မြန်မာနိုင်ငံမှာ ပို့ကုန် ပိုငွေ ပြလာရတဲ့ အကြောင်း


16 November, 2021

Covid-19 ကပ်ဘေးရောဂါ ကူးစက်ပျံ့နှံ့မှု ကြုံနေရတဲ့ ကာလမှာ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုပါ ထပ်ပေါင်းပြီး ကုန်သွယ်ရေး ထိခိုက်နေရတဲ့ အခြေအနေမှာ ဒီနှစ် အတွင်း မြန်မာနိုင်ငံ ပို့ကုန် ပိုငွေ ပြနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ အစောပိုင်း မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ပို့ကုန်ပိုင်းမှာ သိသိသာသာ တိုးတက်မှု မရှိပေမယ့် သွင်းကုန် တင်သွင်းမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လိုက်တဲ့ အချက်ကြောင့်လည်း ပါတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကို ဗီအိုအေမှ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး  တင်ပြထားပါတယ်။

သိင်္ဂီထိုက်။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံက ပို့ကုန် ဝင်ငွေဟာ ဒီနှစ် ဘဏ္ဍာနှစ် အတွင်းမှာ ပိုလာတယ်လို့ ပြောထားပါတယ်။ ဆိုတော့ အခြေအနေက ဘယ်လို ဖြစ်လို့ ပို့ကုန် ဝင်ငွေ ပိုတာပါလဲရှင့်။ ဒီကိစ္စက ထူးခြားမနေဘူးလားရှင့် မြန်မာနိုင်ငံ အခြေအနေနဲ့ ဆိုရင်။

ဒေါက်တာ စိုးထွန်း။ ။ အဓိက ကတော့ Import (သွင်းကုန်)တွေကို ထိန်းချုပ်လိုက်တာပေါ့နော်။ ပထမဆုံး နယ်စပ်က တင်သွင်းတာပေါ့နော်။ ဒီ ယိုးဒယား (ထိုင်း) နယ်စပ်ကတော့ တင်ပို့မှုများတာပေါ့။ ယိုးဒယား နယ်စပ်ကိုလည်း အချိုရည်တို့ ခေါက်ဆွဲခြောက်တို့ ကျန်တဲ့ ပစ္စည်းတွေကို နယ်စပ်က တင်သွင်းခွင့် ပိတ်လိုက်တယ်။ ပိတ်လိုက်တော့ အဲဒီဟာ တော်တော် လျော့ကျသွားတယ်။

တရားဝင်တော့ Oversea က တင်သွင်းခွင့် ပေးတယ်။ ဒါပေမယ့် အများစုကတော့ နယ်စပ်က တင်သွင်းရင် စရိတ် သက်သာတယ်ဆိုပြီး ပြောတာကို နယ်စပ်က တင်သွင်းခွင့် မရတော့ ကုန်စည် တော်တော်များများက တင်သွင်းမှု လျော့ကျသွားတယ်။

ဒုတိယ အချက်ကတော့ တရုတ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာပြည်က Export (ပို့ကုန်) ပိတ်ထားပြီး တရုတ်ဘက်ကတော့ သွင်းတာ ရှိတယ်။ အခုတော့ မြန်မာဘက်ခြမ်းကလည်း လုံးဝကြီး ပိတ်လိုက်တယ်။ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ Covid နဲ့ ဆက်စပ်တဲ့ ပစ္စည်းက လွဲရင် တရုတ်နိုင်ငံက တင်သွင်းခွင့် ကျနော်တို့က ပိတ်လိုက်တာပေါ့နော်။

