တောင်ကိုရီးယားက နီပေါသို့ နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နွားမတမ်းများ  လေကြောင်းဖြင့


26 December, 2022

တောင်ကိုရီးယားက နီပေါသို့ နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နွားမတမ်းများ  လေကြောင်းဖြင့် ပေးပို့

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တောင်ကိုရီးယားမှ လေကြောင်းလိုင်း Asiana Airlines မှ ၂၀၂၂ ဒီဇင်ဘာလ ၂၂ ရက်တွင် တောင်ကိုရီးယားမှ နီပေါသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တွင် နို့စားနွားမ ၄၂ ကောင်ကို ပို့ဆောင်ပေးခဲ့သည်။ 
၎င်းနွားမများသည် Holstein နွားမတမ်း ၁၀၁ ကောင်နှင့်အတူ မျိုးယူရန် နွားသိုးနှစ်ကောင်တို့ကို တောင်ကိုရီးယားမှ နီပေါသို့ လှူဒါန်းသည့် အစီအစဉ်၏ ပထမဆုံးအသုတ်ကို ပေးပို့ခြင်းဖြစ်သည်။
မျိုးကောင်းမျိုးသန့် နွားများ မွေးမြူခြင်းဖြင့် နွားများ၏ မျိုးရိုးဗီဇ တိုးတက်မှုမှတစ်ဆင့် နီပေါနိုင်ငံ၏ နို့ထွက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

 

ကုန်းတွင်းပိတ်နိုင်ငံ နီပေါ၏ မြို့တော် ခတ္တမန္ဒူရှိ Tribhuvan International Airport သို့ ပေးပို့ခြင်း ဖြစ်သည်။ ကျန်ရှိသည့် နွားများကို ၃ သုတ်ခွဲပြီး Korean Air လေကြောင်းလိုင်းမှ လေယာဉ်ဖြင့် ပေးပို့မည် ဖြစ်သည်။
လှူဒါန်းမှုသည် ကိုရီးယား၊ နီပေါ အစိုးရများနှင့် Heifer International တို့ ပူးပေါင်းလုပ်ဆောင်သည့် "နဂါးငွေ့တန်း""Milky Way" ပရောဂျက်၏ အပိုင်းကဏ္ဍတစ်ခု ဖြစ်သည်။နီပေါ၏ နို့ထွက်ပစ္စည်းကဏ္ဍကို ပြောင်းလဲတိုးတက်စေရန် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

နိုင်ငံတကာဈေးကွက်တွင် နွားမတမ်းများသည် တစ်ကောင်လျှင် ကန်ဒေါ်လာ ၃,၀၀၀ ပေါက်ဈေးရှိပြီး နွားသိုး တစ်ကောင်လျှင် ဒေါ်လာ ၂၀၀,၀၀၀ ပေါက်ဈေးရှိသည်။
တောင်ကိုရီးယားမှ နီပေါသို့ လေယာဉ်ပျံသန်းချိန် ၆ နာရီဝန်းကျင် ကြာမြင့်ပြီး လေကြောင်းဖြင့် ပို့ဆောင်စရိတ်သည် ကန်ဒေါ်လာ ၅၀၀,၀၀၀ ဝန်းကျင် ကုန်ကျသည်။

နွားမများသည် လာမည့် ၁၈ လတွင် ပထမဆုံး နွားငယ်ကို မွေးဖွားပြီး နို့ထွက်မည်ဖြစ်သည်။
 
တောင်ကိုရီးယားနိုင်ငံ 


တစ်ချိန်တစ်ခါက တောင်ကိုရီးယားသည်လည်း  Heifer International ၏ အထောက်အပံ့ကို ရယူခဲ့ရသည်။
နွား ၁၀၁ ကောင်တွင် ၁ ကောင်ကို ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း Andong မြို့ရှိ နို့စားမွေးမြူရေးခြံ လုပ်ကိုင်နေသူ Lee Jae-bok မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောဆယ်စုနှစ်များစွာက Heifer International မှ နို့စားနွားနှစ်ကောင်ကို သူရရှိခဲ့သည်။

