Fortune 500 စာရင်းတွင် တရုတ်ကုမ္ပဏီများအများဆုံး ပါဝင်


06 August, 2022

Fortune 500 စာရင်းတွင် တရုတ်ကုမ္ပဏီများအများဆုံး ပါဝင်



ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၃) မှာ Fortune က နှစ်စဉ်ထုတ်ပြန်ပေးတဲ့ Fortune Global 500 စာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။

 

ဝင်ငွေပမာဏ အများဆုံး ထိပ်တန်း (၁၀)


အမေရိကန်နိုင်ငံတွင် အကြီးမားဆုံးလက်လီအရောင်းလုပ်ငန်း Walmart က ၀င်ငွေ ကန်ဒေါ်လာ ၅၇၂.၇၅ ဘီလီယံဖြင့် Global 500 စာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။

စုစုပေါင်းဝင်ငွေ အများဆုံး ရရှိတဲ့ ကုမ္ပဏီ ၅၀၀ စာရင်းဖြစ်တဲ့ Fortune Global 500 စာရင်းကို ၂၀၂၂ အတွက် ထုတ်ပြန်ခဲ့ရာ လက်လီအရောင်းလုပ်ငန်းကြီး Walmart က ဝင်ငွေပမာဏအရ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီ ဖြစ်နေခဲ့တာ ၉ နှစ်ဆက်တိုက် ရှိပါပြီ။

Fortune မဂ္ဂဇင်းက ကုမ္ပဏီတွေရဲ့ အရွယ်အစား အဆင့်တွေ ထုတ်ပြန်ပေးတာကို ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့ပြီး ယခုထုတ်ပြန်တဲ့ ၂၀၂၂ စာရင်းအထိ Walmart က ပထမနေရာကို ၁၇ ကြိမ်မြောက် ရရှိလိုက်တာ ဖြစ်ပါတယ်။
 

အမြတ်ပမာဏ အများဆုံး ထိပ်တန်း(၁၀)



ဆော်ဒီအာရေဗျနိုင်ငံမှ နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Saudi Aramco က ဝင်ငွေအရ ကမ္ဘာ့ဆဌမအကြီးဆုံး ဖြစ်ပြီး အမြတ်အရ ကမ္ဘာ့အမြတ်အများဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။ ကန်ဒေါ်လာ ၁၀၅ ဘီလီယံ ရရှိခဲ့ပါတယ်။
 

၂၀၂၁ မှာ စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် အကုန်လုံး ကိုဗစ်ကြောင့် ငွေကြေးအဆင်မပြေမှုများကို ကျော်လွှားဖို့ တောင်အတက်လမ်းကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ယခုနှစ်မှာတော့ ၎င်းတို့ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှုနှင့် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပါအဝင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရပါတယ်။

ကပ်ရောဂါရဲ့ အဆိုးရွားဆုံး နက်ရှိုင်းမှုမှ ပြန်လည် ရုန်းထလာကြရာ ဝင်ငွေအရ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီများကို ဝင်ငွေပြန်ကောင်းလာစေမယ့် အခြေအနေများက တွန်းပို့ပေးနေကြကြောင်း Fortune မှ အယ်ဒီတာ Scott DeCarlo က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုစု‌ေပါင်းအားနှင့် အမြတ် ရရှိမှုများသည် Fortune Global 500 စာရင်းဝင် ကုမ္ပဏီများအတွက် ဘဏ္ဍာနှစ်မှာ စံချိန်တင်အဆင့်သို့ ရောက်သွားကြောင်း ၎င်းက ဆိုထားပါတယ်။

Fortune အယ်ဒီတာချုပ် Alyson Shontell က ရှေ့လျှောက် စီးပွားရေး နှေးကွေးနေချိန်မှာ စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများကို သတိပေးခဲ့ပါတယ်။

"အရွယ်အစား ကြီးကြီးငယ်ငယ် လုပ်ငန်းတိုင်း အထူးသဖြင့် အခုလို ခက်ခဲတဲ့အခြေအနေတွေမှာ ဘယ်သူတွေ ရှင်သန်ပြီး ကြီးပွားတိုးတက်နိုင်မလဲဆိုတာ တကယ်မှတ်ကျောက် အတင်ခံရမယ်။ အထူးသဖြင့် ဘယ်လောက်ကြာမလဲ ဆိုတာလည်း မသိရ၊ ဘယ်အထိ နက်ရှိုင်းမလဲ အတိမ်အနက်လည်း မသိရတဲ့ စီးပွားရေး ကျဆင်းမှု အခြေအနေထဲမှာ တကယ် အစမ်းသပ်ခံရ လိမ့်မယ်" လို့ သူမက ပြောကြားပါတယ်။

အမေရိကန်နိုင်ငံမှာ အကြီးမားဆုံး လက်လီအရောင်းလုပ်ငန်း Walmart က ရှယ်ယာပိုင်ရှင် ရင်းနှီးမြှုပ်နှံထားသူများကို ၂၀၂၂ ကျန်ရှိတဲ့ကာလမှာ အမြတ်နည်းတာကို မျှော်လင့်ထားဖို့ ပြီးခဲ့တဲ့ လတုန်းက ပြောကြားခဲ့ပါတယ်။ မြင့်မားတဲ့ ကုန်ဈေးနှုန်းများက စားသုံးသူတို့ရဲ့ သုံးနိုင်စွမ်းကို ဘောင်ခတ်ကန့်သတ်ထားကြောင်း Walmart က ပြောကြားခဲ့ပါတယ်။


