နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များစိတ်ဝင်စားနေသော ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်


03 May, 2018

ရင်းနှီးမြှုပ်နှံမှုဗဟိုအချက်အချာနေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်မည့် နိုင်ငံခြားသာ စီးပွားရေးလုပ်ငန်းရှင်ဦးရေ တိုးမြင့်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌက ပြောခဲ့ပါသည်။

ဖိုရမ်တွင်တက်ရောက်မည့် နိုင်ငံခြားသားဦးရေကို မူလက ၂၀၀ ကျော်သာ ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် လုပ်ငန်းရှင် ၃၀၀ ကျော် တက်ရောက်ရန် စာရင်းပေးထားသောကြောင့် စိတ်ဝင်စား၍ တက်ရောက်လိုသူများကြောင်း ၎င်းကပြောခဲ့ပါသည်။

မြန်မာနိုင်ငံ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ သိလိုသူများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သိရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံလိုသူများကြောင့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် များပြား လာကြောင်း ၎င်းကပြောသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အဓိကထောက်ပံ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူများဖွံ့ဖြိုးရေးအသင်းသည် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် တာဝန်ယူထားသည်။

တက်ရောက်လိုသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များကို ၎င်းနှင့်သက်ဆိုင်သည့် ကုမ္ပဏီများနှင့်ပတ်သက်၍ စိစစ်လေ့လာပြီးမှ လက်ခံသည်ဟု သိရပါသည်။

ယခင်က နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်အချို့ မြန်မာနိုင်ငံသို့ ရောက်လာပြီး ပွဲစားဆန်ဆန် လုပ်ဆောင်မှုများရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလိုသည်ဟု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံခြား၌ ပြန်လည်လုပ်စားသည့် အခြေအနေမျိုး သိရှိထားကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် နိုင်ငံခြားသား၊ နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ၅၀၀ ကျော် တက်ရောက်မည်ဟု မူလက ခန့်မှန်းထားသော်လည်း လက်ရှိ၌ ၇၀၀ ခန့်အထိတက်ရောက်မည်ဟု သိရပါသည်။

ရန်ကုန်မြို့သည် ရင်းနှီးမြှုပ်နှံမှုတွင် အရှေ့တောင်အာရှ၏ အချက်အချာကျသည့် နေရာတစ်ခုဖြစ်လိုပြီး ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးအခွင့်အလမ်းများ သိရှိစေရန် ရည်ရွယ်၍ ဖိုရမ်ကျင်းပ ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါသည်။

ဖိုရမ်တွင် ရန်ကုန်တိုင်း၏ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာကို ဝန်ကြီးချုပ်က ရှင်းပြရန် စီစဉ်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်း များနှင့် အခွန်အကောက်အခြေအနေများကို နိုင်ငံခြားသားလုပ်ငန်းရှင်များအား ရှင်းပြမည်ဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတကာလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ် ကိုင်မည်ဆိုပါက မှတ်ပုံတင်ခြင်း အပါအဝင် ရရှိနိုင်မည့် အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်ဝတ္တရားများ ရှင်းပြမည်ဟု ဝန် ကြီးချုပ်ကပြောခဲ့ပါသည်။

7 day daily

Events & Exhibition Read 654 times