည်အထိ လက်ရှိဓာတ်အားခဈေးနှုန်းများကို တဆင့်ပြီးတဆင့် တိုးမြှင့်သတ်မှတ်သွားမည့် ၅ နှစ်စီမံကိန်းဖြစ်သည်။

ဤစီမံကိန်းကို ကြိုတင်ဆွေးနွေးရှင်းပြထားရန် လိုအပ်သည်။ တစ်လလျှင် စုစုပေါင်း kWh ၆၀ အောက်သာ အသုံးပြုသည့် အိမ်ထောင်စုများအတွက် တစ် kWh ၃၅ ကျပ် သက်စောင့်နှုန်း lifeline rate ကို ချွင်းချက်အဖြစ် ဆက်လက်ထားရှိနိုင်ပါသည်။ အလားတူ အိမ်ထောင်စုမျိုး တစ်ပြည်လုံးတွင် စုစုပေါင်း ၅ သန်းရှိလာ၍ တစ်နှစ် စုစုပေါင်း သုံးစွဲမှု ၅၀၀ kWh ရှိသည့်တိုင်၊ နိုင်ငံတော်အနေဖြင့် ကျခံရမည့် ထောက်ပံ့စရိတ် စုစုပေါင်းသည် တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၀၀ ခန့်သာကျသင့်ပါမည်။

ယင်းတန်ဖိုးကို ဝန်ကြီးဌာနသို့ လွှဲပြောင်းရာတွင်လည်းကောင်း၊ ဆင်းရဲသည့် စားသုံးသူများအား ငွေသားအရဖြစ်စေ၊ စရိတ်နည်းဓာတ်ငွေ့ သို့မဟုတ် စရိတ်နည်းလျှပ်စစ်ဓာတ်အားအဖြစ်ဖြင့် ဖြစ်စေ၊ ထောက်ပံ့ပေးရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ အချို့လေ့လာသူများကမူ လက်ရှိကုန်ကျစရိတ်နှင့် လေလွင့်ဆုံးရှုံးမှုကြီးမားနေရခြင်း အကြောင်းတစ်ရပ်မှာ သြဇာရှိအခွင့်ထူးခံစားသုံးသူမာျးအတွက် အထူးဈေးနှုန်း၊ အထူးကင်းလွတ်ခွင့်များကြောင်ဖြစ်ကြောင်း ယုံကြည်ကြသည်။ အကယ်၍ ဤ " လေလွင့်မှု " စုစုပေါင်း၏ ထက်ဝက်မျှ လျှော့ချနိုင်လျှင်ပင်၊ လျှော့နည်းကွာဟမှု (deficit) ပမာဏ အတော်များများကို ထေမိသွားနိုင်ဖွယ်ရှိတာ အချိန်ကာလ ကြာလာသည်နှင့်အမျှ အချိန်ကာလကြာလာသည်နှင့်အမျှ ထောက်ပံ့ခံသက်စောင့် ဓာတ်အားပမာဏထက်ပို၍ အသုံးပြုလိုသည့် အိမ်ထောင်စုအရေအတွက်သည် ပို၍ပို၍ များလာမည်သာဖြစ်ရာ၊ သက်စောင့် ဓာတ်အား ထောက်ပံ့ကြေးကုန်ကျစရိတ်သည် တဖြေးဖြေး ကျဆင်းလာမည် ဖြစ်သည်။ စက်မှုဇုံများတွင် စက်ရုံများနှင့် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသူတို့အကြား အထူး အစီအစဉ်များ ရှိသင့်ပါသည်။ စိတ်ချအားထားရသော ဓာတ်အားကို အထူးဈေးဖြင့် ရောင်းသူဝယ်သူကြည်ဖြူကြလျှင် တရားဝင်ဖြစ်သင့်ပါသည်။

