ကြက် သကြား ဂျုံ စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ခြင်းများရဲ့ နောက်ဆက်တွဲ ဂယက်များ


11 June, 2022

ကြက် သကြား ဂျုံ စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ခြင်းများရဲ့ နောက်ဆက်တွဲ ဂယက်များ

စားအုန်းဆီ၊ ဂျုံ၊ သကြားနဲ့ ကြက်သားအထိ စားသောက်ကုန် တင်ပို့မှု ကန့်သတ်ချက်တွေကို အာရှနိုင်ငံတွေက ပြဋ္ဌာန်းလိုက်တာကြောင့် လတ်တလော လများအတွင်း အာရှဟာ ပြည်တွင်းဈေးကွက် ကုန်ဈေးနှုန်းကျဆင်းရေး  လှိုင်းဂယက်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။
 စားသောက်ကုန်ပစ္စည်း ပေးသွင်းမှု ကွင်းဆက်ပြတ်တောက်တဲ့အတွက် နဂိုကတည်းက တက်ပြီးသား ကုန်ဈေးနှုန်ူးတွေ ပိုမြင့်တက်သွားစေပါတယ်။ 

မလေးရှားမှာ နေ့တိုင်းစားတဲ့ ကြက်သားက တစ်ပတ်မှ တစ်ခါပဲ စားနိုင်တဲ့ သူဌေးစာ ဖြစ်သွားတယ်။
စင်ကာပူမှာ ၂၀၀၉ မတ်လနောက်ပိုင်း တစ်ခါမှ မမြင်ဖူးတဲ့ ကုန်ဈေးနှုန်းတွေကို ၂၀၂၂ ဧပြီလမှာ မြင်တွေ့ကြရတယ်။
ပြည်ပပို့ကုန်ထိန်းချုပ်မှု ပြုတဲ့ နိုင်ငံအစိုးရတို့က  ၎င်းတို့ရဲ့ လူဦးရေအတွက် ဖူလုံမှု ရရှိနေစေဖို့ စားသောက်ကုန် တင်ပို့မှုအပေါ် အစိုးရက ဝင်ရောက်စွက်ဖက်ပေးဖို့ လိုအပ်တယ်လို့ ယူဆထားကြတယ်။

“အစိုးရ  ဦးစားပေးရမှာက ကျွန်တော်တို့ရဲ့ ပြည်သူတွေပဲ”လို့ မလေးရှား ဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ယာကော့က ၂၀၂၂ မေလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
သူက အိမ်နီးနားချင်းနိုင်ငံ စင်ကာပူသို့ မလေးရှားက တစ်လလျှင် ကြက်ကောင်ရေ ၃.၆ သန်း တင်ပို့နေတာကို ရပ်ဆိုင်းကြောင်း ကြေညာစဉ်မှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


မလေးရှားမှာ ကြက်သားမလုံလောက်တဲ့ အဖြစ်ကို ရင်ဆိုင်နေရတယ်။ ကြက်စာ ဈေးတက်လို့ တွက်ခြေမကိုက်တော့တာကြောင့် မွေးမြူတဲ့ ကြက်ကောင်ရေ လျော့ကျနေတယ်။

အင်ဒိုနီးရှားက ကမ္ဘာပေါ်မှာ စားအုန်းဆီ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံပါ။ ၂၀၂၀ မှာ စားအုန်းဆီကုန်ကြမ်း၊ ဆီသန့်၊ ဟင်းချက်ဆီ စသဖြင့် စားအုန်းဆီအမျိုးမျိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံဖိုး တင်ပို့ခဲ့ပါတယ်။
ဧပြီလ ၂၈ ရက်ကစလို့ ၃ ပတ်တိုင်တိုင် စားအုန်းဆီတင်ပို့မှုကို ယတိပြတ် ပိတ်ပင်ထားခဲ့ပါတယ်။ 
နိုင်ငံသားတွေ ဟင်းချက်ဆီ ဖူလုံစေရေးနှင့် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်နေတာ လျော့ကျစေရေးတို့အတွက် ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ 
ယခုအခါ ပိတ်ပင်မှုကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပေမဲ့ မည်ရွေ့မည်မျှ တင်ပို့ရမယ်ဆိုတဲ့ ခွဲတမ်းစနစ်ကို ကျင့်သုံးပါတယ်။

