တောင်သူများ ကြက်သွန်ဈေးနှုန်း ကျဆင်းခြင်းကြောင့် အရှုံးပေါ်


19 April, 2019

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြက်သွန်လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းတာကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်နေပါတယ်။

ကြက်သွန်စိုက် တောင်သူတစ်ဦးက ကြက်သွန်ပျိုးထောင်ချိန်ကစပြီး ထွန်ယက်ရင်လည်း ထွန်စက်နဲ့ နွားငှားရပြီး ကြက်သွန်ပျိုးခင်း ရေဖြန်းချိန် စက်နဲ့ရေဖျန်းရတာ ဓာတ်ဆီဖိုး၊ ဒီဇယ်ဖိုး၊ လုပ်အားခတွေ၊ မြေဆီဖိုး၊ ရွက်ဖျန်းအားဆေးဖိုးတွေ ကုန်ရ၊ ကြက်သွန်စိုက်ချိန်၊ နုတ်ချိန် လူအင်အားအများအပြားသုံးပြီး လုပ်ရ၊ နုတ်ပြီး ကြက်သွန်အိမ်တိုက်ဖို့ ထော်လာဂျီ၊ နွားလှည်းငှားရနဲ့ ကြက်သွန်ရောင်းချချိန် ဒီဈေးနှုန်းဆိုတော့ အရှုံးပေါ်ပြီပေါ့ဗျာ။

လှောင်ကြက်သွန်အိမ်အတွက် ငွေလိုလိုလို့သာ ရောင်းကြသာ အဆင်ပြေတဲ့တောင်သူတွေကတော့ နုတ်ပြီးပြီးချင်းမရောင်းဘဲ လှောင်ထားကြကာ ဈေးတက်ချိန်မှသာ ထုတ်ရောင်းကြပါတယ်။ တောင်သူတွေအတွက် ကြက်သွန်ဈေးနှုန်း တစ်ပိဿာ ၉ဝဝ ကျပ်၊ ၁ဝဝဝကျပ် ရောင်းချရမှသာ အရင်းကျေရုံ ရှိပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများဖြစ်တဲ့ ဆည်အထက်ဘက် လဲဂွရွာ၊ လက်ပံ့အိုင့်ရွာ၊ ညောင်ဖြူပင်ရွာ၊ မုန့်ကုန်းရွာ၊ ညောင်ချိုင်းတောင်၊ မြောက်ကျေးရွာများ၊ ဆပ်ပြာကျင်းကျေးရွာ အစရှိတဲ့ ကျေးရွာများတွင် အိမ်တိုင်းလိုလို ကြက်သွန်စိုက်ပျိုးကြပါတယ်။

ဒါ့အပြင် ဆည်ရဲ့အရှေ့ဘက်ကျေးရွာများဖြစ်တဲ့ ကင်မွန်းခြုံ၊ ကျောက်တံခါးကျေးရွာများ၊ ကြက်မောက်တောင်ဆည် အောက်ဘက် ကိုင်းကျေးရွာ၊ ညောင်ပင်သာ၊ စည်ပင်သာ၊ မကြီးတိုင်း၊ အိုးအိုင်ကျေးရွာတွေမှာလည်း စိုက်ပျိုးပါတယ်။

အခု ကြက်သွန်ပေါ်ချိန် အချို့တောင်သူများ နုတ်ပြီးပြီးချင်း တစ်ပိဿာ ငွေ ၄ဝဝ ကျပ်နဲ့သာ ရောင်းချရခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးနဲ့ ရင်ဆိုင်နေရကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနေမျိုးထွန်းမှ   ပြောပါတယ်။

Myawady
 

Agriculture & Livestock Read 712 times