လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုစလုံး လျော့ကျ


16 November, 2021

လက်ရှိဘဏ္ဍာနှစ် (Mini Budget) တစ်လကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပို့ကုန် တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှု ကဏ္ဍနှစ်ခုလုံး လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာသန်း ၃၁၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ တစ်လကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂ ဒသမ ၅၅၃ ဘီလျံသာ ရှိသည်။ ယခင်နှစ်ကာလတူတွင် ပြည်ပကုန်သွယ်ပမာဏ ဒေါ်လာ ၂ ဒသမ ၈၆၃ ဘီလျံအထိ ကုန်သွယ်မှုပြုလုပ်ထားသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော်တွင် ကုန်သွယ်မှုဆောင်ရွက်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၀၉ ဒသမ ၇၆၆ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁ဒသမ ၃ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၁၆၄ သန်းကျော် လျော့ကျခဲ့သည်။

သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် တင်သွင်းမှုပမာဏ ဒေါ်လာ ၁၄၅ သန်းကျော် လျော့ကျခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

news-eleven.com

Export, Import Read 432 times