နောက်တချက်ကတော့ မော်တော်ကား တင်သွင်းခွင့်ပေါ့။ ဒါလည်း သူတို့က မော်တော်ကား တင်သွင်းခွင့်ကို ပိတ်လိုက်တယ်။ ကား အရောင်းစင်တာ၊ ကား Showroom တခုကို အစီး ၂၀ တို့ဘာတို့ သတ်မှတ်ပြီးတော့ ထိန်းချုပ်လိုက်တယ်။ ဝန်ထမ်း ပါမစ် ဆိုပြီးတော့မှ နှစ် ၂၀ အထက် ဝန်ထမ်းတွေကို ပေးတာကိုလည်း လုံး၀ ဆိုင်းငံ့လိုက်တယ်ပေါ့နော်။

နောက်ဆုံး တချက် လုပ်တာကတော့ စားအုန်းဆီပေါ့။ စားအုန်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ အရင်က လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပေးခဲ့တယ်။ အခုကတော့ တလကို တန်ချိန် ၅ သောင်းဆိုပြီး သတ်မှတ်တယ်။ သတ်မှတ်တဲ့ နေရာမှာ Quota (ခွဲတမ်း) စနစ်နဲ့ ကုမ္ပဏီတွေကို အချိုးကျ ခွဲဝေပြီး တင်သွင်းခွင့် ပေးတယ်။ အဓိက သူလုပ်သွားတာကတော့ ကျနော်တို့ မြင်တာတော့ Import Permit (သွင်းကုန် ခွင့်ပြုချက်) တွေကို ထိန်းချုပ်လိုက်တဲ့ သဘောလို့ မြင်ပါတယ်။

သိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ရှင့်။ Export ပိုင်းမှာရော ဘင်္ဂလားဒေရှ့် နယ်စပ်တော့ ပြန်ဖွင့်တယ်လို့ ကြားပါတယ်။ တခြား တင်ပို့တဲ့ အပိုင်းမှာရော ပုံမှန် အနေအထားမျိုး ပြန်ဖြစ်လာပါပြီလားရှင့်။ အခြေအနေ ဘယ်လို ရှိပါလဲ။

ဒေါက်တာ စိုးထွန်း။ ။ တင်ပို့တဲ့ အပိုင်းမှာတော့ ပဲ ကိုတော့ အိန္ဒိယနဲ့ စာချုပ် ချုပ်ထားတာတော့ တွေ့တယ်။ ၅ နှစ်ပေါ့နော်။ G to G စာချုပ်ပေါ့။ ဒီနှစ်ထဲမှာ လက်မှတ် ထိုးလိုက်တာပေါ့။ ဒါတော့ ပဲ ကတော့ ပုံမှန် တင်ပို့မှု ရှိတယ်။ ဆန်ကတော့ လက်ရှိ အနေအထားမှာတော့ တရုတ် နယ်စပ်ကတော့ မဖွင့်သေးဘူးပေါ့နော်။ သို့သော်လည်းဘဲ ပုံမှန် လမ်းကြောင်းကတော့ ဆန်တင်ပို့မှုတော့ ရှိတယ်။ အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင်တော့ လျော့ကျပေမယ့်လည်း သူလည်း နည်းတော့ မနည်းဘူး။

နယ်စပ်ဂိတ်ကတော့ ဘင်္ဂလားဒေရှ့် နယ်စပ် ပြန်ဖွင့်လိုက်တယ်ပေါ့နော်။ ဖွင့်လိုက်တဲ့ အခါကျတော့ ဘင်္ဂလားဒေရှ့် နယ်စပ်ကလည်း ကျနော်တို့က Export ဘဲ ရှိတယ်။ ဘင်္ဂလားဒေရှ့် ကနေ မြန်မာပြည်ကို ပြန်သွင်းတာ နည်းတယ်ပေါ့နော်။ ကျနော်တို့ဆီကတော့ အစုံပေါ့။ ဇီးသီးတို့ ကြက်သွန်တို့ ငရုတ်တို့ ဒါတွေ ကျနော်တို့က ဆေးပေါ့လိပ်က အစ အရက် အဆုံးပေါ့ ဒါတွေ သွားတာ များတယ်။