"ကိုရီးယား ပြည်တွင်းစစ်ပွဲမှာ ကိုရီးယားရှိ နို့ထွက်ပစ္စည်းခြံများအားလုံး ပျက်စီးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့မှာ ဘာမှမကျန်ဘူး။ နွားနို့သောက်ဖို့ စိတ်ကူးတောင် မယဉ်နိုင်ဘူး" ဟု အသက် ၈၈ နှစ်ရှိပြီး ရှေ့မီနောက်မီသူ Lee Jae-bok က ပြောကြားသည်။

၁၉၅၀-၅၃  ကိုးရီးယားစစ်ပွဲ အရှိန်မြင့်ချိန်တွင် Heifer International သည် Noah's Ark for Korea ပရောဂျက်ကို စတင်ခဲ့သည်။စစ်ဘေးသင့်နိုင်ငံသို့  နို့စားနွားမများ ပို့ပေးသည်။ ကောင်းမွန်သော အာဟာရရင်းမြစ်များကို ဖူလုံစေပြီး နို့ထွက်ပစ္စည်းလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။
ထိုစဉ်မှစ၍ ၁၉၇၆ ခုနှစ်အထိ ကိုရီးယားသည် နွားကောင်ရေ ၁,၀၀၀ ဝန်းကျင် လက်ခံရရှိခဲ့သည်။ 
“၁၉၆၉ ခုနှစ်မှာ တစ်ကောင်နဲ့ ၁၉၇၂ ခုနှစ်မှာ တစ်ကောင် နွားနှစ်ကောင် ရတယ်။ သူတို့‌ေပးတဲ့ အကူအညီက ကျွန်တော်တို့ရဲ့ မွေးမြူရေးလုပ်ငန်းကို ပြန်လည်နိုးထလာစေရန်အတွက် အခြေခံတစ်ခုဖြစ်ခဲ့ပါတယ်" ဟု Lee က ပြောကြားသည်။
ယခုအခါ သူ့ခြံမှာ နို့စားနွားမ အကောင် ၈၀ လောက်ခန့် ရှိသည်။

ကိုရီးယားသည် အစ္စရေး၊ အမေရိကန်၊ ကနေဒါနှင့် စပိန်တို့ပြီးလျှင် နို့ထွက်နှုန်းတွင် ကမ္ဘာ့အဆင့် (၅) နိုင်ငံဖြစ်လာသည်။

နီပေါကို နွားမလေးကောင် လှူဒါန်းခဲ့သည့် Immanuel Dairy Farm ပိုင်ရှင် Choi Chung-hee က သူ့မိသားစု ယခုလို နေနိုင်ကြသည်မှာ တစ်ချိန်တုန်းက သူတို့မှာ ဘာဆိုဘာမှမရှိချိန်တွင်သူ့အဖိုးက Heifer International ထံမှ နွားတစ်ကောင်ရခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားသည်။
“ကျွန်တော်တို့ မိသားစုက တစ်နေ့ကျရင် ပြန်ဆပ်ရမယ့် အကြွေးတစ်ခုလို့ ယူဆတယ်။ အနှစ် ၆၀ ကြာခဲ့ပြီးချိန်မှာ ပေးလှူလို့ ရထားတဲ့ အရာကို ကျွန်တော်တို့ ပြန်ပေးလိုက်နိုင်တာကို တန်ဖိုးထားပါတယ်" ဟု သူက ပြောကြားသည်။

 နီပေါနိုင်ငံ 

နီပေါတွင် အဆိုပါနွားသုိးများကို အမျိုးသားမွေးမြူရေးလုပ်ငန်း မျိုးပွားရေး ရုံးခွဲတွင် ထားရှိမည်ဖြစ်ပြီး နို့စားနွားမ မွေးမြူသည့်သူ ၅၀၀,၀၀၀ အား အရည်အသွေးမြင့် သုက်ရည်များကို နို့ထွက်ပစ္စည်းကဏ္ဍ တိုးတက်စေရန်အတွက် ထောက်ပံ့ပေးမည်ဖြစ်သည်။

ယခုအခါ နီပေါတွင် နို့စားနွားမ ကောင်ရေ ၇.၅ သန်းခန့် မွေးမြူထားပြီး ကိုရီးယားတွင် ကောင်ရေ ၃၉၀,၀၀၀ ကျော်မျှသာ ရှိသည်။
သို့သော် စနစ်တကျ အစီအစဉ်များ၊ မျိုးရိုးဗီဇ အရင်းအမြစ်များနှင့် အစာကျွေးမှု ညံ့ဖျင်းခြင်းကြောင့် နီပေါ၏ နို့ထွက်နှုန်းမှာ နည်းပါးနေသည်။

