Exporter & Importer များ Tin No. Format ပြောင်းရမည်


28 August, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန Importer/Exporter များနှင့် MACCS Declarant များသိရှိနိုင်ပါရန်

၁။ အကောက်ခွန်ဦးစီးဌာနအပါအဝင် ကုန်သွယ်မှုဆက်စပ်ဌာနများဖြစ်သည့် ပြည်တွင်း အခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့သည် ခေတ်မီ ICT နည်းပညာဖြင့် နိုင်ငံတကာအဆင့်မီကုန်သွယ်မှု သတင်း အချက်အလက်များနှင့် လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်နေချိန်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) ကို အခြေခံ၍ Unique ID အဖြစ် သတ်မှတ်အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အကောက်ခွန်ဦးစီးဌာန၏ MACCS System အတွက် ထုတ်ပေးထားသော Importer/Exporter Code (I/E code) များကို ယခင် Format မှ TIN No. Format သို့ ၂၇-၉-၂၀၂၀ ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ပါသည်။ အလားတူ MACCS System အတွင်းရှိ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ် (ပသက) များကိုလည်း မူလ Format မှ TIN No. Format သို့ပြောင်းလဲခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ၁၃-၉-၂၀၂၀ ရက်နေ့တွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ် (ပသက) များကို မူလ Format မှ TIN No. Format သို့ ပြောင်းလဲခြင်းအားဆောင်ရွက်ထားခြင်းမရှိသေးသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်နေသော ကုမ္ပဏီများ၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ၇-၉-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ကုန်သွယ်ရေးဦးစီးဌာနတွင် သွားရောက်လျှောက်ထားပြောင်းလဲရမည် ဖြစ်ပါသည်။

၄။ အချိန်မီပြောင်းလဲလျှောက်ထားရခြင်းမရှိသောသူများအနေဖြင့် MACCS System ကို သုံးစွဲ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မလိုလားအပ်သော နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပသကအမှတ်ပုံစံအသစ် သို့ အချိန်မီပြန်လည်လျှောက်ထားရန် တိုက်တွန်းရခြင်းဖြစ်ပါသည်။

၅။ အထက်ဖော်ပြပါအပြောင်းအလဲဖြစ်စဉ်နှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ Website ဖြစ်တဲ့ www.customs.gov.mm နှင့် www.maccs.gov.mm တို့တွင်အသေးစိတ်ကြေညာဖော်ပြသွားမည်ဖြစ်ပါသဖြင့် ဝင်ရောက် လေ့လာနိုင်ပါရန်နှင့် အခက်အခဲများရှိပါက MACCS ဌာနခွဲ၏ Help Desk Section သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

အကောက်ခွန်ဦးစီးဌာန

Local News Tips Read 778 times