ဘင်္ဂလားဒေရှ့် နယ်စပ် ဖွင့်တဲ့ တပတ်မှာတော့ ဒေါ်လာ ၆ သိန်းကျော် တင်ပို့နိုင်တယ် ဆိုပြီးမှ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ပြောရရင်တော့ဗျာ Export ပိုင်းမှာတော့ သူ နည်းနည်းလေး အားစိုက်ပြီးတော့ လုပ်တာမျိုးတွေ တွေ့တယ်။ Import ကိုတော့ ထိန်းချုပ်လိုက်တယ်။ ဒါကြောင့် ခုန Import – Export မှာ Export က သာတယ်ဆိုတဲ့ ဟာမျိုး ဖြစ်လာတာပေါ့။

သိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ ကုန်သွယ်ရေး စာရင်း ဇယားတွေကို သွားကြည့်တော့လည်း အမေရိကန် ပြည်ထောင်စုကို တင်ပို့မှုမှာလည်း သိပ်ပြီး ကျတာ မတွေ့ဘူး ဆရာ။ ဆိုတော့ အမေရိကန်ကို မြန်မာနိုင်ငံက တင်ပို့နေတာ ဘယ်လို ပစ္စည်းတွေများ ရှိပါလဲ ဆရာ။

ဒေါက်တာ စိုးထွန်း။ ။ အစားအစာပေါ့။ စားသောက်ကုန်၊ ရေထွက်ကုန် တချို့ရယ်၊ နောက် အထည်အလိပ်ပေါ့နော်။ အထည်ဆိုတာ အထည်ချုပ်က ပို့တဲ့ဟာပေါ့ အဲဒါမျိုးတွေတော့ ရှိပါတယ်။

သိင်္ဂီထိုက်။ ။ တင်သွင်းမှုကို ထိန်းချုပ်လိုက်ပြီးတော့ ပို့ကုန်ကို ပိုပြီးတော့ ပို့ဖို့ လုပ်နေတယ်ဆိုတော့ ဒါက ဆရာတို့ အမြင် တိုးတက် ဖြစ်ထွန်းမှု ရှိပါသလား ဆရာ။

ဒေါက်တာ စိုးထွန်း။ ။ Export ကတော့ အများကြီးတော့ တက်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် Import ကတော့ အများကြီး လျော့ကျသွားတာပေါ့နော်။ ၂ ချက်ပေါ့။ Import Permit ထိန်းချုပ်တာလည်း ပါတယ်။ ပြည်တွင်းမှာလည်း Purchasing Power ပေါ့။ လူတွေဟာ Covid ရော၊ နောက် အာဏာ ထိန်းသိမ်းတဲ့ အတွက် ဘဏ်ကနေ ငွေထုတ် မရတာကြောင့် လုပ်ငန်းတွေ မကောင်းတဲ့ အချက်ကြောင့် လူတွေရဲ့ သုံးစွဲတဲ့ ပမာဏ လျော့ကျသွားတဲ့ ဟာလည်း ပါတာပေါ့နော်။

ဥပမာ ဆိုပါစို့ဗျာ ကျနော်တို့က Covid ကြောင့် ပွဲလမ်း သဘင်တွေ လုပ်လို့ မရဘူး မသွားရဘူးဆိုတော့ အဝတ်အစားတို့ ကျန်တဲ့ အသုံးအဆောင် မဝယ်ဘူးပေါ့။ နောက် နယ်စပ်ကလည်း တင်သွင်းတဲ့ ခေါက်ဆွဲခြောက်တို့ အချိုရည်တို့ ဒါတွေကလည်း ဈေးတက်သွားတယ်။ ဈေးတက်သွားတဲ့ အခါကျတော့ ဝယ်မစားဘူးပေါ့။ အရင်က ၂ ထုပ်စားတဲ့သူက ၁ ထုပ်ဘဲ စားတော့တာပေါ့။ အကြောင်းအရာ အားလုံး ဆုံသွားတာပေါ့။ Import ပိတ်တာ အပြင်ကို တဖက်ကလည်း သုံးစွဲနိုင်တဲ့ Purchasing Power ကျသွားတာလည်း ပါတာပေါ့။ ဈေးတွေ ကြီးသွားတဲ့ အတွက်ကြောင့်။