နွားနို့အထွက်နှုန်းကို ယှဉ်ကြည့်လျှင် ပေးလျူသည့် နွားမတမ်းသည်  တစ်နေ့လျှင် လီတာ ၃၀  ကျော် ထွက်ရှိသည်။ နီပေါရှိ နွားမျိုးကွဲများ၏ အထွက်နှုန်းထက် သုံးဆကျော် ထွက်ရှိခြင်း ဖြစ်သည်။

နီပေါနိုင်ငံမျိုးရင်း နို့စားနွားတစ်ကောင်သည် တစ်နှစ်လျှင် ပျမ်းမျှ နို့ ၈၈၀ ကီလိုဂရမ်မျှသာ ထုတ်လုပ်နိုင်သည်။ မျိုးစပ်ထားသည့်  နို့စားနွားတစ်ကောင်သည် တစ်နှစ်လျှင် ပျမ်းမျှ နို့ ၁၀,၀၀၀ ကီလိုဂရမ် ထုတ်လုပ်နိုင်သည်။
ရလဒ်မှာ နီပေါတွင် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု မလုံလောက်ချေ။  နို့ထွက်ပစ္စည်းများ တင်သွင်းပြီး ပြည်တွင်း ဖူလုံရေးကို ဖြည့်တင်းပေးရသည်။

နီပေါနိုင်ငံတွင် ၂၀၂၀ ခုနှစ် လေ့လာမှုတစ်ခုအရ နီပေါနိုင်ငံသားတစ်ဦးသည် နှစ်စဉ် နို့နှင့်နို့ထွက်ပစ္စည်း ၇၂ လီတာ စားသုံးကြပြီး အကြံပြုထားသော လိုအပ်ချက်မှာ ၉၁ လီတာဖြစ်သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ နီပေါသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နို့တန်ချိန် ၂.၄၇ သန်း ထုတ်လုပ်ခဲ့သည်။

ကိုရီးယားမှ တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် နို့ထွက်ပစ္စည်းပညာရှင်များသည် ပညာ‌ေပး‌ဝေရေးနှင့် နောက်ဆက်တွဲအကူအညီများပေးရန် Asiana Airlines ဖြင့် နီပေါနိုင်ငံသို့ လိုက်ပါသွားခဲ့သည်။

ကိုရီးယား နို့ထွက်ပစ္စည်းမွေးမြူရေးခြံများမှ  ဆက်စပ်အသိပညာများနှင့် နည်းပညာများကို နီပေါမှ တာဝန်ရှိသူများနှင့် နို့စားနွား မွေးမြူသူများအား ပေးအပ်နိုင်ရန်လည်း ကိုရီးယားက စီစဉ်လျက်ရှိသည်။

နွား ၁၀၁ ကောင်ကို ၁,၀၀၀ နှင့် ၂,၀၀၀ အထိ တိုးလာစေရန်အတွက် လိုအပ်သည့်  နည်းပညာပံ့ပိုးမှုများ ပေးအပ်မည်ဖြစ်သည်။

နီပေါနိုင်ငံသည် ယခုလို တိရစ္ဆာန်အမြောက်အမြားကို လက်ဆောင်အဖြစ် ပထမဆုံးအကြိမ် လက်ခံရရှိခြင်းဖြစ်သည်

နွားမတမ်း ၁၀၁ ကောင်အား နို့စားနွား မွေးမြူသူ ၅၀ ဦးထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
"မွေးကင်းစ နွားကလေးကို အနီးအနားက နွားခြံကို ပေးအပ်ပြီး မွေးမြူးအသိပညာကိုပါ လက်ဆင့်ကမ်းပေးမယ့်သူတွေကိုသာ အဲဒီနွားမတမ်းကို ပေးအပ်မှာ ဖြစ်ပါတယ်" ဟု Heifer Korea အကြီးအကဲ Lee Hae-won က ပြောကြားသည်။

Source Yonhap
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Read 2188 times