EPS လုပ်သား ၅ ဦး ဘဝအောင်မြင်မှုအတွက် တောင်ကိုရီးယား အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဆုချီးမြ


26 November, 2023

EPS လုပ်သား ၅ ဦး ဘဝအောင်မြင်မှုအတွက် တောင်ကိုရီးယား အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဆုချီးမြှင့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အလုပ်သမားရေးရာဝန်ကြီး Lee Jung-sik သည် နိုဝင်ဘာလ ၂၂ ရက်တွင် Novotel Ambassador Seoul Dongdaemun Hotels and Residences ၌ကျင်းပပြုလုပ်သော အခမ်းအနားတွင်  ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

“အောင်မြင်တဲ့ ဘဝဇာတ်လမ်းတွေ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကိုရီးယားမှာ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ သူတွေအတွက်ရော ကိုရီးယားကို ဝင်ရောက်ဖို့ မျှော်လင့်နေတဲ့ သူတွေအတွက် စံနမူနာကောင်းတွေ ဖြစ်ပါတယ်” ဟု အလုပ်သမား ဝန်ကြီး Lee Jung-sik က ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့သည်။

အလုပ်အကိုင် ပါမစ်စနစ် Employment Permit System EPS ဖြင့် ကိုရီးယားတွင် အလုပ်လုပ်ကိုင်ပြီးနောက် နေရပ်ပြန်ကြသော ပြည်ပ အလုပ်သမားများအား ၎င်းတို့၏ ဘဝအောင်မြင်မှုများကို မျှဝေရန် ဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ပါသည်။

ကိုရီးယားနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမား ဝန်ကြီးဌာနသည် Employment Permit System (EPS) အရ ကိုရီးယားတွင် အလုပ်လုပ်ကိုင်ပြီးနောက် ၎င်းတို့၏ နေရပ်နိုင်ငံသို့ ပြန်လည်ရောက်ရှိသော ပြည်ပ အလုပ်သမား ၁၅ ဦးကို ဖိတ်ကြားခဲ့သည်။
 
၎င်းတို့ထဲမှ ငါးဦးသည် တောင်ကိုရီးယားတွင် ရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများအပေါ် အခြေခံ၍ မိခင်နိုင်ငံတွင် ဘဝအောင်မြင်မှုများ ရရှိခဲ့ကြသဖြင့် ၎င်းတို့ကို  ဆုချီးမြှင့်ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

EPS သည် အာရှနိုင်ငံ ၁၆ နိုင်ငံမှ အလုပ်သမားများ အတွက် ရွှေ့ပြောင်းလုပ်သားအစီအစဉ်တစ်ခုဖြစ်သည်။
EPS တွင် အကျုံးဝင်သည့် အာရှ ၁၆ နိုင်ငံမှာ
• ဖိလစ်ပိုင်၊ 
• မွန်ဂိုလီးယား၊ 
• သီရိလင်္ကာ၊ 
• ဗီယက်နမ်၊ 
• ထိုင်း၊ 
• အင်ဒိုနီးရှား၊
• ဥဇဘက်ကစ္စတန်၊ 
• ပါကစ္စတန်၊ 
• ကမ္ဘောဒီးယား၊
• တရုတ်၊ 
• ဘင်္ဂလားဒေ့ရှ်၊ 
• ကာဂျစ္စတန်၊ 
• နီပေါ၊ 
• မြန်မာ၊ 
• အရှေ့တီမော
• လာအို
တို့ ဖြစ်ပါသည်။

EPS အစီအစဉ်အရ တောင်ကိုရီးယားတွင် E-9 nonprofessional employment visas တရားဝင် အလုပ်လုပ်ခွင့် ပေးအပ်ပါသည်။

