၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဘီလျံကျော်


06 September, 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ခုနစ်ဘီလျံနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည် ။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ သြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၁၀၈ ဘီလျံရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၃၃ ဒသမ ၀၉၄ ဘီလျံရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၂၀ ရက်အထိ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆ ဒသမ ၉၈၅ ဘီလျံလျော့ကျနေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလအထိ ရှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၉၈၅ ဒသမ ၀၆ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၂၀၉၁ ဒသမ ၈၁ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၆၃၇ ဒသမ ၈၇ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၄၈၅ ဒသမ ၅၀ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၄၃၄ ဒသမ ၆၇ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၂၆၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၂၄၅ ဒသမ ၇၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၃၃ ဒသမ ၄၈ သန်း၊ နယ်သာလန်သို့ ဒေါ်လာ၂၀၃ ဒသမ ၇၂ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၁၉၈ ဒသမ ၂၉ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံက ပြည်ပသို့တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် တင်သွင်းထားသည့် သွင်းကုန်ပမာဏ ပို၍များနေခြင်းကို ဆိုလိုသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၅ ရက်အထိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏ ဒေါ်လာ ၁၀ ဒသမ ၉၅၆ ဘီလျံသာရှိသည်။

အဆိုပါကာလအတွင်း ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏ ဒေါ်လာ ၁၁ ဒသမ ၀၉၂ ဘီလျံအထိရှိသည်။

အဆိုပါ ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းထားမှုကို နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုက ဒေါ်လာ ၁၃၅ ဒသမ ၆၂၈ သန်း ပိုမိုတင်သွင်းထားသည်။ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၅ ဒသမ ၆၂၈ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမခြောက်လပတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၈/၂၀၂၀) အရ သိရသည်။

COVID-19 ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာသန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

https://news-eleven.com/

Export, Import Read 270 times