အပူလှိုင်းကြောင့် ဂျုံခင်းတွေ ထိခိုက်ထားလို့ အိန္ဒိယအစိုးရက မေလ ၁၄ ရက်မှာ ဂျုံ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ပါတယ်။ ဂျုံအမြောက်အမြား တင်ပို့တဲ့ ယူကရိန်းဂျုံတွေ စစ်ပွဲကြောင့် ကမ္ဘာ့ဈေးကွက်ထဲ ရောက်မလာလို့ ဈေးမြင့်နေတဲ့ ဂျုံဈေးနှုန်းကို ဈေးထပ်တက်သွားစေခဲ့ပါတယ်။
ယူကရိန်းပြီးရင် အိန္ဒိယက ဂျုံတင်ပို့မှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။
နောက်ထပ် ၂ ပတ်အကြာမှာ အိန္ဒိယအစိုးရက သကြားတင်ပို့မှုကို စက်တင်ဘာလ ကြံရာသီ မရောက်ခင်မှာ တန်ချိန် ၁၀ သန်းထက် မပိုရလို့ ပြဋ္ဌာန်းလိုက်ပါတယ်။ 
ယခုနှစ်ကြံရာသီမှာ သကြား တန်ချိန် ၃၅ သန်း ထုတ်လုပ်ထားတာကို နိုင်ငံသားတွေ ဖူလုံစေဖို့ သိမ်းထားလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ သကြားအသစ် ဈေးကွက်ထဲ ဝင်မလာခင်မှာ သကြားဖူလုံစေဖို့အတွက် ဖြစ်ပါတယ်။
စားသောက်ကုန် ကုန်ဈေးနှုန်းက အလွန်အရေးကြီးတယ်။ နိုင်ငံရေးကိစ္စရပ်အဖြစ် အစိုးရများက ရှုမြင်တယ်။ ဒီတော့ ပြည်တွင်းဖူလုံရေးနှင့် ကုန်ဈေးနှုန်း မြင့်မတက်စေရေးအတွက် ပြည်ပတင်ပို့မှုကို ကန့်သတ်တယ်။ ပိတ်ပင်တယ်။ 

ကုန်ဈေးနှုန်း မိုးထိနေရင် အစိုးရကို အပြစ်မြင်တယ်။ အစိုးရကို လူကြိုက်နည်းတယ်။ ပြည်တွင်း နိုင်ငံရေး၊ အထူးသဖြင့် ရွေးကောက်ပွဲ မဲနိုင်ရေးအတွက် အလွန်အရေးပါတယ်။

စင်ကာပူနိုင်ငံ နန်ရန်းတက္ကသိုလ်မှ စားနပ်ရိက္ခာဖူလုံရေး ကျွမ်းကျင်ပညာရှင် ပေါ်တန်က ဈေးနှုန်း အနည်းအကျဉ်း မြင့်တက်သွားတဲ့အခါ နဂိုကတည်းက ဝင်ငွေနည်းပါးလို့ နပ်မှန်အောင် မစားနိုင်ကြတဲ့ သန်းချီတဲ့ လူဦးရေကို မငြိမ်မသက် ဖြစ်စေတယ်။ "ငတ်နေတဲ့သူဟာ အလိုလို စိတ်တိုနေတဲ့သူပဲ။ လူတွေ ဆန္ဒပြကြလိမ့်မယ်" လို့ ပြောကြားပါတယ်။