သိင်္ဂီထိုက်။ ။ တရုတ် နယ်စပ် ပြန်ဖွင့်နိုင်မယ့် အလားအလာရော။ ကြိုးစားနေကြတယ်လို့တော့ ကြားပါတယ်။ ပြန်ဖွင့်နိုင်မယ့် အခြေအနေ ဘယ်လိုများ ရှိပါလဲ ဆရာ။

ဒေါက်တာ စိုးထွန်း။ ။ တရုတ်ကတော့ နည်းနည်းလေးတော့ လူလည်ကျတယ်။ သူက သူ့ပစ္စည်း ဗမာပြည်ကို သွင်းဖို့ အတွက်တော့ နည်းမျိုးစုံနဲ့ စည်းရုံးနေတယ်။ ဒါပေမယ့် ဗမာပြည်က ပစ္စည်းကို ပြန်သွင်းဖို့တော့ သူက လက်ရှိက အကန့်အသတ် ဖြစ်တယ်။ အခုကတော့ ချင်းရွှေဟော်မှာတော့ ပစ္စည်း ၄ မျိုး - မြန်မာဘက်က စက်မှု ကုန်ကြမ်းပေါ့။ ဂုန်လျှော်တို့ ကြံတို့ အစရှိသည်ပေါ့နော် ၄ မျိုးကိုတော့ တင်သွင်းခွင့် ပေးမယ်ပေါ့။ ကျန်တာကတော့ ခွင့်မပြုဘူး။

မြန်မာကတော့ အခြေခံ ကျတဲ့ ဆန်တို့ ဆန်ကွဲတို့ ပြောင်းတို့ ဒါတွေက တောင်သူ လယ်သမားတွေရဲ့ ထွက်ကုန် ဖြစ်တော့ ဒီဥစ္စာ မပါဘူး ဖြစ်နေတယ်။ အဲဒီဟာပါ ညှိနေကြတဲ့ အပိုင်းတော့ ရှိတယ်။ ပထမတော့ တရုတ်က မြန်မာဘက်က ခွင့်မပြုဘူး။ သူ့ဆီက ပစ္စည်းတော့ ရောင်းမယ်ပေါ့နော်။ မြန်မာဘက်ကတော့ ညှိရင်း ညှိရင်းနဲ့ အခု ၄ မျိုးတော့ တရုတ်ဘက်က ခွင့်ပြုလာပြီ။ ဒါပေမဲ့ အဲဒီ ၄ မျိုးက ကျနော်တို့ရဲ့ အဓိက ထွက်ကုန် မဟုတ်ဘူး။ အဓိက ခုန ပြောတဲ့ ဆန်ကွဲပေါ့နော် ဆန်ကွဲနဲ့ ပြောင်းနဲ့ ကျန်တဲ့ လယ်ယာ ထွက်ကုန်တွေ မပါဘူးပေါ့။ ဖရဲတို့ သရက်တို့ တစ်ရှူး ငှက်ပျောတို့။ ဒါတွေ ထပ်ပြီး ညှိနေတုန်း ဆိုတော့ ပြောရတာတော့ ခက်ပါတယ်။ သူတို့ဘက်မှာလည်း ယူနန်ပြည်နယ် အနေနဲ့ လိုအပ်ချက်တော့ ရှိနေတယ်ပေါ့နော်။

သိင်္ဂီထိုက်။ ။ ဆရာ ဒေါက်တာ စိုးထွန်း အထူးဘဲ ကျေးဇူးတင်ပါတယ်။

Export, Import Read 9599 times