၂၀၂၁ နှစ်စပိုင်းမှစ၍ လှိုင်သာယာမြို့နယ်ရွှေလင်ဗန်းစက်မှုဇုန်တစ်ခုတည်းတွင်ပိတ်သိမ်းသည့် စက်ရုံ ၃၅ ရှိ


28 September, 2021

၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစ၍ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်တစ်ခုထဲတွင် ပိတ်သိမ်းသည့် စက်ရုံ ၃၅ ရုံရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားပေါင်း နှစ်သောင်းနီးပါးရှိကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီမှ သိရသည်။

၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစ၍ စက်တင်ဘာ ၂၇ ရက်ထိ ရွှေလင်ဗန်းစက်မှုဇုန်တစ်ခုထဲတွင် ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံစုစုပေါင်း ၃၅ ရုံရှိကြောင်း၊ ထိုသို့ပိတ်သိမ်းသည့် စက်ရုံ ၃၅ ရုံရှိသည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားပေါင်း နှစ်သောင်းနီးပါးရှိကြောင်း ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ယာယီပိတ်တာကတော့ စက်ရုံ၊ အလုပ်ရုံ စုစုပေါင်း ၃၀ လောက်တော့ရှိတယ်။ အပြီးပိတ်တာက ငါးရုံလောက်ရှိတယ်။ စုစုပေါင်း ၃၅ ရုံရှိတယ်။ အလုပ်သမားလုပ်အားခတွေ ဘာတွေတော့ အကုန်ရှင်းပြီးမှ ပိတ်တာပါ။ အဲဒီလိုပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားပေါင်း အနည်းဆုံး နှစ်သောင်းလောက်ရှိမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ယင်းကဲ့သို့စက်ရုံများ ပိတ်သိမ်းမှုများပြားသည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများမှာ အလုပ်အသစ်ရရန် ရှာနေစဉ်တွင် စားဝတ်နေရေး အခက်အခဲများ ရှိကြကြောင်း၊ ပိတ်သိမ်းသည့် စက်ရုံများထဲတွင် အလုပ်သမားအင်အားများစွာ အလုပ်လုပ်နေသော အထည်ချုပ်စက်ရုံ ၁၀ ရုံခန့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခက်အခဲကတော့ ရှိကြတာပေါ့လေ။ နောက်ထပ်အလုပ်အသစ်ရဖို့ ပြန်ရှာနေကြတာပေါ့။ အဲဒီကြားကာလမှာ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကတော့ အခက်အခဲရှိကြမှာပါ။ ပိတ်တဲ့စက်ရုံထဲမှာလည်း အထည်ချုပ် စက်ရုံ ၁၀ ရုံလောက်ပါတယ်။ ကျန်တာက တခြားစက်ရုံတွေပေါ့။ အထည်စစ်စက်ရုံတွေ၊ ဆီစျေးတက်လာလို့မကိုက်တော့ မုန့်လုပ်တဲ့ စက်ရုံတွေလည်းပါတယ်” ဟု ၎င်းကဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာစက်မှုဇုန်နှင့် ရွှေသံလွင်စက်မှုဇုန်တို့တွင် ပိတ်သိမ်းသည့်စက်ရုံ ၃၈ ရုံရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားပေါင်း တစ်သောင်းနီးပါးခန့်ရှိကြောင်း စက်တင်ဘာ ၂၃ ရက်တွင် စက်မှုဇုန်ကော်မတီများထံမှ သိရသည်။


လှိုင်သာယာစက်မှုဇုန်တွင် ဖေဖော်ဝါရီမှစ၍ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံ ၂၉ ရုံရှိကြောင်း၊ အဆိုပါစက်ရုံ ၂၉ ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားဦးရေ ၇၀၀၀ ခန့် ရှိကြောင်း လှိုင်သာယာစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အလားတူ ရွှေသံလွင်စက်မှုဇုန်တွင်လည်း ယာယီပိတ်ခြင်းနှင့် အပြီးပိတ်သိမ်းသည့် စက်ရုံကိုးရုံရှိကြောင်း၊ အဆိုပါစက်ရုံကိုးရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေ နှစ်ထောင်ကျော်ရှိကြောင်း ရွှေသံလွင်စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘာလို့လဲဆိုတော့ တချို့စက်ရုံတွေကပဲ အလုပ်သမားဦးရေ တစ်ထောင်လောက် ရှိတယ်လေ။ တချို့စက်ရုံတွေလည်း နည်းတာပေါ့နော်။ အဲဒီတော့ အားလုံးပေါင်းလိုက်ရင် နှစ်ထောင်ကျော်၊ သုံးထောင်နီးပါးလောက် ရှိတာပေါ့။ ခန့်မှန်းခြေပေါ့နော်” ဟု ရွှေသံလွင် စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၁ ရက်ကလည်း လှိုင်သာယာစက်မှုဇုန်ရှိ Myanmar Unique အထည်ချုပ်စက်ရုံသည် အော်ဒါများမရရှိခြင်းကြောင့် ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါစက်ရုံသည် ၂၀၂၀ ပြည့်နှစ်မှစ၍ စက်ရုံတွင် အော်ဒါမရရှိခြင်းကြောင့် လည်းကောင်း၊ ကိုဗစ်ရောဂါကြောင့် လည်းကောင်း၊ နိုင်ငံရေး အခြေအနေများကြောင့် လည်းကောင်း စက်ရုံလည်ပတ်ရန် မဖြစ်နိုင်တော့သည့်အတွက် စက်တင်ဘာ ၂၁ ရက်မှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပိတ်သိမ်းသည့် စက်ရုံများ များပြားလာပြီး အလုပ်လက်မဲ့ဖြစ်သည့် အလုပ်သမားများလည်း များပြားနေကြောင်း သိရသည်။

 

news-eleven.com

Local News Read 276 times