ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင


15 August, 2022

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စ ထုတ်ပြန်ကြေညာ


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ရက်စွဲဖြင့် စာအမှတ်အက်ဖ်အီး - ၁/ ပက / ၁၉၃၆ ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



အကြောင်းအရာ။ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စ

ရည် ညွှန်း ချက်။

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂

(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၅-၈-၂၀၂၂) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၃၆/၂၀၂၂

၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ရရှိသောဝင်ငွေများနှင့် နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက် (၁) ပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာ အပိုဒ်(၃)အရ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ ရည်ညွှန်းချက်(၁)ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားစာများထုတ်ပြန်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ဆက်လက် အကြောင်းကြား ခဲ့ပါသည်။

၂။ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက် (၁) ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေများနှင့်စပ်လျဉ်း၍ အဆိုပါ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အနေဖြင့် မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အကြောင်းကြားပါသည်။

၃။ သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် မိမိထံတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသည့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်

(က) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေ ဖြင့် ရရှိသောဝင်ငွေပမာဏ၏ ၁၀၀% အား ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရဘဏ် များသို့ ရောင်းချခြင်းစသည့် transactions များကို ဆောင်ရွက်ပေးရန် တင်ပြ လာပါက ဆောင်ရွက်ပေးရန်၊

( ခ ) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေဝယ်ယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား ၎င်းတို့ဝယ်ယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းကိုသာ ဝယ်ယူသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ဆောင်ရွက်ပေးရန်၊

(ဂ) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း၊ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေဝယ်ယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က ဝယ်ယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ ဆောင်ရွက်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း Electronic Reporting System ဖြင့် သတင်းပေးပို့ရမည်ဖြစ်သဖြင့် AD လိုင်စင်ရဘဏ်များ အနေဖြင့် ဝီရိယပြု၍ (due diligence) စိစစ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်၊

၄။ အထက်အပိုဒ် ၃ (ဂ) အရ AD လိုင်စင်ရဘဏ်များက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Electronic Reporting System (ERS) ဖြင့် သတင်းပေးပို့ရမည့် ERS module ၊ERS manual နှင့် ERS တွင် ရေးသွင်းရမည့် အချက်အလက်အပြည့်အစုံအား ဆက်လက်ညွှန်ကြားသွားမည် ဖြစ်ပါသည်။


 

#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Banking & Loan Read 14449 times