ဥရောပ နှင့် အရှေ့တောင်အာရှ စားအုန်းဆီ စစ်ပွဲ ဆက်လက်တင်းမာ


02 February, 2023

ဥရောပ နှင့် အရှေ့တောင်အာရှ စားအုန်းဆီ စစ်ပွဲ ဆက်လက်တင်းမာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဉရောပသမဂ္ဂ အီးယူ၏ သစ်တောပြုန်းတီးမှု စည်းမျဉ်းစည်းကမ်းကို ဆန့်ကျင်ရန် အရှေ့တောင်အာရှ နိုင်ငံများက အရှိန်မြှင့်နေသည်။

အရှေ့တောင် အာရှ အဓိက စားအုန်းဆီ ထုတ်လုပ်သည့် နိုင်ငံများသည် ဥရောပသမဂ္ဂ၏ အငြင်းပွားဖွယ် သစ်တောပြုန်းတီးမှု စည်းမျဉ်းကို လက်တုံ့ပြန်ကြမည်။

 

ကုန်သွယ်ရေးစစ်ပွဲ ပေါ်ထွက်လာနိုင်သည့် အခြေအနေဆီသို့ လျင်မြန်စွာ ကူးပြောင်းသွား‌ေနပါသည်။

ဥရောပသမဂ္ဂ (EU) ပါလီမန်သည် ၎င်း၏ ကာလရှည်ကြာ အခြေအတင် အငြင်းအခုံ ဖြစ်ခဲ့သော တောပြုန်းစေသည့် စားအုန်းဆီ တင်သွင်းမှု မပြုရန်လည်း အကျုံးဝင်သည့် သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်းကို ယမန်နှစ်က အတည်ပြုခဲ့သည်။

တစ်နှစ်နီးပါးအကြာ အချေအတင်ဆွေးနွေးအပြီး  ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး အတည်ပြုလိုက်ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ထုတ်လုပ်သူ နိုင်ငံအများအပြားမှ ကာလကြာရှည် ဆန့်ကျင်နေသော်လည်း ၎င်း၏ ရပ်တည်ချက်အပေါ် လိုက်လျောညီထွေဖြစ်အောင် ဖြေလျော့ပေးခြင်း မရှိသေးပါ။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ အထူးသဖြင့် စားအုန်းဆီကဲ့သို့သော ကုန်ပစ္စည်းထုတ်လုပ်သော နိုင်ငံများက  ပြင်းထန်သော ဆန့်ကျင်မှုများ ပြုလျက်ရှိပါသည်။

 

ကန့်ကွက်စာကို အီးယူထံ ၁၄ နိုင်ငံတို့က လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ကြသည်။

စားအုန်းဆီအပြင်  ပဲပိစပ်၊ ကိုကိုးနှင့် ကော်ဖီ စသည့်  ကုန်စည်မျိုးစုံတို့အတွက်လည်း အကျုံးဝင်သည့် ကန့်ကွက်စာ ဖြစ်ပါသည်။

 

အဆိုပါ နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဂါနာ၊ ဂွာတီမာလာ၊ အိုင်ဗရီကို့စ်၊ ပါရာဂွေး၊ ပီရူး၊ ဟွန်ဒူးရပ်စ်၊ ဘိုလီးဗီးယားနှင့် အီကွေဒေါတို့ ဖြစ်ပါသည်။

 

 

အာဆီယံဒေသရှိ ဆီအုန်းထုတ်လုပ်သောနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့က ကန့်ကွက်ကြပါသည်။

စားအုန်းဆီ ဟဲဗီးဝိတ် နှစ်နိုင်ငံဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် သစ်တောပြုန်းတီးမှု စည်းမျဉ်းကို ယခင်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆန့်ကျင်ခဲ့ကြပြီး တလေသံတည်း မဖြစ်ခဲ့ကြပါ။

မကြာသေးခင်က မလေးရှားတွင် ဝန်ကြီးချုပ်အသစ်တက်လာခဲ့ပြီး အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပြီးသည့်နောက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာခဲ့ပါသည်။

 

သစ်တောပြုန်းတီးမှု စည်းမျဉ်းများသည် အမျိုးသားအကျိုးစီးပွား အကာအကွယ်ပေးသည့် နိုင်ငံရေးအရ ကိရိယာတစ်ခုဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။

 

“ဒီစည်းမျဉ်းဟာ စားအုန်းဆီတင်သွင်းမှုကို ပိတ်ဆို့ဖို့ ရည်ရွယ်ပြီး အကာအကွယ်ပေးရေး ကြိုးပမ်းမှုဖြစ်ပြီး မလွဲမသွေ စွန့်လွှတ်ရမယ်" ဟု Indonesian Palm Oil Association အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI) ဥက္ကဋ္ဌ ဂျိုကို ဆူပရီယိုနိုက တရားဝင်ထုတ်ပြန်ချက်မှတစ်ဆင့် ပြောကြားခဲ့သည်။

 

"ဥရောပသမဂ္ဂသည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် စားအုန်းဆီ အမျိုးမျိုးတို့ကို  စျေးနှုန်းချိုသာပြီး ရေရှည်တည်တံ့မှု စံချိန်စံညွှန်းမြင့်မားစွာ ရရှိနိုင်ရန်နှင့် မရမဖြစ် လိုအပ်သော အစားအစာများ လက်လှမ်းမီသော ဈေးနှုန်းများဖြစ်ဖို့  သေချာစေရန်အတွက် ထုတ်လုပ်သည့်နိုင်ငံများနှင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်သည်။ လက်ရှိ စည်းမျဉ်းသည် ယင်းကိစ္စကို မအောင်မြင်ပါ။  အကယ်စင်စစ် စားအုန်းဆီ အမျိုးမျိုးတို့ အီးယူတွင် ဈေးတက်ဖို့သာ ဖြစ်လာလိမ့်မည်" ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