အသေးစားနှင့် အလတ်စားကုမ္ပဏီများ၏ လုပ်သားအင်အား မလုံလောက်မှုကို ဖြေရှင်းရန်အတွက် ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သော EPS သည် နောက်နှစ်တွင် အနှစ် ၂၀ ပြည့်သည့် ကြွေရတု ဖြစ်ပါသည်။
ယခုအချိန်အထိ EPS ဖြင့် ကိုရီးယားသို့ လာရောက်လုပ်ကိုင်သည့် အလုပ်သမား ၉၄၀,၀၀၀ ခန့် ရှိပြီ ဖြစ်သည်။

အခမ်းအနားတွင် အလုပ်သမား ဝန်ကြီး Lee Jung-sik က ကိုရီးယားတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရေထွက်ပစ္စည်းကဏ္ဍတွင် လုပ်ကိုင်ခဲ့သော ဗီယက်နမ်အလုပ်သမား Vu Van Giap အား အမြင့်ဆုံးဆုအား ပေးအပ်ခဲ့သည်။  ၎င်းသည် ဇာတိနိုင်ငံသို့ ပြန်လာပြီးနောက် ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်လုပ်ကိုင်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပါသည်။

Vu Van Giap က သူသည် ဆင်းရဲတွင်းမှ လွတ်မြောက်ရန်အတွက် လမ်းစရှာနေချိန်တွင် EPS အကြောင်း သိခွင့်ရခဲ့သည်ဟု ဆိုသည်။

“ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ Test of Proficiency in Korean (TOPIK) ကို အောင်မြင်အောင် ကျွန်တော် အရမ်းကြိုးစားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကိုရီးယားကို ငါးဖမ်းလုပ်သားအဖြစ် ဝင်ရောက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့ ပထမဆုံး လုပ်ငန်းခွင်မှာ ရေဘဝဲတွေကို ဖမ်းဖို့ ငါးဖမ်းလှေပေါ်မှာ နေခဲ့ရပါတယ်။ အရမ်းအေးတယ်။ ကျွန်‌ေတာ့ လက်တွေ အေးခဲ‌ေနတယ်။ ခက်ခဲပေမဲ့ ဗီယက်နမ်မှာရှိတဲ့ ကျွန်တော့အမေနဲ့ အဖွားတို့ကို ထည့်စဉ်းစားပြီး သည်းညည်းခံခဲ့ပါတယ်”
တစ်နှစ်အကြာတွင် Vu Van Giap ကို ကမာမွေးမြူသည့် ကုမ္ပဏီတစ်ခုမှ အလုပ်ခန့်ခဲ့သည်။ သူက လူသုံးဦးကို အစားထိုးနိုင်သည့် ကမာသန့်စင်ဆေးသည့် စက်ကိရိယာကို တီထွင်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် နောက်ထပ် စက်များကို တီထွင်ခဲ့ပြီး သူ၏ အဆက်မပြတ် ကြိုးစားအားထုတ်မှု၏ ရလဒ်အဖြစ် အလုပ်ရှင်က သူ့လစာကို တိုးပေးခဲ့သည်။
“ကျနော့်မိဘတွေက အိမ်အသစ်ဆောက်တဲ့အပြင် မွေးရပ်မြေမှာ မြေဝယ်လို့ ရသွားတယ်” ဟု သူက ပြောသည်။
 
"ကျွန်‌ေတာ့အလုပ်ရှင် ကိုရီးယားလင်မယားက ကျွန်တော့ကို သူတို့ရဲ့မွေးစားသားလို ဆက်ဆံပြီး ကိုရီးယားနိုင်ငံသားဖြစ်ခွင့်ရအောင် ကူညီပေးခဲ့တယ်" ဟု ၎င်းက ပြောသည်။
“ဒါပေမဲ့ ကိုရီးယားနိုင်ငံသား မခံယူဘဲ ဗီယက်နမ်ကို ပြန်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကိုရီးယားမှာ ကျွန်တော် နေထိုင်တဲ့ကာလက သတ်မှတ်ချက် မပြည့်ဘူး။ လိုနေတယ်။ ကျွန်တော့ အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ နွေးထွေးတဲ့ နှလုံးသားကြောင့် ကိုရီးယားမှာ ဘဝမှာ တန်ဖိုးအရှိဆုံးအချိန်တွေ ရခဲ့တယ်"ဟု သူက ပြောသည်။