တစ်နိုင်ငံက စားသောက်ကုန် တစ်မျိုးမျိုးကို ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်ရင် နောက်ထပ်နိုင်ငံတွေကလည်း အတုယူပြီး ပြည်တွင်းဝမ်းရေးအတွက် ပြည်ပတင်ပို့မှုကို ပိတ်ပင်ကြတယ်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း World Trade Organization (WTO) ရဲ့ အဆိုအရ ယခုအခါ စားသောက်ကုန်တင်ပို့မှု ပိတ်ပင်တဲ့နိုင်ငံ ၂၀ ကျော် ရှိနေပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာစားသုံးဆီရောင်းလိုအားနည်းခြင်းကြောင့် ပြည်တွင်း ဈေးနှုန်းအပေါ် သက်ရောက်မှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် ဆီထွက် သီးနှံနှင့် စားဆီတင်ပို့မှုကို ပို့ကုန်လိုင်စင် လျှောက်ထားဖို့ လိုအပ်ကြောင်း ပြဋ္ဌာန်းလိုက်ပါတယ်။ အစောကတည်းက မြဝတီ နယ်စပ်ကုန်သွယ်ရေးမှာ နှမ်းနက်မှတစ်ပါး ဆီထွက်သီးနှံ တင်ပို့မှု ပိတ်ပင်ထားခဲ့ပါတယ်။

ပစ္စည်းပေးသွင်းကွင်းဆက် စောင့်ကြည့်လေ့လာသူ Rakesh Agarwal က ပြည်ပတင်ပို့မှု ပိတ်ပင်တဲ့ လှိုင်းဂယက်ထနေလို့ ယခုအခါ ဘယ်နိုင်ငံက စားသောက်ကုန် တင်ပို့မှု ပိတ်ပင်ဦးမလဲ နားစွင့်နေကြရတယ်လို့ ပြောကြားပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ လုပ်သားမလုံလောက်တဲ့နိုင်ငံ၊ စိုက်ပျိုးထုတ်ကုန် ကုန်ကြမ်းမှ ကုန်ချောသို့ ပြောင်းလဲတဲ့ လုပ်ငန်းကဏ္ဍ ယုတ်လျော့ကျဆင်းနေတဲ့နိုင်ငံ၊ ဖြန့်ဖြူးရေးနှင့် ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်ပြတ်နေတဲ့ နိုင်ငံ၊ ကမ္ဘာ့ဈေးကွက်ထဲ မိမိနိုင်ငံရဲ့ အဓိကထုတ်ကုန်ကို ဈေးကောင်းရလိုတဲ့နိုင်ငံတွေထံမှ တင်ပို့မှု ပိတ်ပင်တာ ပေါ်ပေါက်လာနိုင်တယ်လို့ သူက ပြောပြပါတယ်။
 

ပြည်ပတင်ပို့မှု ပိတ်ပင်တဲ့အတွက် နိုင်ငံသားတွေမှာ အကျိုးကျေးဇူးများ တကယ်ရရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။
 

Akter က ပြည်ပတင်ပို့မှု ပိတ်ပင်တာကြောင်ည ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းကို နိုင်ငံတကာဈေးနှုန်းထက် နည်းနေအောင် ထိန်းပေးထားဖို့ ခဲယဉ်းတယ်လို့ ပြောပြပါတယ်။
အိန္ဒိယက ၂၀၀၇-၂၀၀၈ မှာ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ဖူးပါတယ်။ ပြည်တွင်း ဆန်ဈေးနှုန်းများ ကျမသွားတဲ့အပြင် မြင့်တက်လာတယ်လို့  Akter က ပြောကြားပါတယ်။

 အလားတူအဖြစ်ကို မလေးရှားမှာ ကြုံနေရပါတယ်။ အစိုးရက ကြက်သားလက်လီရောင်းဈေး တစ်ကီလို ရင်းဂစ် ၈.၉၀ (US$2.03) ထက် မကျော်ရလို့ သတ်မှတ်ပြဋ္ဌာန်း လိုက်တယ်။ ကြက်စာဈေးတက်တော့ ကြက်သားဈေးတက်ပါတယ်။ တကယ်ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးက အစိုးရ သတ်မှတ်တဲ့ ဈေးနှုန်းထက် ၂ ဆ ဖြစ်နေတယ်။
 ကြက်သားရောင်းတဲ့သူတွေအဖို့ ကုန်ကျစရိတ် ကြီးမားနေလို့ အမြတ်ပါးပါးပဲ ရတယ်လို့ ပြောကြတယ်။