• ဒုတိယအချက်

ဒုတိယ ပြဿနာမှာ ဝန်ကြီးဌာန၏ ဦးထုပ်နှစ်လုံးတစ်ပြိုင်တည်း ဆောင်းထားရခြင်းနှင့် ပတ်သက်ပါသည်။ တဖက်တွင် ကွပ်ကဲသူ (regulator) အဖြစ် တာဝန်ယူရသည်။ စွမ်းအင်ဆိုင်ရာ ပုဂ္ဂလိက-အစိုးရ ဖက်စပ်လုပ်ငန်းများနှင့် သီးခြား ဓာတ်အားပေးလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ထိန်းသိမ်းရသည်။ တဖက်တွင်မူ၊ မိမိကိုယ်တိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိသည်။ ဤအဓိကလုပ်ငန်းတာဝန်ကြီး နှစ်ရပ်ကို ဆောင်ရွက်ရာတွင်၊ ဌာနတွင်းအကျိုးပဋိပက္ခ (conflicts of interest) များမှ ရှောင်ရှားနိုင်ရန် ဝန်ကြီး ဌာနလုပ်ငန်းတာဝန်များကို ဌာနခွဲအလိုက် သီးသီးသန့်သန့် ခွဲခြားဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံအဆင့်၊ ပြည်သူ့ အကျိုးပြုလုပ်ငန်း (national utility) ကော်ပိုရေးရှင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြင်ပ ပုဂ္ဂလိကများအား လိုအပ်သလို အနည်းစု အစုဝင်များ (minority shares) အဖြစ် ဖိတ်ခေါ်ပါဝင်စေခြင်း၊ နည်းလမ်းများကိုလည်း ကျင့်သုံးနိုင်ပါသည်။

အချို့နိုင်ငံရှိ လျှပ်စစ်ကုမ္ပဏီများသည် မိမိ၏ မူလဓာတ်အားထုတ်လုပ်မှုအပိုင်း ပိုင်ဆိုင်မှုအားလုံးကို ရောင်းထုတ်လိုက်ပြီး၊ ဓာတ်အားသယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးအပိုင်းတို့ကိုသာ စူးစိုက်လုပ်ကိုင်တော့သည်။ အချို့ကော်ပိုရေးရှင်းများကမူ အစဉ်အလာစက်ရုံအချို့ကိုသာ ဆက်လက်ထိန်းသိမ်း ထုတ်လုပ်ပြီး ဓာတ်အားအသစ်များကိုမူ၊ ဝန်ကြီးဌာနက ကြီးကြပ် ထားသည့်စာချုပ်များအရ ထုတ်လုပ်သည့်စက်ရုံများဝယ်ယူ ဖြန့်ဖြူးသည်။ ဤတွင် ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ပတ်သက်၍ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းတိကျမှု မရှိသေးသောကြောင့် အစစအရာရာ နှောင့်နှေးလျက်ရှိသည်။ ထုတ်လုပ်မှုတိုးတက်ရေးကို ထိခိုက်စေလျက် ရှိသည်။

• တတိယအချက်

တတိယပြဿနာမှာ အရေးကြီးသည်။ စွမ်းအင်ဝန်ကြီးဌာနတွင် ၂၀၁၅-၁၆ ကာလအတွင်း ၁၄၀၀ MW အထိ ထုတ်နိုင်စွမ်းရှိ မည့် သဘာဝဓာတ်ငွေ့သုံးစက်များ အဆင်သင့်ဖြစ်လာရန် တန်းစီနေသော်လည်း ယင်းစက်များလည်ပတ်ရန်အတွက် သဘာဝဓာတ်ငွေအလုံအလောက်မရှိဟု သိရှိရပါသည်။ လက်ရှိအစိုးရအနေဖြင့် ယခင်အစိုးရ သဘောတူချုပ်ဆိုထားခဲ့သော သဘာဝဓာတ်ငွေ့စာချုပ်များကို မလွဲသာမကင်းသာ၍ပင် ဖေါက်ဖျက်ခြင်းမပြုလိုပါက၊ မိမိ၏ ဓာတ်အားထုတ်လုပ်မှု တိုးချဲ့ရေး စီမံချက်များကို ဖြတ်တောက်ခြင်း၊ သို့မဟုတ် ယာယီအစီအစဉ်အရ၊ စရိတ်ပိုမိုကုန်ကျမည့် ရေနံဆီ၊ ဒီဇယ်ဆီ၊ ပရိုပိန်း စသည့် လောင်စာများကို ယင်းသဘာဝဓာတ်ငွေ့သုံး စက်ရုံသစ်များ အပြည့်အ၀ လည်ပတ်နိုင်ရေးအတွက် လိုအပ်သရွေ့ အစားထိုးအသုံးပြုရန် လိုအပ်ပါမည်။ ပရိုပိန်းဈေးနှုန်းသည် ရေနံဆီ၏ ထက်ဝက်ဈေးသာရှိ၍ ဦးစားပေးသင့်သည်။ နောင် တွင် ဓာတ်အားထုတ်လုပ်မှု နှင့် ယင်း ဓာတ်အားထုတ်လုပ်မှု အတွက် လိုအပ်မည့် လောင်စာ ရရှိ နိုင် မှု တို့ကို ယခင် ထက် ပို၍ ကြို ကြိုတင်တင်၊ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆောင်ရွက်သင့်သည်။