၂၀၂၂ အတွက် Fortune Global 500 စာရင်းတွင် စုစုပေါင်းဝင်ငွေအရ ကြည့်လျှင် ပထမဆုံးအကြိမ်အဖြစ် တရုတ်ကုမ္ပဏီများ(ဟောင်ကောင်၊ မာကာအို၊ တိုင်ဝမ်ကုမ္ပဏီများ အပါအဝင်) က အမေရိကန်ကုမ္ပဏီများထက် သာလွန်နေပါတယ်။
ကုမ္ပဏီအရေအတွက်အရကြည့်လျှင် နှစ်စဉ်စာရင်းတွင် တရုတ်ကုမ္ပဏီများက အရေအတွက် ပိုများနေတာ ၄ နှစ်ဆက်တိုက် ရှိပါပြီ။ တရုတ်ကုမ္ပဏီ ၁၄၅ ခုဖြင့် ပထမနေရာ ရရှိပါတယ်။ Fortune Global 500 စာရင်းပါ ကုမ္ပဏီများ ရရှိတဲ့ စုစုပေါင်းဝင်ငွေရဲ့ ၃၁% က တရုတ်ကုမ္ပဏီများရရှိတဲ့ ဝင်ငွေစုစု‌ေပါင်း ဖြစ်ပါတယ်။ ၃၀% က အမေရိကန်ကုမ္ပဏီများ ရရှိတဲ့ဝင်ငွေ စုစုပေါင်း ဖြစ်ပါတယ်။
အမေရိကန်က ကုမ္ပဏီ ၁၂၄ ခုဖြင့် ဒုတိယ၊ ဂျပန်က ကုမ္ပဏီ ၄၇ ခုဖြင့် တတိယ ရရှိပါတယ်။
Fortune Global 500 စာရင်းပါ ကုမ္ပဏီများရဲ့ စုစုပေါင်းဝင်ငွေက ကန်ဒေါ်လာ ၃၇.၈ ထရီလီယံ ဖြစ်ပါတယ်။

ယခုနောက်ဆုံး ထုတ်ပြန်တဲ့စာရင်းက ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံများကဲ့သို့သော ကဏ္ဍများတွင် တရုတ်နိုင်ငံရဲ့ စွမ်းဆောင်ရည် မြင့်တက်လာမှုကို မီမောင်းထိုးပြနေတယ်လို့ စောင့်ကြည့်လေ့လာသူများက ပြောကြားပါတယ်။
ဒါပေမဲ့ တရုတ်ကုမ္ပဏီများအနေဖြင့် အမြတ်ရနိုင်စွမ်းကို တိုးတက်ကောင်းမွန်လာအောင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ၎င်းတို့က ဆိုပါတယ်။

Fortune 500 ကုမ္ပဏီများ ရရှိတဲ့ ပျမ်းမျှအမြတ်‌ရေချိန်က ကန်ဒေါ်လာ ၆.၂ ဘီလီယံ ဖြစ်ပါတယ်။
Fortune 500 စာရင်းဝင် တရုတ်ကုမ္ပဏီများ ရရှိတဲ့ ပျမ်းမျှအမြတ်က ကန်ဒေါ်လာ ၄.၁ ဘီလီယံ ဖြစ်ပါတယ်။


ထိပ်တန်း(၁၀) မှာ State Grid Corporation of China က တတိယ၊ China National Petroleum Corp က စတုတ္ထ၊ Sinopec Group က ပဉ္စမ နေရာအသီးသီး ရရှိထားကြပါတယ်။ ယခင်နှစ်က ဒုတိယ၊ စတုတ္ထ နှင့် ပဉ္စမ နေရာအသီးသီး ရရှိထားကြပါတယ်။

"တရုတ်နိုင်ငံရဲ့ ထိပ်တန်းစွမ်းဆောင်ရည်ကိုCOVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်ကြားမှာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုတွင် ၎င်း၏ အရေးပါ‌ေသာအခန်းကဏ္ဍအတွက် စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်" လို့ Beijing Academy of Social Sciences မှ ပြောကြားပါတယ်။
ယခုနှစ်တွင် တရုတ်နိုင်ငံမှ

  • သတ္တုထုတ်ကုန်ကုမ္ပဏီ ၁၉ ခု၊
  • ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်း ၁၂ ခုနှင့်
  • ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်း ခြောက်ခုတို့

စာရင်းဝင်ခဲ့ပါတယ်။
အဆင့်ခုန်တက်တာမှာ Ansteel Group Corp က အမြင်ဆုံး ခုန်တက်ခဲ့ပါတယ်။ ၁၈၃ ဆင့် ခုန်ပြီး အဆင့် ၂၁၇ သို့ ရောက်ရှိပါတယ်။


Fortune 500 ကုမ္ပဏီများရဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ ၃၇.၈ ထရီလီယံ ဖြစ်ပါတယ်။ ကမ္ဘာ့ GDP ရဲ့ သုံးပုံတစ်ပုံကျော်နှင့် ညီမျှပါတယ်။ ရရှိတဲ့ အမြတ် စုစုပေါင်းက ကန်ဒေါ်လာ ၃.၁ ထရီလီယံဖြစ်ပြီး ယမန်နှစ်ထက် ၈၈% မြင့်တက်ပါတယ်။
Fortune 500 ကုမ္ပဏီများ ဝန်ထမ်းများ ကမ္ဘာတစ်လွှားမှာ စုစုပေါင်း သန်း ၇၀ နီးပါး ရှိပါတယ်။



Fortune 500 စာရင်းမှ ဝင်ငွေအရ ထိပ်တန်း(၁၀)

1. Walmart (U.S.)
2. Amazon (U.S.)
3. State Grid (China)
4. China National Petroleum (China)
5. Sinopec Group (China)
6. Saudi Aramco (Saudi Arabia)
7. Apple (U.S.)
8. Volkswagen (Germany)
9. China State Construction Engineering (China)
10. CVS Health (U.S.)
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Source : CBS News

Industry Reviews Read 1153 times