၂၀၂၂ ခုနှစ် ပထမနှစ်ဝက်   မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှုများ အပြင်းအထန် ကြုံတွေ့နေရကြောင်း


02 August, 2022

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်   မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှုများ အပြင်းအထန် ကြုံတွေ့နေရကြောင်း ILO ခန့်မှန်း ချက်အသစ်များက ဖော်ပြ


အလုပ်အကိုင် အရည်အသွေးများ ပိုမို ဆိုးရွားစွာ ကျဆင်းလာလျက်ရှိပြီး ကုန်ထုတ် စွမ်းအားများ ပိုမိုကျုံ့ဆင်းလာကာ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်များထက် သိသိသာသာ အဆင့် နိမ်ကျလျက် ရှိနေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်  အာဏာသိမ်းပြီး ၁၈ လအကြာနှင့်  နှစ်နှစ်ခွဲကြာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားပြီးနောက်တွင် မြန်မာနိုင်ငံသည် ပြင်းထန်သော အလုပ်လက်မဲ့ ဆုံးရှုံးမှုဒဏ်ကို နက်ရှိုင်းစွာ ခံစားနေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် International Labour Organization (ILO)မှ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သော ခန့်မှန်းချက်အသစ်အရ သိရသည်။

 

ILO က ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အမျိုးသမီး နှင့် အမျိုးသား စုစုပေါင်း အလုပ်အကိုင် ၁.၁သန်း နည်းပါးကြောင်း ခန့်မှန်းထားသည်။
၂၀၂၂  ခုနှစ် ပထမနှစ်ဝက်တွင် အလုပ်အကိုင် အနည်းငယ် ပြန်လည် ကောင်းမွန်လာကြောင်း၊   သို့သော်လည်း အလုပ်အကိုင် အရည်အသွေး ကျဆင်းနေသည်မှာ ၂၀၂၀ခုနှစ် အလုပ်အကိုင် အဆင့်အတန်းအောက်သို့  သိသိသာသာ နိမ့်ကျနေဆဲ ဖြစ်သည်။  အမျိုးသမီးများသည် အမျိုးသားများထက် အဖက်ဖက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိပါသည်။

 

လုပ်သားတို့၏ ကုန်ထုတ်စွမ်းအားသည် ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်း ကျဆင်းသွားကာ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် ၂ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ အာဏာသိမ်းယူမှု မတိုင်မီ နှစ်များက ရရှိခဲ့သည့် ခိုင်မာသော တိုးတက်မှု များကို ပြောင်းပြန်ဖြစ်စေခဲ့ပါသည်။

အိုင်အယ်(လ်)အို၏ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာကော်မတီ ILO Committee on Freedom of Association၏ ဆုံးဖြတ်ချက်များ၊ အိုင်အယ်(လ်)အို အုပ်ချုပ်ရေးအဖွဲ့ILO Governing Body နှင့် ၂၀၂၁ ခုနှစ်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ International Labour Conference Resolution of 2021 ၏ ဆုံးဖြတ်ချက်များတွင် ရည်ညွှန်း ဖော်ပြထားသည့်အတိုင်း၊ အလုပ်သမား အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှသည့် အလုပ်အကိုင် အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရလျက်ရှိပါသည်။

ယင်းအခြေအနေသည် အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက် နစ်နာစေခဲ့ပါသည်။ 

အထည်ချုပ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေက ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း သို့မဟုတ် နေ့စားအလုပ် လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်များ ပုံမှန်မဟုတ်ခြင်းနှင့် အလုပ်သမားများအဖို့ နည်းပါးသည့် လုပ်အားခကိုသာ ရရှိနေသည့် အနေအထားများ ပိုမိုဖြစ်ပေါ်နေကြောင်း ဖော်ပြနေပါသည်။ 
အလုပ်သမားများ အလုပ်အကိုင် ရပ်စဲခံရသောအခါတွင် ပေးဆောင်ရမည့် အလုပ်ထုတ်နစ်နာကြေးကဲ့သို့သော အကျိုးခံစားခွင့်များ မပေးဆောင်သည့် အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိကြောင်း အိုင်အယ်(လ်)အို၏ လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။

မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်က အာဏာသိမ်းယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှု လက္ခဏာတွေ ရှိနေပေမဲ့ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင် အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်း စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါသည်။

#MyanmarIndustriesGuide 
Telegram Channel  https://t.me/Guid4U
Source:ILO
 

MIG

Labour Affairs Read 411 times