စီးပွားရေးပညာရှင် Denise Cheok က ပိုမိုကုနါကျနေတဲ့ ကုန်ကျစရိတ် ကြက်မွေးမြူရေးသမားတွေက ပြည်တွင်းဈေးကွက်မှာ ကြက်သား ဈေးတင်ပြီးရောင်းမှ တွက်ခြေကိုက်မယ်။ ကြက်သားဝယ်တဲ့သူကို ဈေးတင်ရောင်းပြီး ကုန်ကျစရိတ် ကျခံခိုင်းမယ်။ အစိုးရက ဈေးနှုန်း ကန့်သတ်ပြီး ဈေးတင်ရောင်းခွင့် မပေးရင် ကြက်မွေးမြူရေးသမားက ကြက်သားထုတ်လုပ်မှု ရပ်ထားလိုက်လိမ့်မယ်လို့ ရှင်းပြပါတယ်။

အင်ဒိုနီးရှားမှာ စားအုန်းဆီ ပြည်ပတင်ပို့မှု သီတငပတ် ၃ ပတ် ပိတ်တဲ့အတွက် ဆီအုန်းစိုက်ပျိုးသူတွေ ထိခိုက်ကုန်တယ်။

အင်ဒိုနီးရှား ဆီအုန်းစိုက်ပျိုးသူများသမဂွ Indonesian Oil Palm Farmers’ Union ဥက္ကဋ္ဌ Manseutus Darto က ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်တာကြောင့် ခူးပြီးခါစ ဆီအုန်းသီးခိုင် ဈေးနှုန်းများ ကျဆင်းကုန်တယ်လို့ ပြောပြပါတယ်။  ဆီအုန်းစက်ရုံတွေကလည်း ဆီအုန်းသီးခိုင်တွေ အဝယ်ရပ်ထားလိုက်ပြီး အကန့်အသတ်ဖြင့်သာ ဝယ်ယူကြတယ်။ 

ယခု ပိတ်ထားတာ ပြန်ဖွင့်လိုက်ပေမဲ့ ဈေးနှုန်းက အနည်းငယ်ပဲ ပြန်တက်တယ်လို့ Darto က ပြောကြားပါတယ်။

ဆီအုန်းစိုက်ပျိုးတဲ့ ခြံသမား Albertus Wawan က စိုက်ခင်းအငယ်စားကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူ့ဆီအုန်းစိုက်ခင်းက အနောက်ကာလီမန်တန်ကျွန်းပေါ်မှာ တည်ရှိပါတယ်။ စားအုန်းဆီ တင်ပို့မှု ပြန်ဖွင့်ပေးလိုက်တဲ့အခါ သူ့ဆီအုန်းသီးခိုက်တွေ အရင်ရောင်းဈေး ပြန်ရောက်သွားမယ်လို့ မျှော်လင့်ထားပေမဲ့ ဈေးနှုန်းက အရင်ဈေးနှုန်းဆီ ပြန်မတက်ဘူး။
"ခြံသမားတွေက ပြည်ပတင်ပို့တာ ပိတ်ပင်တဲ့အကြောင်း မသိချင်ဘူး။ အကျိုးရှိလား မရှိလား ကျွန်တော်တို့ အရေးမလုပ်ပါဘူး။ ဒါပေမဲ့ တကယ်လို့ ခူးပြီးခါစ ဆီအုန်းသီးခိုင်တွေ တစ်ခိုင်ကို ရူပီယာ ၂၀၀၀ ($0.14) အောက်ကို ရောက်သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ မကျေနပ်ကြောင်း ပြောရတော့မယ်" လို့ Wawan က ပြောကြားပါတယ်။

