ကားစလစ်ဈေးကျသော်လည်း အရောင်းအဝယ်ပါးနေ


06 April, 2018

ကားအရောင်းအဝယ်ဈေးကွက်တွင် တစ်လအတွင်း ကားစလစ်ဈေး ကျပ် ၁၀ သိန်းခန့် ဈေးကျဆင်းပြီး လက်ရှိတွင် ကားစလစ်တစ်စောင် ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း ယာဉ်အရောင်း အဝယ်လုပ်ကိုင်သူများက ပြောခဲ့ပါသည်။

ပြီးခဲ့သည့် မတ်လဆန်းက သက်တမ်းနှစ် ၂၀ လူစီးစလစ် တစ်စောင်လျှင် ကျပ်သိန်း ၁၁၀ ခန့်ဖြင့် ရောင်းချမှုရှိပြီး လက်ရှိတွင် ကျပ်သိန်း ၁၀၀ ခန့်သာ ပေါက်ဈေးရှိကြောင်း ယာဉ်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

ယခင်က ဈေးကွက်အတွင်း အရည်ကျိုအပ်ကားရှားပြီး စလစ် ဝယ်လိုအားများသဖြင့် စလစ် ဈေးကျပ်၁၃၅ သိန်းထိ မြင့်တက်ခဲ့ဖူးကြောင်း၊ လက်ရှိဈေးကွက်တွင် အပ်ကားရှိသော်လည်း ကားဝယ်ယူသူနည်းပါး၍ စလစ်ဈေးကျဆင်းလာကြောင်း ၎င်းက ပြောခဲ့ပါသည်။

ဝင်ငွေခွန် လျှော့မပေးခြင်း၊ ရန်ကုန်လိုင်စင်ကားများ ဘီးခွန်တိုးမြှင့်ကောက်ခံခြင်းနှင့် ရန်ကုန်လိုင်စင်ပေးမည့် YVQC မသတ်မှတ်နိုင်သေးခြင်းတို့ကြောင့် ယာဉ်အရောင်းအဝယ်အေးနေကြောင်း ဝါရင့်ယာဉ်ရောင်းဝယ်သူတစ်ဦးက ပြောခဲ့ပါသည်။

စလစ်ဈေးတွေကျလာလို့ ကားဈေးလိုက်ကျလည်း ဝယ်မယ့်သူကိုမရှိတော့ ဈေးလျှော့ရောင်းတာတောင် အရောင်းအဝယ်မဖြစ်ဘူးဟု သိရပါသည်။

ဝယ်လက်များသည် ဈေး ကွက် အပြောင်းအလဲ စောင့် ကြည့်နေသဖြင့် ကားဈေးကွက် အေးနေပြီး မေလနှင့်ဇွန်လတွင် ကားအရောင်းအဝယ် ပြန်လည်ကောင်းလာမည်ဟု ယာဉ်ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

7day daily

 

Local News Read 660 times