FMI ကုမ္ပဏီအုပ်စုအနေဖြင့် Yoma Land ကုမ္ပဏီကို ထူထောင်ကာ ယခုနှစ်အတွင်း တန်ဖိုးသင့်အိမ်ရာများ စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း Yoma Land မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
တန်ဖိုးမြင့်အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် FMI ကုမ္ပဏီအုပ်စုသည် လူလတ်တန်းစားများအတွက် ပထမဦးဆုံး တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
‘‘ဈေးအရမ်းသက်သာတာနဲ့ မစပါဘူး။ ရှိရင်းစွဲစီမံကိန်းတွေ ထက် ပိုပြီးသက်သာနိုင်တဲ့ စီမံ ကိန်းနဲ့စမယ်။ နောက်ပိုင်းဒီထက် သက်သာတဲ့ စီမံကိန်းတွေဆက် လုပ်သွားမယ်’’ဟု ၎င်းက ပြောခဲ့ပါသည်။
ဆောက်လုပ်သည့် အိမ်ရာများကို ဘဏ်ချေးငွေဖြင့် အရစ်ကျရောင်းချနိုင်ရန် ရိုးမဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်မည်ဟု သိရပါသည်။ ထို့အပြင် ဘဏ်ချေးငွေပိုမိုထုတ်ပေးနိုင်ရန် နိုင်ငံခြားဘဏ်များကို ခေါ်ဆောင်လာမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု ၎င်းက ပြောခဲ့ပါသည်။
အိမ်ရာအရစ်ကျရောင်းချမှု များကို ကနဦးပေးသွင်းငွေလျှော့ချပေးရန်နှင့် အရစ်ကျသွင်းရမည့် အချိန်များတိုးမြှင့်ရန် အနာဂတ်တွင် စီစဉ်ထားကြောင်း Yoma Land မှ သိရပါသည်။
Yoma Land သည် FMI ကုမ္ပဏီအုပ်စုနှင့် Yoma Strategic တို့၏ လက်အောက်ခံလုပ်ငန်းဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းများလွှဲပြောင်းလုပ်ကိုင်မည်ဖြစ်ကြောင်း သိရပါသည်။
FMI က ဖော်ဆောင်သည့် အိမ်ရာများသည် လှိုင်သာယာရှိ ဧက ၆၀၀ ကျော်ကျယ်ဝန်းသည့် ပန်းလှိုင်အိမ်ရာ၊ သန်လျင်ရှိ ၁,၁၃၅ ဧကကျယ်သည့် ကြယ်စင်အိမ်ရာ၊ ရန်ကုန်မြို့လယ်ရှိ Yoma စင်တာနှင့် The Peninsula (ရန်ကုန်)တို့ ဖြစ်ကြောင်း သိရပါသည်။
7 Day Daily