၃ ပတ်တိုင်တိုင် ပြည်ပတင်ပို့မှု ပိတ်ထားချိန်မှာ စားအုန်းဆီ ဝယ်လက်တွေက ကာလလတ်နှင့် ရေရှည်အတွက် တခြားဘယ်မှာ ရနိုင်မလဲ ဆိုတာ ရှာဖွေခဲ့ကြပါတယ်။ 

အိန္ဒိယပြည်တွင်းမှာ ပြည်ပတင်ပို့မှုကြောင့် သကြား အဝယ်လိုက်ပြီး သကြားဈေးနှုန်းများ မြင့်တက်လာတယ်။
အိန္ဒိယအစိုးရက သကြားတင်ပို့မှု ကန့်သတ်လိုက်တယ်။ သကြားလုပ်ငန်းကဏ္ဍ ကိုယ်စားပြုသူတွေက သကြားတင်ပို့မှု အများဆုံးပမာဏ သတ်မှတ်ပြီး ကန့်သတ်လိုက်တာကို သူတို့ သဘောတူကြောင်း ပြောကြားကြပါတယ်။ ထိခိုက်တာက ကြံစိုက်တဲ့ လယ်သမားတွေလို့ သကြားစက်ရုံတစ်ခုမှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

"အမှန်အတိုင်း ပြောရရင် အခု တက်ဈေးဖြစ်တဲ့ သကြားဈေးနှုန်းများကြောင့် သကြားစက်တွေ နည်းနည်း အသက်ရှူချောင်တယ်။ဘဏ္ဍာရေးအခြေအနေ ကောင်းလာတယ်။ ကြံစိုက်တဲ့ တောင်သူတွေကို ကြံဖိုးတွေ စောစော ပေးလို့ရသွားတယ်။ ဈေးလည်း ပိုပေးလို့ ရသွားတယ်။ အခုတော့ သကြားတင်ပို့တာ ကန့်သတ်ပိတ်ပင်လိုက်လို့ ကျွန်တော်တို့ ငွေမလည်တော့ဘူး။ လာမယ့် ကြံရာသီမှာ တောင်သူတွေကို ပေးဖို့ စစ်စီရတော့မယ်" လို့ သူက ပြောကြားပါတယ်။

သကြားဈေးနှုန်းများ တည်ငြိမ်ရေးနှင့် ထိန်းချုပ်ထားနိုင်ရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆတာကြောင့် သကြားတင်ပို့မှုကို ကန့်သတ်ထားလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယလက်လီအရောင်း ကုန်ဈေးနှုန်းမြင့်တက်တာ ၈ နှစ်တာကာလမှာ အမြင့်မားဆုံး ၇.၇၉% သို့ ရောက်ရှိနေပါတယ်။
အိန္ဒိယ ပွဲတော်တွေ ဩဂုတ်လနှင့် စက်တက်ဘာလတို့မှာ ကျင်းပတဲ့အခါ သကြားစက်ရုံတွေ ပိတ်ထားတဲ့လတွေ ဖြစ်နေလို့ လက်ကျန်သကြား လုံလောက်‌ေနဖို့ လိုအပ်ပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အကြိုကာလ ပွဲတော်ရာသီမှာ သကြားဈေးတက်မှာကို လက်ရှိအစိုးရ အနေဖြင့် မလိုလားဘူး။ 

အိန္ဒိယမှ သကြားအကြီးအကျယ် တင်ပို့တဲ့ Indian Sugar Exim Corporation Limited မှ အကြီးတန်းအရာရှိ Adhir Jha က "တကယ်လို့ တင်ပို့မှုကို ကန့်သတ်မထားဘူးဆိုရင် နိုင်ငံတွင်းမှာ သကြားပြတ်လပ်မှု ရှိလာနိုင်ပြီး ဈေးတက်တဲ့အပြင် စားနပ်ရိက္ခာ မလုံလောက်မှုတွေလည်း ဖြစ်လာနိုင်တယ်” လို့ သုံးသပ်ပါတယ်။

#MyanmarIndustryGuide
Source:SCMP

Industry Reviews Tips Read 13167 times