• စတုတ္ထအချက်

နောက်ဆုံးအချက်အနေဖြင့် လက်ရှိလျှပ်စစ်ဓာတ်အား ပေါ်လစီမူဝါဒ ဖော်ပြချက်တွင် နိုင်ငံတွင်း၊ ဒေသအလိုက် ဓာတ်အားရရှိမှု ကွာခြားချက် ကိစ္စလုံးဝမပါရှိခြင်း အပေါ်ဆွေးနွေးလိုပါသည်။ ဓာတ်အားခ သက်သာအောင် လျော့ချ သတ်မှတ်ထားမှုသည် ဓာတ်အားမရရှိသေးသည့် မြို့ရွာများသို့ ဓာတ်အားတိုးချဲ့ရောက်ရှိရေး ရည်မှန်းချက်အား အဟန့်အတားဖြစ်စေသည်။ (တစ်နှ်စ်တာ အရှုံးပမာဏသည် ဓာတ်အားစက်ရုံတစ်ရုံ တည်၍ ရသည်)


၂၀၁၁-၁၂ တွင် ရန်ကုန်တိုင်း၏ မဟာဓာတ်အားလိုင်းမှ လူတစ်ဦးကျ ဓာတ်အားရရှိမှုသည် ရခိုင်ပြည်နယ်ထက် အဆ ၁၇၀၊ ဧရာဝတီတိုင်းထက် ၁၄ဆ အထိပိုမို မြင့်မားခဲ့သည်။ ဓာတ်အားခများကို ဓာတ်အားသစ်ထုတ်လုပ် ကုန်ကျစရိတ်အောက် သတ်မှတ်နေ သရွေ့ လက်ရှိအခွင့်အရေးပိုရနေသော ဒေသများနည်းတူ အခြားဒေသများအတွက် အခွင့်အလမ်းတူ ဖြန့်ဖြူးပေးနိုင်မည့် ကုန်ကျစရိတ်မျိုးကျခံနိုင်ရန် ဝန်ကြီးဌာနတွင် ဘတ်ဂျက်မရှိနိုင်ပါ။ မဟာဓာတ်အားလိုင်းမှ ဓာတ်အားမရရှိသေး သည့် စုစုပေါင်း၏ ၇၀% သော အိမ်ထောင်စုများ၊ ကျေးလက်ဒေသများ၊ လျှပ်စစ်ဓာတ်အား လက်လှမ်းမီနိုင်ရေး ကြိုးပမ်းမှု တွင်လည်း၊ ဌာနအနေဖြင့် ရင်ဆိုင်ရလျက်ရှိသည့်ပြဿနာမှာ အခြေခံအားဖြင့် ဤဘတ်ဂျက်ပြဿနာပင် ဖြစ်ပါသည်။

အများကြိုက် ဓာတ်အားခတိုးမြှင့်မှု ဆန့်ကျင်ရေးသည် စီးပွားရေးအမြင်အရ မှားယွင်းသည့်အပြင်၊ နိုင်ငံအတွင်း အခွင့်အရေး တန်းတူညီမျှရေးကိုလည်း နှောင့်နှေးစေပါသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံးဝလက်လှမ်းမမီသေးသူ အများစုရှိ နေဆဲ ဖြစ်သည်။ ဓာတ်အား လက်လှမ်းမီသူများထဲမှ အမှန်အကန် ချို့တဲ့သုံးစွဲသူများအတွက် သက်ကယ်ယူနစ်ပမာဏကို သက်ကယ်ဈေးနှုန်း (lifeline rate) ဖြင့် ထောက်ပံ့ခွင့်ပြုထားလျက်ရှိသည်။ ဤအခြေအနေမျိုးတွင် ဓာတ်အားရရှိသုံးစွဲနေ သူများထဲမှ အခြားသုံးစွဲသူများအား စရိတ်အောက် သက်သာသောနှုန်းများဖြင့် ဆက်လက်ထောက်ပံ့ပေးထားရန် မသင့်တော့ ဟုယူဆပါသည်။

မှတ်ချက်။          Harvard တက္ကသိုလ်၊ John F. Kennedy School of Government, Ash Center for Governance and Innovation John F. Kennedy School of Government, Ash Center for Governance and Innovation မှ David Dapice ([email protected]) က လျှပ်စစ်ကဏ္ဍအတွက် သုတေသနစာတမ်းတစ်စောင် ရေးသားပြုစုခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေခဲ့သည်။ ၎င်း စာတမ်း၏ အနှစ်ချုပ်အပိုင်းကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။

 

Local News How To Read 10752 times