 ဗီယက်နမ်သို့ ပြန်ရောက်ပြီးနောက် စက်မှုလုပ်ငန်းသုံး စက်များကို အထူးပြု လုပ်ကိုင်သည့် ကိုရီးယားကုမ္ပဏီတစ်ခုက သူ့ကို အလုပ်ခန့်သည်။

ကိုရီးယားမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှု Human Resources Development Service of Korea က နေရပ်ပြန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြားခံအစီအစဉ်ဖြင့် ၎င်းအလုပ်အကိုင်ကို သူရရှိအောင်  ကူညီပေးခဲ့သည်။
ထိုကုမ္ပဏီတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အလုပ်လုပ်ပြီးနောက် အလုပ်ထွက်လိုက်ပြီးကိုယ်ပိုင်လုပ်ငန်းကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ စက်ရုံသုံး ကွန်ဗေယာခါးပတ်များနှင့် အခြားထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်သည်။
“စစချင်းမှာ ကျွန်တော့ကုမ္ပဏီမှာ အလုပ်သမား ငါးယောက်ပဲ ရှိတယ်။ နှစ်စဉ်ရောင်းအား ဒေါ်လာ ၁၂၀,၀၀ သာ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။ 
“တစ်နေ့ကို နှစ်နာရီကနေ သုံးနာရီလောက်ပဲ အိပ်ပြီး ပစ္စည်းနမူနာတွေ ဆက်ထုတ်တယ်။ လေးလလောက်ကြာတော့ အမှာစာတွေ တဟုန်ထိုးတိုးလာတာ တွေ့ရပါတယ်။ တည်ထောင်ပြီး ငါးနှစ်အကြာမှာတော့ ကျွန်တော့်ကုမ္ပဏီမှာ အလုပ်သမား ၃၀ ရှိပြီး တစ်နှစ်ကို ဒေါ်လာ ၆၂၀,၀၀၀ ဖိုး ရောင်းချနေပါတယ်”ဟု သူက ပြောပြသည်။
သူ့ကုမ္ပဏီသည် ဗီယက်နမ်ကုမ္ပဏီများနှင့်သာမက Samsung Electronics နှင့် LG Electronics ကဲ့သို့သော ထိပ်တန်း ကိုရီးယားကုမ္ပဏီများနှင့်လည်း မိတ်ဖက် ဖြစ်လာခဲ့သည်။

"ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနနဲ့ ကိုရီးယား လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်"ဟု သူက ဆိုသည်။
“ဗီယက်နမ်အလုပ်သမားတွေ ကိုရီးယားကို သွားပြီး အလုပ်လုပ်ကြမယ်။ ရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သူတို့ကိုယ်သူတို့  ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်ပါတယ်” ဟု သူက ပြောကြားသည်။

အခြားဆုရရှိသူ လေးဦးမှာ
• ကိုရီးယားနိုင်ငံ၌ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အလုပ်လုပ်ပြီးနောက် ၎င်း၏မွေးရပ်နိုင်ငံရှိ ထိပ်တန်းကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာဖြစ်လာသော အင်ဒိုနီးရှားနိုင်ငံမှ Kasno
• ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ကိုရီးယားတွင် အလုပ်လုပ်ပြီးနောက် မိခင်နိုင်ငံ ကမ္ဘောဒီးယားမှာ ကိုရီးယားဘာသာစကား သင်ပြသူ ဖြစ်လာခဲ့သည့် Soun Vireak 
• ကိုရီးယားတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အလုပ်လုပ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ Sorsogon မြို့တော်၏ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ Avon Domalaon 
• ကိုရီးယားတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အလုပ်လုပ်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူ သီရိလင်္ကာမှ Sampath 
တို့ ဖြစ်ပါသည်။

Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 199 times