သစ်တောပြုန်းတီးမှု စည်းမျဉ်းအပေါ် တုံ့ပြန်မှုတွင် အထင်ရှားဆုံးမှာ နှစ်နိုင်ငံစလုံး၏ အစိုးရများသည် ကုန်ပစ္စည်းအပေါ်  အီးယူ၏ ပြင်းထန်သော အဆိုးမြင်မှုများကြောင့် အီးယူနှင့် စားအုန်းဆီ ကုန်သွယ်မှုကို ဖြတ်တောက်ရန် စဉ်းစားနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

 

“ရွေးစရာ နည်းလမ်းတစ်မျိုးက ကျွန်တော်တို့အတွက် အခက်အခဲတွေ ဆက်ရှိနေဦးမယ်ဆိုရင် ဥရောပကို စားအုန်းဆီ တင်ပို့တာကို ရပ်လိုက်ဖို့နဲ့ တခြားနိုင်ငံတွေဆီကို တင်ပို့ဖို့ကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်" ဟု မလေးရှား စိုက်ခင်းနှင့် ကုန်စည်ဒိုင် ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ် Datuk Seri Fadillah Yusof က ပြောကြားခဲ့သည်။

 

"စားအုန်းဆီဟာ စျေးအသက်သာဆုံးဖြင့် ရနိုင်သောဆီ ဖြစ်ပါတယ် အီးယူရဲ့  စဉ်ဆက်မပြတ်ပြောင်းလဲနေသော ဘောင်များဟာ ၎င်းတို့ရဲ့ ထုတ်ကုန်များကို ကာကွယ်ရန်အတွက် ကုန်သွယ်မှုအတားအဆီးတစ်ခုဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

"ဒီလိုမမျှတတဲ့ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ဖယ်ရှားတာ သေချာအောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) က ဝင်ပါ‌ေပးသင့်ပါတယ်" ဟု ၎င်းက တောင်းဆိုခဲ့သည်။

 

၎င်းအချက်ကို အင်ဒိုနီးရှားစီးပွားရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြည်တွင်းသတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပဲ့တင်ထပ်ခဲ့ပါသည်။

 

"အီးယူက စားအုန်းဆီနှင့် ပတ်သက်တဲ့ သဘောထား နှစ်ခုကို ပြသနေပါတယ်။ သူတို့က စားအုန်းဆီ ကုန်သွယ်မှုတွင် ခက်ခဲသွားအောင် ဖန်တီးဖို့  ကြိုးစားနေကြတယ်။ ဒါပေမဲ့  အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့မှုကို ရပ်တန့်လိုက်တဲ့အခါမှာ  အီးယူက စားအုန်းဆီကို လိုအပ်တာကြောင့် ရပ်တန့်တာကို မကျေမနပ် ပြောဆိုတယ်" ဟု Airlangga Hartarto က ပြောကြားသည်။

"အင်ဒိုနီးရှားဟာ အီးယူနဲ့ စားအုန်းဆီ ကုန်သွယ်မှုမှာ ဘာမှ လုပ်မပေးသင့်ပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

 

သစ်တောပြုန်းတီးမှု စည်းမျဥ်းကဲ့သို့သော သွင်းကုန်ကန့်သတ်ချက်များ နှင့် အာဆီယံမှ အခြား ပို့ကုန်ကန့်သတ်ချက်များသည် ဥရောပစီးပွားရေးလုပ်ငန်းများအဖို့ စရိတ်စကကို မြင့်မတက်အောင် ထိန်းထားရန် ရုန်းကန်ကြရမည်ဖြစ်ပြီး စားသုံးသူများသည် ဈေးနှုန်းတက်ခြင်းကို ကြုံတွေ့ရနိုင်သည်။

အီးယူသည် အခြားဆီ အမျိုးအစားများသို့ ပြောင်းနိုင်သော်လည်း စာရွက်ပေါ်တွင် ဖော်ပြထားသကဲ့သို့ လွယ်ကူရိုးရှင်းသည်မဟုတ်ချေ။ အပြောလွယ်ပြီး လက်တွေ့လုပ်ဖို့ ခက်ခဲပါသည်။

 

စားသုံးဆီအမျိုးမျိုးတို့အကြား ဈေးနှုန်းအတက်အကျ အချိတ်အဆက်များ ရှိနေကြသည်။ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ယူကရိန်းထံမှ နေကြာဆီ မရရှိသဖြင့် နေကြာဆီ ဈေးတက်သည်။ ထိုအခါ စားအုန်းဆီကလည်း ဈေးလိုက်တက်သည်။ အခြားစားသုံးဆီများလည်း ဈေးတက်ကုန်သည်။ 

သို့ဖြစ်ရာ ဉရောပသို့ အရှေ့တောင်အာရှမှ စားအုန်းဆီ တင်ပို့မှု ရပ်သွားလျှင် အခြားစားသုံးဆီများ ဈေးတက်မည်။ အီးယူအနေဖြင့် စားအုန်းဆီကို အစားထိုးရန် ဈေးသက်သာသော အခြားစားသုံးဆီ မရှိချေ။ သို့ဖြစ်ရာ စားသုံးဆီအမျိုးမျိုး ဈေးတက်မည်။ ထိုသို့ ဈေးတက်သည့်ဒဏ်ကို အီးယူမှ စားသုံးသူများ ခံစားကြရမည်ဟု ကျွမ်းကျင်သူတို့က ရူမြင်ကြပါသည်။

Source foodnavigatorasia

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Agriculture & Livestock Read 343 times